Tuesday 13 March 2012

မန်ယူနေ့တွေ

ဒီညမြင်,မြင်ရသမျှ
လူတွေ၊လမ်းတွေနဲ့
မီးလင်းနေတဲ့နေရာများအားလုံးမှာ
အနီရောင်အင်္ကျီတွေဖုံးလွှမ်းနေလေရဲ့။

ဒဂုန်တာရာကတော့
သိန်းဖေမြင့်(သို့)အနီခေတ်တဲ့။
ဒါဆိုငါကရော……..!
ဒီနေ့ခေတ်ရဲ့သရဲနီတွေကို
ဘယ်လိုရေးရပါ့။

အင်္ဂလန်ဘောလုံးလောကမှာ
လီဗာပူးအသင်းအအောင်မြင်ဆုံးပဲဆိုတဲ့သတ်မှတ်ချက်က
ပြီးဆုံးသွားပါပြီ။
ဒီလိုမျိုးလား
ဒါမှမဟုတ်……..
“ပရီးမီးယားလိဂ်သက်တမ်း(၁၇)နှစ်မှာ
ခင်ဗျားတစ်ယောက်ထဲဖလား(၁၁)လုံးဆိုတော့
မလွန်လွန်းဘူးလားဖာဂီ”
အဲဒီလိုမေးလိုက်ရင်
ငါကပဲပြဿနာရှာတယ်ဖြစ်ဦးမယ်။

သို့သော်ငြားလည်း
ဖာဂူဆန်ဟာအမှားမကင်းတဲ့
လူသားတစ်ဦးမျှသာဖြစ်ပါတယ်။
ဒါပေမယ့်ငါတို့တတွေ
သူ့အမှားများမှာ
ကျားကျားယားယားရပ်တည်းပေးခဲ့တာ
ဘာအတွက်ပါလိမ့်…….။

အစဉ်အလာဆိုတဲ့
ခေါင်းစဉ်အဟောင်းကြီးကစရမလား၊
ဘယ်သူမှမတတ်နိုင်တဲ့အမှန်တရားနဲ့
အရှော်ဇယားတွေကိုပဲပြောမလား၊
ပြီးတော့ဘောလုံးစီးပွားရေးလာလုပ်တဲ့
သူဌေးလူမိုက်များကို
ငွေရှိရုံနဲ့မအောင်မြင်နိုင်ကြောင်းသက်သေပြခဲ့ပုံ၊
နောက်ပြီး
BBC ကိုသပိတ်မှောက်တဲ့ကိစ္စ၊
သတင်းစာတချို့ရဲ့ဖော်ပြချက်တွေကိုလည်း
“မင်းတို့လျှောက်ရွှေ့နေတာ
အရူးပဲယုံမယ်……..”လို့ပြန်ဟားရဲသူပေါ့……
ကိုယ့်လိပ်ပြာကိုယ်လုံတဲ့ “ဆာ” ဘွဲ့ရသော
သူရဲကောင်းကြီးပေါ့။

“အများကြိုက်လို့ပါးရိုက်ရမယ်”ဆိုတဲ့
ငါ့သူငယ်ချင်းကဗျာဆရာတွေကတောင်
သူ့မန်ယူကိုကျခြွင်းချက်ထားကျတယ်။

လက်ရှိခေတ်ကာလထဲ
အစွဲအလန်းဟာ
ပျံ့နှံ့လွယ်တဲ့ဗိုင်းရပ်စ်တစ်မျိုးပဲ။
အခုဆိုသူတင်သွင်းလာတဲ့အနီရောင်ဗိုင်းရပ်စ်တွေ
ကမ္ဘာတစ်ဝှမ်းလုံးမျိုးပွားလွင့်ပျံ့ကုန်ပြီ။

မစ္စတာဖာဂူဆန်ခင်ဗျား……..
“မန်ချက်စတာယူနိုက်တက်”ဆိုတာ
တခြားအသင်းများအဖို့
မပျော်ရွှင်နိုင်တဲ့သမိုင်းစာအုပ်ပါ။
အဲဒီသမိုင်းကို
ခင်ဗျားတကယ်ပဲ
ပျော်ပျော်ရွှင်ရွှင်ရေးခဲ့ပါရဲ့လား။    ။

| ဝေမှူးသွင် |
( ဒီကဗျာကို ၂၀၀၉ ခုနှစ်က ရေးသားခဲ့ပြီး ကိုနေမျိုးဆေးရဲ့ Bravo မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ် )

No comments:

Post a Comment