Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, 17 July 2012

နာနာဘာဝကဗျာ



ဟောဒီဘဒ္ဒကမ္ဘာကြီး၌
ဘယ်သူဟာဘယ်လောက်များ
ဉာဏ်အရာမှာရင့်ကျက်ခဲ့ပါသလဲ။

ဘုရားရှင်ဟောကြားတော်မူခဲ့သော
ငါတို့သတ္တလောကကြီးလည်း
တစ်နေ့တခြားနည်းပညာပေါင်းစုံနဲ့
ယိုယွင်းလာရတယ်။

နောက်ဆုံးမှာလူတို့က
မျိုးရိုးဗီဇဖွဲ့စည်းမှုအသစ်တွေသုံးပြီး
ဖက်စပ်သတ္တ၀ါတချို့ကို
မျိုးပွားထုတ်လုပ်လိုက်ကြလေရဲ့။

ဆိုကြပါစို့...
ကြက်နဲ့ဆင်ကိုပေါင်းတော့
ကြက်ဆင်၊
မြင်းနဲ့ကျားကိုပေါင်းတော့
မြင်းကျား၊
ငှက်နဲ့ခြင်္သေ့ကိုပေါင်းတော့
ငှက်ခြင်္သေ့၊
ငန်းနဲ့မြွေကိုပေါင်းတော့
ငန်းမြွေ၊
ကြံ့နဲ့ဖွတ်ကိုပေါင်းတော့
ကြံ့ဖွတ်...တဲ့။

ဘာပဲဖြစ်ဖြစ်
အားလုံးဟာတိရစ္ဆာန်စာရင်းဝင်တွေပဲ။

အပ္ပါယ်လေးဘုံမှာလည်း
ငရဲ၊ဗြိတ္တာ၊အသူရကယ်...တို့နဲ့တစ်တန်းထဲ
ရပ်တည်နိုင်ခဲ့တယ်။

“အဟက်...”
အဲသလိုရယ်မိတာများအပြင်...
အခုဆိုနှာစေး၊ချောင်းဆိုး၊
ခေါင်းကိုက်၊ဗိုက်နာ....စတဲ့
ခေတ်ပေါ်အမူအရာများမှာ
အောက်တန်းကျမှုတွေက
အလျှံအပယ်ဖြစ်လာတယ်။

သမိုင်းတလျှောက်လုံး
ဓမ္မနဲ့အဓမ္မဟာတိုက်ပွဲတွေချည်းပဲ။
နှစ်ဖက်စလုံးမှာ
အကျအဆုံးများတယ်။
ကုန်ခဲ့တဲ့အချိန်တွေ
မနည်းတော့ဘူး။

လူ့အဖြစ်ဆိုတာလည်း
အမှားယွင်းဆုံးစည်းစိမ်တစ်မျိုးပဲမဟုတ်လား။

ဒီလိုနဲ့ငါတို့က
တိရစ္ဆာန်တွေအပေါ်မေတ္တာထားဖို့
ကိုယ့်အတတ်မှာကိုယ်စူးမိခဲ့ကြပါပြီ။ ။

ဝေမှူးသွင်
(လွန်ခဲ့တဲ့သုံးနှစ်လောက်က ရေးဖြစ်ခဲ့ပြီး အခုထိဆင်ဆာမရသေးသောကဗျာတစ်ပုဒ်)

Tuesday, 13 March 2012

ကိုယ်ရေးကိုယ်တာ

သစ်ရွက်ကြွေသံတစ်ခုက
ငါ့နားထဲမှာဝုန်းခနဲ
မြည်ဟိန်းသွားရဲ့။

အချိန်မတန်သေးဘဲ
ငါ့တန်ဖိုးတွေကို
မင်းဘာကြောင့်များတိုက်ချပစ်လိုက်ပါလိမ့်။

ဘယ်သူမပြု
မိမိမှုတဲ့ .. ။

လကွယ်သီချင်းတစ်ပုဒ်က
ညထဲကိုဗီဇပြပြီး
ရက်ရက်စက်စက်လွင့်ပျံ့လာတယ်။

ငါ့ရင်ထဲက
အဖြူရောင်စည်းကမ်းတွေအားလုံး
ချိတ်ပိတ်ထားလိုက်ပြီ။
ငါဟာရိုင်းစိုင်းရမ်းကားဖို့
အမြဲအဆင်သင့်ရှိနေသူဆိုတာ
မင်းသိစေရမယ်။

ဘာသဘောလဲ
လှည့်မကြည့်နဲ့.....
အပျော်ကြေးဆိုပေမယ့်
အန္တရာယ်ရှိတယ်။

နောက်ဆုံးတော့လည်း
ပတ်သက်မိခဲ့သမျှတွေကို
ရယ်မောလွှင့်ပစ်လိုက်ရုံပေါ့။

ငါမပြောချင်ဘူး
မင်းမသိနိုင်ဘူး
အစွန်းမရောက်ရင်
အဲဒါဘယ်တော့မှ အချစ်မဟုတ်ဘူး ။ ။

| ဝေမှူးသွင် |

မြို့ပြကမ်ပိန်း(န်)

စိတ်တော့မရှိနဲ့
ဒါဟာလူလေလူလွင့်တစ်ယောက်ရဲ့
ကမ်းခြေဖြစ်ပါတယ်။

ကလင၊်ကလင်၊
ကလင်၊ကလင်....

ဟဲလို...အမတ်မင်းပါလား၊
ဘာမှပြောမနေနဲ့
မင်းတို့လျှို့ဝှက်ချက်ဆိုတာ
အရိုးဆွေးနေပြီ။

တောင်အာဖရိကသားစာရေးဆရာကရေးတယ်
Dog eats dog...တဲ့
ခွေးကခွေးကိုစားခြင်း ဆိုပဲ။

ရုတ်တရက်
အာခေါင်ခြစ်ပြီးအော်လိုက်တဲ့အသံမှာ
ကိုယ်ထူကိုယ်ထအိပ်မက်တွေ၊
တစ်ယောက်ကချော်လဲသွားစဉ်
တစ်ယောက်ကရောထိုင်လိုက်ပုံတွေ...
အချိတ်အဆက်မိဖို့သာလိုပါတယ်။

ဒီကနေ့သတင်းစာခေါင်းကြီးပိုင်းက
ငြိမ်းချမ်းရေးကာလအတွင်း
လက်ဖြောင့်တပ်သားစနိုက်ပါများအဖို့
အလုပ်လက်မဲ့ပြသာနာနဲ့ရင်ဆိုင်ရဖွယ်ရှိနေပါသတဲ့။

ဒါနဲ့ပဲ
ငါတို့လည်းတီတီတာတာများမှာ
အရသာရှိလာတယ်။
ဟိုဟိုဒီဒီတွေနဲ့
အခေါ်အပြောညက်လာတယ်။
ဘာပဲပြောပြော
ရန်ကုန်ဟာအချိုမကုန်သေးဘူးမဟုတ်လား။ ။

| ဝေမှူးသွင် |
( ၂၂ - ၉ - ၂၀၁၀ )

ဝေမှူးသွင်ဝါဒ

ဘယ်လိုမှမစဉ်းစားမိခဲ့တဲ့
အသက်ရှူသံ...
ဧည့်ခန်းထဲမှာထိုင်နေတယ်။

လူတစ်ယောက်ဟာ
မှားစရာမရှိတဲ့အခါပျင်းလာရဲ့။

ရှင်သန်ခြင်းမှာ
ဒေသခံလိုတာပေါ့။
စားဝတ်နေရေးလိုတာပေါ့။
ချစ်မြတ်နိုးမှုလိုတာပေါ့။

ခေါင်းစဉ်အတိုင်းစဉ်းစားနိုင်အောင်
မီးတောက်တွေကိုပြင်ဆင်ထား၊
စက္ကူတွေကိုသတိထား.....။

ဖြေးဖြေးပဲသွားမယ်
ရောက်ခါနီးရင်
အချက်ပေးမှာပဲ။

အဲဒီကိစ္စ
ပတ်သက်ရတာ
မီတာတက်တယ်။
ရုပ်နဲ့နာမ်ဟာ
လူရှုပ်လို့သတင်းကြီးတယ်။

သဘောပေါက်ရဲ့လား...
အပြောအဆိုကို
စိတ်မပူနဲ့။
အရေးအသားက
ရှင်းမပြနိုင်ဘူး။    ။

| ဝေမှူးသွင် |
(life design မဂ္ဂဇင်း၊၂၀၀၀ခုနှစ်)

ရာသီဥတုကို ကြံရာမရနဲ့ ခုခံမိခြင်း

အချိန်တန်ပြီ
မင်းရောငါရော အချိန်တန်ပြီ။

အဲဒီအရှိတရားမှာ
ဆုံးရှုံးသူတစ်ယောက်ရဲ့ကတိ
အဖြူထည် မျက်ဝန်းလေးကိုပဲ နာကျင်မိတယ်။

“နင်မကောင်းဘူးဟာ”
ဒီစကားမှာ
ငါ အသက်မရှူမိတာ အပြစ်လား။
ကိုယ့်ကိုယ်ကိုယ် ဖျောင်းဖျခဲတာ မှားတား။

ဒါဟာ
လောကကြီးရဲ့ စနစ်ကျတဲ့လှည့်ဖျားမှုလို့ပဲ
တို့ယုံထားလိုက်ရအောင်…။

အခုတော့
မင်းအချက်ပေးခဲ့တဲ့ သံယောဇဉ်တွေ
ကြီးကြီးမားမားမှန်း သိလျက်နဲ့
ငါမျက်နှာလွှဲရတော့မှာပေါ့။

ဒီဇာတ်လမ်းမှာ
မင်းက ငါ့ကို အဓိပ္ပာယ်မဲ့စွာ လိုအပ်ခဲ့
ငါက မင်းကို အော်ကြီးဟစ်ကျယ် ရူးသွပ်ခဲ့
ကိုယ့်စွန်ကိုယ်ဖြတ်ခဲ့ကြသလို
ငါတို့ရယ်သွမ်းသွေးခဲ့ကြပြီ။
 ရေမှုတ်ကိုယ်စီနဲ့
လောင်ကျွမ်းခဲ့ကြပြီ။

ဒီလိုပါပဲ
မင်းနှုတ်ခမ်းက လက်ဖက်ရည်နံ့တွေဆီ
သစ္စာတရားဟာ အိုမင်းသွားတော့မယ်။

ပြဇာတ်တစ်ပုဒ်ပေါ့
မိုးစက်မိုးပေါက်များရဲ့ အဆုံးမှာ
ငါရှူံးနိမ့်ခဲ့ဖူးတယ်။

| ဝေမှူးသွင် |
( သရဖူ , ဒီဇင်ဘာ ၂၀၀၀ )

ကြေးစား

ကံကြမ္မာဟာ
ဘီးလို လည်နေသမျှ
ငါက စမုတ်ချောင်းတွေလို ကျင့်ရမှာပဲ။

ငွေနဲ့ဝယ်ထားတဲ့ နှလုံးသား
ဘယ်လိုအရေပြားအောက်မှာ
ပူနွေးစေမလဲ။
 အချိန်ကာလကို
ဖျော်ဖြေဖို့ဆိုတာ
ယဉ်ကျေးမှုကို လိမ်ထားဖို့ လိုလိမ့်မယ်။

 ဒီနှစ် ဆောင်းမှာတော့
သစ်တော်သီးတွေ ရှားရဲ့။

ကွေ့ကောက်သောလူတွေအဖို့
မျဉ်းဖြောင့်ဟာ အမှားပဲပေါ့။

တိရစ္ဆာန်တစ်ကောင်လို
အစွဲအလန်းတွေနဲ့
ငါ့ခေတ်ကပဲ
ငါ့မျက်လုံးတွေကို သင်ကြားတယ်။

အားလုံး ဉာဏ်နဲ့ဆိုပေမယ့်
စဉ်းစားပုံခြင်းကတော့ ကွာရဲ့။ ။

| ဝေမှူးသွင် |
( လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ စာအုပ်မှ )

နေရောင်ခြည်၏ အရိုးစု



ငါ့ဟင်းလင်းပြင်ထဲ
မောဟတွေ ဒုန်းစိုင်းဝင်လာပြီ။

ပြီးခဲ့တဲ့သီချင်းများအတွက်
တစ်ယောက်မျက်လုံးကို တစ်ယောက် ချောင်းကြည့်ကာ
အံ့သြမိရဲ့။
လက်ဖ၀ါးပေါ်က အရေးအကြောင်းများကို
ယုံကြည်ရင်ခုန်ဖို့
မသေချာမှုတွေထင်ရှားဖို့
စာရိတ္တအဟောင်းကို လဲလှယ်ပစ်ဖို့
ကိုယ့်ကိုယ်ကို တာဝန်သိခဲ့၊
မမြင်နိုင်တဲ့ အမှားအယွင်းများကြောင့်
ရခဲ့ဖူးတဲ့ နောင်တတွေကို
တမင် မေ့လျော့ပစ်ခဲ့၊
လူ့အဖြစ်ရဲ့ ဟာသတချို့မှာ
လွှတ်ခနဲ အသိဉာဏ်တွေရှိတယ်။

စနစ်တကျ. . .ဟုတ်လား
ငါတို့ရဲ့ ဆင်ခြေဟာ
စည်းကမ်းမဲ့ခဲ့ပြီ။

ဟိုးရှေ့ဆီက စိမ်းစိုမှုအရောင်များ
ပညာရှိတစ်ယောက်ရဲ့ စာမျက်နှာ
သင်တို့လည်း ဒုက္ခနဲ့ပျော်ရွှင်ဖူးမယ်။

ဟေ့. . .သူစိမ်း
ဒီအရပ်မှာ
အလင်းရောင်များလှချည့်လား။ ။
 

| ဝေမှူးသွင် |
( လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ စာအုပ်မှ )

မတွေးမိသောဘဝ

(၁)
ငါတို့ လွတ်ခဲ့တဲ့ ငါးတွေလို
မိထားတဲ့ငါးတွေဟာလည်း ထွားပါတယ်။

အချစ်ကို
ကြိုတင်လေ့ကျင့်ထားတဲ့ ဇာတ်ဝင်ခန်းအတိုင်း
မျက်စိမှိတ်ပြမိရဲ့။
မင်းဆက်လျှောက်ဖို့လမ်းတွေဟာ
အရင်လိုပဲ ခက်ခဲသေးလား။

သစ်ပင်တွေရဲ့ ရာဇ၀င်
ဒီနေ့ မပြောဖြစ်တော့ပါ။
ကိုယ့်သီချင်းကိုယ် နားထောင်ရတဲ့အခါ
လူဟာ စိတ်ကြီးဝင်မှာပဲ။
မင်းက ခံစားလွယ်သူမို့
တစ်ခုတော့ပြောမယ်။

“ငါ့အကြောင်း သိပ်မတွေးပါနဲ့. . .”

(၂)
ကမ္ဘာပေါ်က
နေရောင်မရှိတဲ့မြို့ကြီးတွေမှာ
ပန်းမပွင့်တဲ့ ဥယျာဉ်တွေမှာ
ဝမ်းနည်းစရာ လူသားများ
ဘာကို ရှာဖွေနေကြသလဲ။
ဘာသာတရားလား
သုံးမရတဲ့အတွေးအခေါ်လား
ဒါမှ မဟုတ်. . .
မြေကြီးလိုသစ္စာမျိုးလား။

ဘာပဲဖြစ်ဖြစ်ကွာ
လာ. . .အချစ်
ကမ္ဘာ့လူသားတွေဆီ
ငါ့တို့မေတ္တာတရားကို ကိုင်းကူးပေးမယ်။

မင်းရှေ့ရေးအတွက်
အလေ့အလာ၊ အမှတ်သညာအားလုံးဟာ
ငါ့နှလုံးသားမှာ ပွင့်တယ်။
လူဆိုတာကလည်း
လေတံခွန်လို အနေအထိုင် တစ်မျိုးပါပဲ။

အခု-
ချောက်ထဲက ကိုယ့်ကျင့်တရားတွေဟာ
ငါ့ခရမ်းရောင်ကို စိမ်ခေါ်နေကြပြီ။
ငွေကြေးဆိုတဲ့အသိများ
မျိုးပွားနေကြပြီ။

ဒီမှာတော့. . .
အဟောင်းတွေချည်းပဲ
ပုစ္ဆာတွေချည်းပဲ
ငါကလွဲလို့
အားလုံး တစ်ကိုယ်ကောင်းဆန်ကြတယ်။

(၃)
မင်း ရယ်သံတွေနဲ့
ငါ မယဉ်ကျေးနိုင်သေးသရွေ့
ပထမဆိုကို ငြင်းမယ်
အကောင်းဆုံးဆုကိုပဲ လက်ခံမယ်။

ပျော်ချင်ယောင်တော့
မဆောင်ပါနဲ့ အချစ်ရယ်. . .
ဒီရုပ်၊ ဒီခန္ဓာမှာပဲ
ဒီနေ့တွေကို
မနေ့ကအတိုင်း မစဉ်းစားနိုင်ခဲ့ဘူး။

(၄)
သာမန်လူများအတွက်
မီးရထားကြီးတစ်စီးလောက် ပိုင်ချင်ပါတယ်
ပျော်ရွှင်ခြင်းတွေ ခုတ်မောင်းဖို့. . .။ ။

| ဝေမှူးသွင် |
( လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ စာအုပ်မှ )

ကတ္တီပါများ

ဘာကိုမှ မလေးနက်ဘဲ
ဘယ်ဝါကျကိုမှ ချမရေးဘူး။

ငါ့သစ္စာတရားက
ပန်းပွင့်လို အသံမြည်ပြီး
ဆင်တစ်ကောင်လို နှာမောင်းသန်တယ်။


သေးငယ်တဲ့ထွန်ကြောင်းတွေ
ဇရာ၏ အမှတ်အသားများ
ဘ၀ကို စိတ်ရှည်ရန်
ဆေးပြားတွေနဲ့ ရော့ခ်ဂီတဟာလည်း
အရေးကြီးကြရဲ့။

လမ်းတိုင်းမှာ ပလက်ဖောင်းမလိုပေမယ့်
မိုးကြိုးကတော့
အသံထွက် ကျယ်ဖို့လိုတယ်။

လေထဲက ဖုန်မှုန့်တွေက
သံသရာအတိုင်းပဲ. . . မိုက်တယ်။

အတက်တုန်းက ဆင်းခဲ့တာတွေအတွက်
အဆင်းမှာ တက်ကြရပြီ။
လက်အားနေလို့
ရန်သူကို လက်ဆွဲဂုဏ်ပြုလိုက်ပြီ။

ဒါ ကစားနည်းသစ်ပေါ့။
ငါ့ရှေ့မှာ
မီးဆိုက်မရတဲ့ ထင်းလှည်းများစွာ. . .
ဘာသာပြန်ထားတဲ့ ရမ္မက်များစွာ. . .

ဖိတ်စင်ခဲ့သော အခြေအနေတွေအတွက်
ဖိနပ်တွေကို ပြင်ထားမယ်။
သို့သော်. . .
လမ်းများကိုတော့ ငြင်းကြစို့။ ။


| ဝေမှူးသွင် |
(လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ စာအုပ် မှ )

မျက်နှာဖုံးတပ် အလွမ်းတစ်ခု

အချိန်တွေပိုနေလို့
အတိတ်က သစ္စာစကားတွေကို
စာရွက်ပေါ်ချရေးမိတယ်။

အားလုံးဟာသပဲ
ကိုယ်တကယ်မပိုင်တဲ့အိပ်မက်ပဲ
မအောင်မြင်ခဲ့တဲ့ ရုပ်သေးမွေးမြူရေးပဲ။

အနုတ်လက္ခဏာတွေ၊
ကြက်ခြေခတ်တွေနဲ့ ရှုပ်ထွေးနေတဲ့
ငါ့ရဲ့ နေ့စဉ်ဘ၀ထဲမှာ
မင်း ဘယ်ပျော်နိုင်ပါ့မလဲ။
အရိုင်းအစိုင်းရင်ခွင်တစ်ခုကို
သိပ်မကြာခင် မင်းမေ့သွားပါလိမ့်မယ်။

ငါကတော့
တစ်ယောက်ထဲပျော်အောင်နေတဲ့ဝါဒနဲ့၊
အဆိပ်ပြင်းသောအနုပညာနဲ့၊
သူများမကောင်းကြောင်း
ကိုယ့်ကောင်းကြောင်းတွေနဲ့
မင်းထားခဲ့တဲ့ ပဟေဠိများစွာကို
မီးမြှိုက်ကြည့်နေမိတယ်။

“ထွက်ပြေးရဲတာလည်း သတ္တိပဲ တဲ့။
မထိုက်တန်တဲ့အရာတစ်ခုကို
အလိုချင်ရဘူး တဲ့။
ပန်းခင်းလမ်းဆိုတာလည်း
အန္တရာယ်ရှိတတ်တယ် တဲ့။”

ငါ့အသံနဲ့ငါ ခလုတ်တိုက်မိပြီး
နားတွေ အူလာရဲ့။

ခရေပန်းတွေလို ရနံ့မွှေးသော
အနာဂတ်ကို ယုံကြည်ပါ။
ရိုးသားတဲ့ဝတ်စုံလေးမှာ ဂုဏ်ယူပါ။
ငါပစ်ချလိုက်မိတဲ့
ကံတရားတစ်ခုအတွက်တော့
ဆောရီးပါ …
တကယ်မတော်တဆပါ။

ဘ၀ဆိုတဲ့ ရွေ့လျားမှတ်တိုင်မျိုးမှာ
မင်းတစ်ယောက်
လိုရာခရီးမှ ရောက်နိုင်ပါ့မလား။    ။

| ဝေမှူးသွင် |

သေခြင်းလမ်းညွှန်

မိမိအသက်ပေးရလောက်တဲ့အရာကို
ရှာဖွေမတွေ့သေးရင်
အဲဒီလူဟာ ရှင်သန်ဖို့ မထိုက်တန်ဘူး။
(မာတင်လူသာကင်း)

အဲသလိုနဲ့
ကမ္ဘာကြီးထဲကနေ
သူရဲကောင်းတွေ တစ်ယောက်ပြီးတစ်ယောက်
ထွက်ခွာလို့ သွားကြတော့တယ်။

တချို့က
ယုံကြည်ချက်နဲ့ အမှန်တရားအတွက်၊
တချို့ကကျ
တိုင်းပြည်နဲ့ လူမျိုးအတွက်၊
တချို့ကလည်း
ဘာသာတရားနဲ့ အနုပညာအတွက်၊
တချို့ကတော့
လူသားမျိုးနွယ်စုကြီးကို
ဥာဏ်အလင်း ဖွင့်ပေးဖို့အတွက် ဆိုတဲ့
အကြောင်းပြချက်မျိုးတွေနဲ့ … ။

ယဉ်ကျေးမှုပေါင်းစုံ၊
အယူအဆပေါင်းစုံ၊
အသိတရားပေါင်းစုံနှင့်
အမျိုးမျိုး၊ အဖုံဖုံသော သူရဲကောင်းများ …
ပြဿနာရှိခဲ့ကြ၊
အငြင်းပွားစရာဖြစ်ခဲ့ကြ၊
နောက်ဆုံးမှာ အသက်ရှင်မှုကို
အချိန်မတိုင်မီ စွန့်လွှတ်လိုက်ကြတယ်။


သူတို့အကြောင်း အတ္ထုပတ္တိများဟာ
လူတွေကြားမှာ
ရောင်းမလောက်တဲ့
အတွေးအခေါ်တွေ ဖြစ်လာရဲ့။

တကယ်တော့
လူတစ်ယောက် ကျော်ကြားစွာသေဆုံးတာ
အလကားအပိုကိစ္စပဲ။
တစ်နည်းအားဖြင့်
အဲဒါ အလောင်းဖြစ်ရှုံးတာပါပဲ။

ပြောလိုတာက
မသေခင် သဘာဝကျစွာရှင်သန်ဖို့၊
သေတဲ့အခါ
အသံမထွက်ဖို့ … ။    ။

| ဝေမှူးသွင် |

အနာဂတ်ဝါဒီ

ဒီနေ့ကိုမြှုပ်နှံဖို့
ကောင်းကင်ဘုံကလက်နှစ်ဖက်ဆိုတာ
မသေချာပါဘူး။

တစ်နေ့တစ်ခြား
လူတွေပါးစပ်ဖျားမှာ ခေတ်စားလာတဲ့စကား၊
“ဒုက္ခသစ္စာ” တဲ့။

မြေကြီးထဲ ပုန်းဝင်နေသော
သတ္တုစလေးတစ်ခုပမာ
အနုပညာဟာ တူးဖော်ရန်
ခက်ခဲလွန်းပါတယ်။

ဒီ့အတွက် ရနိုင်သမျှထက်
ပိုမိုလိုအပ်နေတာလည်း
သူငယ်ချင်းတို့နဲ့ ဖွဲ့စည်းဖို့
မျှော်လင့်ချက်တွေပါပဲ။

နောင်လာမည့် ရာစုသစ်၌
ယုံကြည်မှုတက်တူးတွေနဲ့ ငါ့မျက်နှာကို
လူငယ်တွေက တီရှပ်မှာ
ရိုက်နှိပ်ဝတ်ဆင်ကြပါလိမ့်မယ်။
ငါ့အလွမ်းတွေကိုတော့
ခေါင်းလောင်းထိုးသံလို
လေထဲလွင့်နေပစေပေါ့။

ချာတူးလန်တို့ရဲ့ ကိုးကွယ်ရာပဲဖြစ်ဖြစ်၊
ခွေးပါးစပ်က နတ်စကားထွက်တယ်ပြောပြော၊
ရောက်ရှိလာမဲ့
ကံတရားတွေအတွက် ငါတို့
အဖြူ၊ အမည်း သဲကွဲကြပါစို့။ ။

( ဝေမှူးသွင် )

မန်ယူနေ့တွေ

ဒီညမြင်,မြင်ရသမျှ
လူတွေ၊လမ်းတွေနဲ့
မီးလင်းနေတဲ့နေရာများအားလုံးမှာ
အနီရောင်အင်္ကျီတွေဖုံးလွှမ်းနေလေရဲ့။

ဒဂုန်တာရာကတော့
သိန်းဖေမြင့်(သို့)အနီခေတ်တဲ့။
ဒါဆိုငါကရော……..!
ဒီနေ့ခေတ်ရဲ့သရဲနီတွေကို
ဘယ်လိုရေးရပါ့။

အင်္ဂလန်ဘောလုံးလောကမှာ
လီဗာပူးအသင်းအအောင်မြင်ဆုံးပဲဆိုတဲ့သတ်မှတ်ချက်က
ပြီးဆုံးသွားပါပြီ။
ဒီလိုမျိုးလား
ဒါမှမဟုတ်……..
“ပရီးမီးယားလိဂ်သက်တမ်း(၁၇)နှစ်မှာ
ခင်ဗျားတစ်ယောက်ထဲဖလား(၁၁)လုံးဆိုတော့
မလွန်လွန်းဘူးလားဖာဂီ”
အဲဒီလိုမေးလိုက်ရင်
ငါကပဲပြဿနာရှာတယ်ဖြစ်ဦးမယ်။

သို့သော်ငြားလည်း
ဖာဂူဆန်ဟာအမှားမကင်းတဲ့
လူသားတစ်ဦးမျှသာဖြစ်ပါတယ်။
ဒါပေမယ့်ငါတို့တတွေ
သူ့အမှားများမှာ
ကျားကျားယားယားရပ်တည်းပေးခဲ့တာ
ဘာအတွက်ပါလိမ့်…….။

အစဉ်အလာဆိုတဲ့
ခေါင်းစဉ်အဟောင်းကြီးကစရမလား၊
ဘယ်သူမှမတတ်နိုင်တဲ့အမှန်တရားနဲ့
အရှော်ဇယားတွေကိုပဲပြောမလား၊
ပြီးတော့ဘောလုံးစီးပွားရေးလာလုပ်တဲ့
သူဌေးလူမိုက်များကို
ငွေရှိရုံနဲ့မအောင်မြင်နိုင်ကြောင်းသက်သေပြခဲ့ပုံ၊
နောက်ပြီး
BBC ကိုသပိတ်မှောက်တဲ့ကိစ္စ၊
သတင်းစာတချို့ရဲ့ဖော်ပြချက်တွေကိုလည်း
“မင်းတို့လျှောက်ရွှေ့နေတာ
အရူးပဲယုံမယ်……..”လို့ပြန်ဟားရဲသူပေါ့……
ကိုယ့်လိပ်ပြာကိုယ်လုံတဲ့ “ဆာ” ဘွဲ့ရသော
သူရဲကောင်းကြီးပေါ့။

“အများကြိုက်လို့ပါးရိုက်ရမယ်”ဆိုတဲ့
ငါ့သူငယ်ချင်းကဗျာဆရာတွေကတောင်
သူ့မန်ယူကိုကျခြွင်းချက်ထားကျတယ်။

လက်ရှိခေတ်ကာလထဲ
အစွဲအလန်းဟာ
ပျံ့နှံ့လွယ်တဲ့ဗိုင်းရပ်စ်တစ်မျိုးပဲ။
အခုဆိုသူတင်သွင်းလာတဲ့အနီရောင်ဗိုင်းရပ်စ်တွေ
ကမ္ဘာတစ်ဝှမ်းလုံးမျိုးပွားလွင့်ပျံ့ကုန်ပြီ။

မစ္စတာဖာဂူဆန်ခင်ဗျား……..
“မန်ချက်စတာယူနိုက်တက်”ဆိုတာ
တခြားအသင်းများအဖို့
မပျော်ရွှင်နိုင်တဲ့သမိုင်းစာအုပ်ပါ။
အဲဒီသမိုင်းကို
ခင်ဗျားတကယ်ပဲ
ပျော်ပျော်ရွှင်ရွှင်ရေးခဲ့ပါရဲ့လား။    ။

| ဝေမှူးသွင် |
( ဒီကဗျာကို ၂၀၀၉ ခုနှစ်က ရေးသားခဲ့ပြီး ကိုနေမျိုးဆေးရဲ့ Bravo မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ် )

ဆိုလို ခရီးသွား


ဒီလက်လုပ်နိဗ္ဗာန်အတွက်
ဘယ်ကမ်းလှမ်းချက်ကမှ လူရာမဝင်ကြောင်း
“လူစီ”က ပြောလိုက်ပြီ။

သိမှုနဲ့ ဆင်ခြင်တုံတရားကို
မီးရှို့လိုက်တော့၊
ငါ့အရေပြားထဲက
စကားလုံးတွေ တိုးထွက်လာတယ်။

“ဒါမိုင်ကုန်ပဲ ကိုယ့်လူ . . .
ဂိတ်ကဆုံးနေပြီ”

လျှပ်စစ်လို ပြိုးပြက်လက်ရှနေသော
အပါယ်လမ်းပေါ်က မိုးကြိုးသွားဖတ်စာမှာ
စားဖားကြီးတွေ ကောင်းစားရေးပဲဆိုရင်တော့
ဆောရီးပဲ . . .
ဘာလုပ်ရမှာလဲ။

ခေတ်အဆက်ဆက် . . .
သမိုင်းအဆက်ဆက် . . .
ပုစ္ဆာအဆက်ဆက် . . .
အဖြူရောင်ပညာရှင်တွေ နှာစေးနေဆဲ၊
အနက်ရောင်သိုင်းသမားတို့က
လက်ကျန်ကွက်လပ်များပေါ်
အပျင်းပြေလမ်းသလားနေကြရဲ့။

ဒီလိုနဲ့ . . .
မကြာခင်ရောက်ရှိလာတော့မဲ့
တနင်္ဂနွေခမျာ
မဆီမဆိုင် အပြစ်ဖြစ်ရဦးမယ်။

လူတွေလည်း နတ်ပြည်ရောက်ဖို့
ကိုယ့်ဒုက္ခနဲ့ကိုယ်၊
ငါကိုယ်တိုင်လည်း
ဒါ့ထက်ပိုပြီး မရှုပ်ထွေးတတ်တော့ဘူး။    ။

| ဝေမှူးသွင် |