Tuesday 13 March 2012

ပြီးခဲ့တဲ့ ဆယ်စုနှစ်

(၁)

လူတွေရဲ့ နှလုံးသားမှာ ထင်ရှားခဲ့တဲ့
လက်ရေးအတ္ထုပ္ပတ္တိတစ်ခုဟာ
သုညလေးတစ်လုံးကိုဆုပ်ကိုင် လို့
နိဂုံးချုပ်ခဲ့ပါပြီ။

အဲဒီအတ္ထုပ္ပတ္တိကို
ပုံနှိပ်ထုတ်ဝေဖို့ဖြစ်လာတဲ့အခါ
ဘယ်လိုနာမည်ပေးရမလဲ။

ခင်ဗျားက အောင်မြေနင်းနိုင်ခဲ့သော အနုပညာရှင်၊
လူငယ်တွေရဲ့ အမှတ်တံဆိပ်၊
လူကြီးတစ်ချို့ ရဲ့ မျှော်လင့်ချက်၊
ဒီတိုင်းပြည်အတွက်လည်း အရေးကြီးတဲ့ လူတစ်ယောက်ပါ။

ဒီလိုနဲ့ ...
ဝဋ်ကြွေးရှိခဲ့တဲ့အတိုင်း
ခေတ်ကာလကို ဖျော်ဖြေခဲ့တယ်။
သေသူတွေရဲ့ အရိုးကိုကြည့်ဖို့
ရှင်သူတွေကို ခင်ဗျားတပ်လှန့်ခဲ့တယ်။
၁၃ နံပါတ်တွေအကြောင်းပြောပြီး
ကျွန်တော်တို့ ရယ်သွမ်းခဲ့ကြတယ်။
မဂ္ဂဇင်းတစ်စောင်က
“ယုံကြည်ချက်နဲ့ ဆက်တဲ့ မျိုးဆက်” ဆိုတော့
ခင်ဗျားပြုံးလိုက်တာကို ကျွန်တော်မှတ်မိနေရဲ့ ။

(၂)

ကိုယ့်ကိုထိပါးစော်ကားလာရင်
ဘယ်ပညာရှိကြီးပဲဖြစ်ဖြစ် ...
ဘယ်လောက်အင်အားများများ ...
ဆတ်ဆတ်ထိမခံ တုံ့ပြန်တတ်တဲ့အကျင့်က
ခင်ဗျားရဲ့ မူပိုင်ပဲ။

ချွန်မြိနေတဲ့စဉ်းစားမှုတွေ နဲ့
ခေါင်းမာခဲ့တာတွေလည်းရှိမယ်။
သိမ်မွေ့ နက်ရှိုင်းတဲ့နှလုံးသားနဲ့
ဝမ်းနည်းနာကျင်စရာတွေလည်းရှိမယ်။

ပုထုဇဉ်ပီပီ သာမန်လူတစ်ယောက်လို
အရက်သောက်တယ်
အိမ်ထောင်ရေးမအောင်မြင်ဘူး။

အဲဒီလှပတဲ့ ရှုံးနိမ့်မှုမှာတော့
ခင်ဗျားက ကဗျာမဆန်ဘဲ
လူသားဆန်ခဲ့ပြန်တယ်။

(၃)

ဒဏ်ရာတွေကြားထဲကနေ
အနုပညာမှော်အတတ်နဲ့
ခင်ဗျားမျှော်မှန်းထားတဲ့လူ့ ဘောင်ကို
သဲလွန်စပေးခဲ့ပြီးပြီ။

ရဲရင့်သူတို့ဝိညာဉ်မှာ
ခင်ဗျားနာမည်က “ဟိန်း” နေပါလိမ့်မယ်။

အခုလို ..
သမိုင်းဝင်တန်ဖိုးတစ်ခု ကျကွဲသွားတာ
ကံ့ကော်မြေရဲ့ ၀မ်းနည်းမှတ်တမ်းပဲ
ကျွန်တော်တို့ရဲ့ လွမ်းသူ့ ပန်းခွေပဲ။

ခင်ဗျားမရှိတော့မှ
အမှတ်တရများစွာကို
အနက်အဓိပ္ပါယ်ဖော်ကြည့်မိပေါ့။

ရန်သူကတောင် အသိအမှတ်ပြုရတဲ့အထိ
စွမ်းဆောင်နိုင်ခဲ့သူ၊
ဘယ်အရာမှာမဆို
 အရှင်သခင်စိတ်နဲ့ နေထိုင်သူ၊
လုပ်ချင်တာကိုသာ လုပ်ခဲ့သူ၊
မလုပ်ချင်တာကို မလုပ်ဘဲနေရဲသူ ...

အစွန်းအထင်းများခဲ့တဲ့ ကိုယ်ရေးရာဇ၀င်တစ်ခုဟာ
သေမင်းနဲ့ စစ်တုရင်ကစားရန်
ကိုယ်ပိုင်အလံလွှင့်ထူလို့
 ထွက်ခွာသွားခဲ့ပြီ။ ။

(အစ်ကို .. ကဗျာဆရာ၊ စာရေးဆရာ တာရာမင်းဝေသို့)
 | ဝေမှူးသွင် |
၂၀၀၇၊ စက်တင်ဘာ

No comments:

Post a Comment