Tuesday 13 March 2012

နိုဝင်ဘာဆံရှည်မလေး နှင့် နတ်ဖွက်ထားတဲ့ မီးတောင်တစ်လုံးအကြောင်း

နံနက်ခင်းရဲ့  အဖွင့်မှာ
အလွမ်းတွေကစီရရီပွင့်တယ်။

အိုး…
ငါ့တစ်ကိုယ်လုံးလည်း
ပွင့်ချပ်လေးတစ်ဖတ်လို
လတ်ဆတ်ပေါ့ပါးနေပါပေါ့။
ငါရဲရင့်ခဲ့ပါကြောင်း
ဒါဟာအသံသစ်လည်းဖြစ်တယ်။
အိမ်ကိုငေးတဲ့အိမ်ပြေးလည်းဖြစ်တယ်။
ပြီးတော့
နိုဝင်ဘာလည်းဖြစ်ခဲ့တယ်။


ရင်ခွင်ကိုလွှဲလို့
အလင်းအားကိုငေးကြည့်မိ၊
ငါ့သက်တမ်းမှာ
ဆေးပေါ့လိပ်တိုတာရယ်
ကဗျာရေးတာရယ်
အော်ကျယ်၊ အော်ကျယ်လုပ်တာရယ်ကလွဲပြီး
ဘာများထွန်းကားခဲ့လို့လဲ။
ချစ်ခြင်းတရားနဲ့
အဆင်မပြေမှုတစ်ခုကြားမှာ
ငါရရှိခဲ့တာအနုပညာတစ်ခုထဲပါ။

တိမ်တစ်အုပ်က
တောင်တန်းနောက်ကိုတရိပ်ရိပ်နဲ့
နိမ့်ဆင်းသွား၊
ဝေးကြပြီဆိုတဲ့အသိနဲ့
အကြာကြီးငါစဉ်းစားနေခဲ့တယ်။
ဒါတွေဟာ ငါ့အဖြစ်
ငါ့ကဗျာတွေအဖြစ်
လင်းပွင့်မှုရဲ့  သီးသန့်နယ်နိမိတ်မှာ
ခွင့်ပြုပါတော့ နိုဝင်ဘာ ……….။

ငါကတော့
အသက်ရှင်နေထိုင်ခြင်းနဲ့
ကဗျာတွေကိုဆတူရူးသွပ်သူ၊
နိုဝင်ဘာဆံရှည်မလေးကို
ဘာမသိ၊ ညာမသိနဲ့ ချစ်မိခဲ့သူ၊
မယုံကြည်မှုများ၏
အခွင့်အရေးပေးခြင်းခံရသူ၊
ကြီးကျယ်ခမ်းနားမှုတွေ
စိတ်ပျက်၊ လက်ပျက်ပြိုဆင်းသွားရလောက်အောင်
ခေါင်းမာတတ်ခဲ့သူ၊
ငါ့ခန္ဓာကိုယ်တစ်ခုလုံးလည်း
စကားလုံးများဖူးပွင့်ကြ၊
အားအင်အပြည့်နဲ့ လန်းဆန်းကြ။

ဒီလိုပဲပေါ့ ……
ဘ၀တစ်ခုချင်းစီမှာလည်း
ဖုန်ထူတဲ့ကမ်းခြေတစ်ခုစီရှိကြစမြဲ။
ငါ့အိပ်မက်တွေ
ငါ့သမိုင်း………
နက်နက်ရှိုင်းရှိုင်းဖြစ်စေဖို့လည်း
ငါမရည်ရွယ်ခဲ့ပါဘူး။

အစစ်တရားကိုယ်၌က
မှုန်ဝါးလွန်းရဲ့ ကွယ်။
အသံကျယ်ကျယ်နဲ့ ငါအော်ပစ်ခဲ့၊
“ထင်ရာမြင်ရာလျှောက်မပြောကြေး”
အင်း
ဒါလည်းဖြစ်မယ်မထင်မိ၊
ဆိုလိုရင်းကမသဲကွဲ၊
အမှန်တရားကတော့
ပကတိသုညမျှသာ။

ဆောင်းခေတ်ကြီးတလျှောက်လုံးမှာ
ညနေတွေမှောင်တယ်။
အညိုရောင်တိမ်တိုက်များ
လေနှင့်အတူရွေ့ လျား၊
ရနံ့လေးတွေလည်း
မဆန်းသစ်တော့ပါ။

ငါ့ရဲ့ နိုဝင်ဘာဆံရှည်မလေးရေ …….
နှုတ်ခမ်းစိုရဲရဲနဲ့
ပါးကွက်ကြားလေးကိုပဲလွမ်းတယ်။
ဒါပဲအစ
ဒါပဲအလယ်
ဒါပဲအဆုံး
တစ်ပုဒ်လုံးဟာဒီစာလုံးတစ်လုံးတည်းပါပဲ။

မသိစိတ်ရဲ့မျှခြေများ၊
မှောင်တစ်ဝက် လင်းတစ်ဝက်ညဆည်းဆာ၊
ရုပ်ဝတ္ထုတွေ အပြည့်နဲ့အာကာသ၊
ငါ့ရင်ဟာ
အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ …….။
ငါရူးမိပါတယ် နိုဝင်ဘာရယ်
ငါရူးမိပါတယ်။
သီချင်းအသစ်တွေနဲ့ လုံးထွေး
ခံတွင်းရှင်းမိပြန်ပေါ့။

အဲဒီ…….
မင်းရဲ့ ရယ်မောအချိုဖွဲ့ပုံလေးကပဲ
ငါ့ရင်ထဲကိုတိုက်ရိုက်ရောက်ခဲ့ပါတယ်။

ဒီရာသီမှာ
ထူးဆန်းတဲ့ အာဟာရတွေမရှိ၊
ကဖီးအနီထဲက
အပုပ်အသိုးဝမ်းစာတွေမရှိ၊
ကမ္ဘာကြီးရဲ့ 
အဖျားဒီဂရီ ၁၀၈ လည်းမရှိ၊
ဟေရာကလိုက်(ခ)တပ်မြစ်ရေသောက်တဲ့
သံယောဇဉ် ခရီးသွားတစ်ယောက်တော့ရှိတယ်။

အချိန်တွေ ကြာလာရင် သံသရာစက်ဝန်းများကို
မေ့ပစ်၊
ပစ္စုပ္ပန်တစ်ခုပဲအရသာရှိချင်တာလည်း
မေ့ပစ်၊
ဇိမ်ရှိရှိ၊ စတိုင်ရှိရှိလျှောက်ချင်ခဲ့တဲ့
လူကုံထံလမ်းမတွေကိုလည်း
မေ့ပစ်၊
အဝေးကနိုဝင်ဘာနှင်းစက်တွေရဲ့ 
ကံတရား
ဖိတ်စင်ကျသွားမှာငါမလိုလားခဲ့ပါဘူး။

မဖျားယောင်းကြပါနဲ့၊
သင်တို့ငါကို
မဖျားယောင်းကြပါနဲ့။

အနမ်းတွေကို
လေထဲလွှင့်ထုတ် ………။
မောပန်းတကြီးမျှော်လင့်ခဲ့မှုများ
နှင်းဒဏ္ဍာရီတွေလည်း
လကွယ်ခဲ့ပြီ။

အရောင်အဆင်းတွေနဲ့ ခရီးထွက်
ဝေဒနာအသစ်တွေသာ
အဖော်ဖြစ်ခဲ့ပေါ့။
ကောင်းကင်အဟောင်းဆီပဲ
ပြန်သွားကြ…….။
ငါတို့ဟာ
ညိုညစ်နေတဲ့ကျောက်စာချပ်တွေလည်း ဖြစ်ပေရဲ့ ။

နိုဝင်ဘာဆံရှည်မလေးရေ ……
အဲဒီတုန်းကတော့
ဝေးဖို့ဆိုတာ
တွေးကြည့်ရုံနဲ့တင် ငါသွေးပျက်ခဲ့တယ်။

ဒါဟာ
ငါဆွဲဆန့်ခဲ့တဲ့ ကာလတရားတွေ၊
ငြိမ်သက်နေခြင်းမှ လန့်နိုး၊
ရွှန်းရွှန်းဝေအောင်ကြည့်တတ်တဲ့
မင်းမျက်ဝန်းလေးလည်း သတိရတာပဲ။
အငိုလည်းလွယ် ……
အရှိုက်လည်းခက် …….
မှောင်ချိန်ရောက်ရင်
ကိုယ့်ကိုယ်ကိုစိတ်မချဘူးဆိုတဲ့ကောင်မလေးဆီမှာ
ငါ
အဆုံးထိအောင်ကျရှုံးပစ်ခဲ့ရ။

“တို့လည်းသူ့ကိုချစ်ပါတယ်”တဲ့
တစ်ခေတ်လုံးမှာ
ဘုရားဟောပြီးရင်
အဲဒီစကားတစ်ခွန်းပဲငါယုံကြည်ခဲ့တယ်။

ငါ့ရဲ့ နိုဝင်ဘာမလေး ………..
သူမအသားစလေးနဲ့ ထိခွင့်ရတဲ့ခဏ၊
သေချင်လောက်အောင်
ငါပျော်မိခဲ့ပေါ့။

အခုတော့ နိုဝင်ဘာရယ်…….
ကံကြမ္မာဓားချက်တွေက
ဟန့်တားမရအောင် ခက်ထန်လွန်းတယ်။

အခန်းတစ်ခုလုံးလည်း
ခါးသက်မှုတွေကပေပွလို့၊
ငါ့သမာဓိအားဟာ
ဆံပင်တွေဝေ့ခနဲဖွာသွားအောင်ခါရမ်းလို့၊
ဖြစ်နိုင်ချေအများဆုံးက
ရုပ်ဝါဒထွန်းကားခဲ့တယ်ဆိုတဲ့အကြောင်းနဲ့
မီးခိုးတွေလမ်းလျှောက်ထွက်သွားကြတဲ့အကြောင်း။

စိတ်ကိုဥာဏ်နဲ့ဆက်လို့
ငါကဗျာတွေရေးခဲ့၊
ဒါကမ္ဘာမြေအတွက်လားတဲ့၊
အဲဒီမေးခွန်းမျိုးကို
ငါသိပ်ပြီးရယ်သွမ်းချင်ခဲ့ပေါ့။
သစ္စာတရားရဲ့ 
မေးငေါ့ခြင်းခံရတဲ့ အကြိမ်တိုင်း
ငါ့မာနတို့ ဖျဉ်းခနဲ့ကြွတက်လာကြ၊
ဒါ ………
အကြိမ်ကြိမ်။

ငါ့ရဲ့  နိုဝင်ဘာ၊
ငါ့ရဲ့  လပြည့်ည၊
ငါ့ရဲ့  ကဗျာ၊
အရုဏ်ဦးကိုကျော်ဖြတ်
မိုးလင်းလာတော့လည်း
သူမဟာညတုန်းကအတိုင်းလှတုန်းပါပဲ။

တစ်ခါ၊ တစ်ခါတော့
အတွေးအားကမှိန်ကျ၊
မီးတချို့ က အေးစက်လို့၊
ရုပ်ကြွင်းတွေကဟောင်ဖွာဟောင်ဖွာ
အိပ်ရာက နိုးအထမှာ
နိုဝင်ဘာမျက်ခွံတွေကို မြင်ရတယ်။
မှောင်ရီရီညများနဲ့ သူမ
ငတ်မွတ်နေတဲ့အသံနဲ့
တစ်လောကလုံးကိုထစ်ချုန်းကြတယ်။

ပရိဒေ၀တွေ၊
စပျစ်သီးချဉ်တဲ့ မြေခွေးတွေ၊
စက်ကွင်းအဟောင်းအမြင်းတွေ၊
ဒီမှာ… နိုဝင်ဘာ
အချစ်ဟာ
သမားတော်ဆန်ဖို့လိုအပ်ပါသလား။

အနားသတ်မျဉ်းတစ်ကြောင်း၊
ကံရဲ့ အလုပ်နဲ့
အချိုးပျက်နေတဲ့ ငါ့အရိပ်တွေ
အဆုံးထိအောင်မှောင်ကျခဲ့မှုများ၊
ငါ့ဆန္ဒမပါဘဲ
ကြေးစားဆန်ရတဲ့ အခါမျိုးမှာတော့
ဒါတရားတယ်လို့ပဲ
ငါတွေးဖြစ်လေရဲ့ ။

သွားစမ်း………..
သွားကြစမ်းပါ၊
ဒါခိုးကြောင်ခိုးဝှက် မဟုတ်ဘူး။
ငါ့မုန်တိုင်းရဲ့ 
ဗဟိုမှာပွင့်ခဲ့တဲ့ပန်း။

အဲဒီတစ်ချက်တည်းနဲ့
ပြီးပြည့်စုံစွာ၊
ငါ့ကိုယ်ငါနာကျင်စွာ၊
ရဲရင့်ပြတ်သားစွာ၊
ဒီတစ်ခေါက်နိုဝင်ဘာဆီရောက်တော့လည်း
သူမက
ပုံမှန်အတိုင်းမျက်ရည်ဝဲတုန်းပဲ။

ဒါပါပဲ… နိုဝင်ဘာဆံရှည်မလေးရေ
ညရေးညတာဆောင်ထားတဲ့ဓားမြောင်တစ်လက်နဲ့
လောကသစ္စာကိုထိုးစိုက်လိုက်၊
တစ်ဘ၀လုံးစာအတွက်စကား
သူဟာပြောခွင့်မရလို့
နိုဝင်ဘာနှင်းစက်တွေကို
အံကြိတ်လို့ စိုက်ကြည့်နေရော့မယ်။

ထားခဲ့….
ငါ့ကိုထားခဲ့ပါတော့ကွယ်၊
မင်းအဖြေအတွက် ……
ငါ့အနာဂတ်အတွက်…
လူပြိန်းပေမယ့်လည်း
ပုစ္ဆာတချို့ ဟာလွယ်နိုင်တာပဲမဟုတ်လား။

အိုရုတ်တရတ်
မျက်ဝန်းနက်နက်များ ခုန်ထွက်သွား၊
လေဟာနယ်ဟာတစ်ဦးရဲ့ ပခုံးသားကိုတစ်ဦးကတွန်းတိုက်ကြည်စယ်လို့၊
ရင့်ရော်ခြင်းမနက်ဖြန်များကလည်း
တုန်ယင်လှိုက်ခတ်ခြင်းများနဲ့ အတူ……။ ။


ဝေမှူးသွင်
( Nov:1998 )

No comments:

Post a Comment