Wednesday 28 March 2012

ကျွန်တော်နှင့်ပေဖူးလွှာမဂ္ဂဇင်းအင်တာဗျူး ( 2010 - August )





၁။ စာရေးတယ်ဆိုတာ အနုပညာလား၊ အတတ်ပညာလား...ဆရာအနေနဲ့ဘယ်လိုထင်မြင်ပါသလဲ။

          တကယ်တော့ စာရေးတယ်ဆိုတာ အတတ်ပညာနဲ့ အနုပညာကို အချိုးအစားညီစွာပေါင်းစပ်ထားတာပဲ ။
ဘယ်စာရေးသူမဆို စာရေးသက်နုစဉ်အစပိုင်းကာလတွေမှာ အနုပညာပါရမီကိုအားကိုးပြီး ရေးသားဖန်တီးလေ့
ရှိကြတယ် ။ တွင်းထွက်ဆိုတဲ့သဘောက ရေရှည်မှာ ကုန်ခမ်းသွားတတ်တာကြောင့် တစ်ဘ၀လုံး
စာရေးဖို့အတွက်ကျတော့ ၀မ်းစာကအရေးကြီးလာပြီ ။ အတတ်ပညာလည်းပါလာရပြီပေါ့ ။
ပါရမီသက်ကုန်သွားတဲ့အခါ ပညာသက်နဲ့ဆက်တက်ရမယ် ။

၂။ ဆရာဇော်ဂျီက “စာကောင်းရေးချင်ရင် စိတ်ကောင်းမွေးရမယ်” လို့ ဆုံးမတာ ဖတ်ဖူးပါတယ်။ 
ဒါနဲ့ပတ်သက်လို့ ဆရာ့အမြင်ကို ပြောပါ။

       ဆရာဇော်ဂျီပြောတာမှန်ပါတယ်။ဒါပေမဲ့ရိုးရိုးစိတ်ကောင်းရှိရုံနဲ့မပြီးသေးဘူး။စိတ်ကောင်းဆိုရာမှာ
အမှန်တရားကိုလည်း ချစ်တတ်ရမယ်။ ကိုယ်နဲ့ အတွေးအမြင် အယူအဆမတူညီ သူတွေကိုလည်း
သဘောထားကြီးပေးနိုင်ရမယ်။ အများပြည်သူအတွက် တရားမျှတတဲ့ဘက်က ရပ်တည်ပေးရဲရမယ်။
သူရဲကောင်းတိုင်းကို (ရန်သူ၊ မိတ်ဆွေမရွေး) လေးစားတတ်ရမယ်။ မိမိရဲ့အတ္တစိတ်ကြောင့်ဖြစ်လာတဲ့
ဘယ်လိုအဓမ္မမှုကိုမဆို ရှက်တတ်ရမယ်။ ဒါတွေဟာ စိတ် ကောင်းနှလုံးကောင်းရှိသူတွေရဲ့
ယဉ်ကျေးတဲ့အပြုအမူတွေပဲ မဟုတ်လား။ ဒါမှလည်း စာကောင်းတွေ ရေးနိုင်မှာပေါ့။ ကျွန်တော်ကတော့
ဆရာဇော်ဂျီရဲ့စကားကို အဲဒီလိုပဲ သုံးသပ်မိပါတယ်။


၃။ လူတိုင်းဘာဖြစ်လို့ စာရေးဆရာမဖြစ်နိုင်ကြတာလဲ။ လူမှာဗီဇနဲ့ ပတ်ဝန်းကျင်... ဘယ်ဟာက 
ပိုအရေးကြီးပါသလဲ။

လူတိုင်းမဖြစ်တာ စာရေးဆရာမှမဟုတ်ဘူး။ နာမည်ကျော် မင်းသား၊ မင်းသမီး၊ အဆိုတော်တွေ၊ ၀န်ကြီးချုပ်၊
သမ္မတ....စသဖြင့် နိုင်ငံရေးခေါင်းဆောင်တွေ၊ ကမ္ဘာအဆင့်အားကစားသမားတွေ၊ သိပ္ပံပညာရှင်တွေ၊
(GM)အဆင့် စစ်တုရင်သမားတွေ....အစရှိတာတွေလည်း လူတိုင်းမဖြစ်နိုင်ပါ။ လူတစ်ယောက်မှာ
နိမ့်ကျတဲ့ဘ၀ပဲဖြစ်ဖြစ်၊ မြင့်မားတဲ့ဘ၀ပဲဖြစ်ဖြစ် ရှိလာခဲ့ပြီဆိုရင် အဲဒီလူရဲ့ ပင်ကိုယ်ဗီဇကြောင့်ရော
ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုကြောင့်ပါ နှစ်မျိုးစလုံးနဲ့ဆိုင်ပါတယ်။ တချို့လူတွေအတွက် ပင်ကိုယ်ဗီဇ
ရာခိုင်နှုန်းများပြီး တချို့လူတွေအတွက်တော့ ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုက ပိုမိုရာခိုင်နှုန်းများနေတတ်ပါတယ်။
ဒါပဲကွာခြားတယ်လို့ ကျွန်တော်ထင်ပါတယ်။

၎။ စာရေးဆရာတွေဟာ ရည်ရွယ်ချက်မျိုးစုံနဲ့ စာရေးတတ်ကြတယ်။ ဆရာအနေနဲ့ရော 
ဘယ်လိုရည်ရွယ်ချက်တွေနဲ့ စာရေးပါသလဲ။

   စာရေးသူတွေဟာ ရည်ရွက်ချက်အမျိုးမျိုးနဲ့ စာရေးတတ်ကြပါတယ်။ တချို့က လူထုကို
သူတို့ရဲ့အတွေးအခေါ်သစ်တွေ၊ အယူအဆသစ်တွေကို ဖြန့်ဝေချင်လို့ (တစ်နည်း) message ပေးချင်လို့၊
တချို့က အောင်မြင်ကျော်ကြားချင်လို့၊ တချို့က ပိုက်ဆံလိုချင်လို့၊ တချို့က လူတွေကို သူတို့ ဘယ်လောက်
တတ်ကြောင်း၊ ဘယ်လိုတော်ကြောင်းတွေပြောပြီး သူတို့ရဲ့ သြဇာကိုထူထောင်ချင်လို့၊ တချို့ကလည်း သူတို့ရဲ့
အနုပညာအရည်အသွေးကို ပြသချင်လို့....(စသဖြင့်) မျိုးစုံရှိကြပါတယ်။ ကျွန်တော်အနေနဲ့ကတော့
ရိုးသားစွာပြောရရင် ဇာတ်ကြောင်းပါတဲ့ ပုံဝတ္ထုလေးတွေပြောပြပြီး ဖျော်ဖြေမှုပေးချင်လို့ရယ်၊ ကျွန်တော်ရဲ့
စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့ ငွေစကြေးစလေးတွေရချင်တာရယ်၊ စာဖတ်သူတွေကို အသိဥာဏ်နဲ့ယှဉ်တဲ့
လွတ်လပ်မှုမျိုးကို တည်ဆောက် ကြစေချင်တာရယ်ကြောင့် စာတွေရေးဖြစ်နေတာပါ။ အဲ....တစ်ခါတလေ
ဘယ်လိုမှမရေးဘဲ မနေနိုင်လို့ အပျင်းပြေ လျှောက်ရေးမိတာတွေလည်း ပါတာပေါ့ လေ။

 ၅။ စာအုပ်စာပေဟာ တစ်လူတစ်ယောက်ရဲ့ဘ၀ကို ပြောင်းလဲနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ တကယ်လို့ရှိခဲ့ရင် ပြောပြပေးပါ။

  စာအုပ်စာပေဟာ လူတစ်ယောက်ရဲ့ ဘ၀ကို ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာ
တက်ကျမ်းစာအုပ်တွေမှာ ပါလေ့ရှိတဲ့ အတွေးအခေါ်မျိုးပဲ။ စာအုပ်တစ်အုပ်ကြောင့် လူတစ်ယောက်ရဲ့
ဘ၀ပြောင်းလဲသွားနိုင်တယ်ဆိုတာ ဟုတ်ပါ့မလား။ ကျွန်တော်ကတော့ လူတစ်ယောက်မှာ
အသိဥာဏ်ကသာ ပိုအရေးကြီးတယ်လို့ ထင်တယ်။ တကယ်လို့ စာအုပ်တစ်အုပ်ကြောင့်
လူတစ်ယောက်ရဲ့ဘ၀ ပြောင်းလဲသွားခဲ့တယ်ဆိုရင်လည်း အဲဒီလူရဲ့ စုပ်ယူမှတ်သားနိုင်တဲ့
အင်အားကြီးမားမှုနဲ့ သိမှုကို ချဲ့ထွင်နိုင်တဲ့ စွမ်းရည်မြင့်မားမှုကြောင့်ပါပဲ။

 ၆။ စာကြီ။ပေကြီးနဲ့ စာကောင်းပေမွန် ဘယ်လိုကွဲပြားမှု ရှိပါသလဲ။ ပြီးတော့ ဘယ်ဟာက 
ပိုပြီးတန်ဖိုးရှိစေပါသလဲ။

စာကြီးပေကြီးဆိုတာ လူတွေကိုဗဟုသုတတွေ အများကြီးပေးဖို့ နှုတ်ခမ်းမွှေးကားကားနဲ့
ဥပဓိရုပ်ခန့်ခန့်ထည်ထည် ရှိတဲ့စာအုပ်ကြီးတွေပေါ့။ စာကောင်းပေမွန်ဆိုတာကတော့ အနှစ်သာရအားဖြင့်
လူတွေစိတ်ကောင်းနှလုံးကောင်း ရှိလာအောင်မွန်မြတ်တဲ့ ရည်ရွယ်ချက်မျိုးရှိတဲ့ လမ်းညွှန်စာအုပ်မျိုးပါပဲ။
အဲဒီ နှစ်မျိုးစလုံးဟာ အရေးကြီးတဲ့ တန်ဖိုးကိုယ်စီရှိကြပါတယ်။ ဒါကို ကျွန်တော်က အဲဒီနှစ်ခုမှာ တစ်ခုခုက
တန်ဖိုးပိုရှိတယ်လို့ ဆုံးဖြတ်ရလောက်အောင်တော့ မမိုက်မဲသေးပါဘူး။


၇။ အမျိုးသားရေးစိတ်ဓာတ်ဆိုတာ ဘာကိုခေါ်တာပါလဲ။ ရှင်းပြပေးပါ

 ခင်ဗျားပြောတဲ့ အမျိုးသားရေး စိတ်ဓာတ်ဆိုတာ တိုင်းပြည်နဲ့ လူမျိုးရဲ့အကျိုးစီးပွားကို လိုလားတဲ့
မျိုးချစ်စိတ်ဓာတ်လို့ပဲ ကျွန်တော် နားလည်မိပါတယ်။ မျိုးချစ်စိတ်ဓာတ်ဆိုတာ သိပ်အရေးကြီးတာပေါ့။
ကမ္ဘာပေါ်မှာ ရှိရှိသမျှ နိုင်ငံတိုင်းမှာပေါ်လစီအားဖြင့် သူတို့ရဲ့ အမျိုးဘာသာ၊ သာသနာ ကို
ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာမျိုး ရှိကြတာချည်းပဲ။ ကျွန်တော့်အနေနဲ့လည်း တိုင်းပြည်က
လူငယ်တွေကို မျိုးချစ်စိတ်ရှိစေချင်ပါတယ်။ မျိုးချစ်စိတ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ
အိုဘားမားပြောတဲ့စကားတစ်ခွန်းကို ကျွန်တော်သဘောကျမိတယ်။ အခုကျွန်တော်က အဲဒါကိုပဲ
ကျွန်တော်လက်ခံ ထားတဲ့ ခံယူချက်အနေနဲ့ တဆင့်ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။ အိုဘားမားက
ဘယ်လိုပြောသလဲဆိုတော့ “မျိုးချစ်စိတ်ဆိုတာကို တစ်ခုတည်းသော  တိုင်းပြည်၊ 
တစ်ယောက်တည်းသော ခေါင်းဆောင်၊ တစ်မျိုးတည်းသော မူဝါဒ အပေါ်မှာ သစ္စာစောင့်သိရမယ်ဆိုတဲ့ 
အဓိပာယ်မျိုးဖွင့်ဆိုလို့မရပါဘူး...”တဲ့။ သူဆိုလိုတဲ့နောက်ဆက်တွဲအဓိပာယ်က အရမ်းကျယ်ဝန်းတယ်။
ငါ့နိုင်ငံ၊ ငါ့လူမျိုးဆိုတာတွေကို ကျော်လွန်ပြီး ကမ္ဘာ့လူသားမျိုးနွယ်ဆိုတဲ့အဆင့်အထိ ပြောသွားတာ...ဒါဟာ
သူ့ရဲ့ ကျယ်ပြန့်တဲ့ ဥာဏ်အမြင်ကို ပြသရာလည်းရောက်ပါတယ်။

 ၈။ အမျိုးသားရေးနဲ့ နိုင်ငံရေး ဘယ်လိုကွာခြားသလဲ။ ဆရာက နိုင်ငံရေးစိတ်ရှိသူလား။

 အမျိုးသားရေးနဲ့နိုင်ငံရေးဟာ တူသလိုနဲ့မတူဘူး။ မတူသလိုနဲ့လည်း တူနေပြန်တယ်။ အမျိုးသားရေးက
သပ်သပ်၊ နိုင်ငံရေးက သပ်သပ် ခွဲခြားပြီးပြောဖို့ ခက်လှပါတယ်။ အခုနောက်ပိုင်းမှာ အဲဒီနှစ်ခုကိုတွဲပြီး
အမျိုးသားနိုင်ငံရေး (National Politics) လို့ ပြောလာကြတယ်။ အမျိုးသားနိုင်ငံရေး ဆိုတာ ရိုးရိုးနိုင်ငံရေးသမား(Politician) တွေထက် တစ်ဆင့်ပိုမြင့်တဲ့ နိုင်ငံပြု သုခမိန် (Statesman) တွေကသာ လုပ်တာလို့ ပြောနိုင်တယ်။တပြိုင်တည်းမှာပဲ ဟစ်တလာလို အာဏာရှင်တွေကလည်း
 သူတို့ကိုယ်သူတို့အမျိုးသားနိုင်ငံရေးလို့ ကြွေးကျော်ကြတာပဲ။ တချို့နိုင်ငံတွေမှာ အမျိုးသားရေးဆိုပြီး
လူနည်းစုအခွင့်အရေးတွေ၊ အကျိုးစီးပွားတွေကို ဖိနှိပ်ခံနေရတာမျိုးတွေ ရှိတယ်။
ကျွန်တော်တို့ နိုင်ငံဟာလည်း တိုင်းရင်းသား လူမျိုး ပေါင်းစုံ စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံဆိုတော့
ဒါမျိုးတွေမဖြစ်အောင် အထူးသတိချပ်ဖို့လိုပါတယ်။ အမျိုးသားရေးလို့ ကြွေးကျော်ပြီး အမြင်ကျဉ်း
အမျိုးသားရေးဝါဒီ (Narrow Nationalism) ဖြစ်သွားတတ်တာမျိုးလည်း ရှိတယ်။
ကျွန်တော်ပြောချင်တာက နိုင်ငံရေးကို အမြင်ကျယ်ကျယ်နဲ့ လုပ်ဖို့လိုတယ်။ နိုင်ငံရေးစိတ်က ကျွန်တော်မှ
မဟုတ်ဘူး။ မြန်မာနိုင်ငံသား အားလုံး နိုင်ငံရေးစိတ်ရှိရမှာ....။ နိုင်ငံရေးဆိုတာ
တိုင်းပြည်တစ်ပြည်ရဲ့အဆင့်အမြင့်ဆုံး အဆောက်အအုံပဲ။ ဒါကိုကောင်းအောင် လုပ်ဖို့ ပြည်သူတစ်ရပ်လုံးမှာ
တာဝန်ရှိတယ်ဆိုတာ သိစေချင်တယ်။

၉။ အာဏာ၊ အသပြာ၊ သြဇာ....သုံးခုထဲက နှစ်သက်ရာတစ်ခုကို ရွေးချယ်ပေးပါ။

  ဒီကနေ့ လူ့အဖွဲ့အစည်းမှာ အာဏာ၊ အသပြာ၊ သြဇာ....သုံးခုစလုံးဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်စုဖွဲ့ထားတဲ့
ကွန်ယက်တွေပဲ။ အဲဒီ သုံးမျိုးစလုံးဟာ ပါဝါ(Power) ကို ဖြစ်ပေါ်စေတယ်။ ကျွန်တော့်အနေနဲ့ကတော့
ပါဝါရှိတာကို သဘောကျပါတယ်။

၁၀။ ဆရာကွယ်လွန်သွားတဲ့အခါ နာမည်တစ်လုံး ကျန်ရစ်ခဲ့ဖို့ ဘာတွေလုပ်ဆောင်ခဲ့မလဲ။

  နာမည်တစ်လုံးကျန်ရစ်ခဲ့ဖို့ဆိုတာ ရည်ရွယ်ချက်တစ်စုံတစ်ရာနဲ့ လုပ်လို့ရပါ့မလားလို့ ကျွန်တော်
သံသယရှိတယ်။ လူတစ်ယောက် အသက်ရှင်နေစဉ် ကာလမှာ ပြုမူလုပ်ဆောင်ခဲ့တဲ့အရာတွေဟာ
သူကွယ်လွန်သွားတဲ့အခါ သူ့သမိုင်း ဖြစ်လာတာပဲ။ ကောင်းသောသမိုင်းနဲ့ မကောင်းသော
သမိုင်းဆိုတာတော့ ကွာပါလိမ့်မယ်။ ဒါပေမယ့် သမိုင်းဆိုတာ ဘယ်တော့မှ လက်ငင်းရေးလို့ မရပါဘူး။    ။

No comments:

Post a Comment