Tuesday, 17 July 2012

နာနာဘာဝကဗျာ



ဟောဒီဘဒ္ဒကမ္ဘာကြီး၌
ဘယ်သူဟာဘယ်လောက်များ
ဉာဏ်အရာမှာရင့်ကျက်ခဲ့ပါသလဲ။

ဘုရားရှင်ဟောကြားတော်မူခဲ့သော
ငါတို့သတ္တလောကကြီးလည်း
တစ်နေ့တခြားနည်းပညာပေါင်းစုံနဲ့
ယိုယွင်းလာရတယ်။

နောက်ဆုံးမှာလူတို့က
မျိုးရိုးဗီဇဖွဲ့စည်းမှုအသစ်တွေသုံးပြီး
ဖက်စပ်သတ္တ၀ါတချို့ကို
မျိုးပွားထုတ်လုပ်လိုက်ကြလေရဲ့။

ဆိုကြပါစို့...
ကြက်နဲ့ဆင်ကိုပေါင်းတော့
ကြက်ဆင်၊
မြင်းနဲ့ကျားကိုပေါင်းတော့
မြင်းကျား၊
ငှက်နဲ့ခြင်္သေ့ကိုပေါင်းတော့
ငှက်ခြင်္သေ့၊
ငန်းနဲ့မြွေကိုပေါင်းတော့
ငန်းမြွေ၊
ကြံ့နဲ့ဖွတ်ကိုပေါင်းတော့
ကြံ့ဖွတ်...တဲ့။

ဘာပဲဖြစ်ဖြစ်
အားလုံးဟာတိရစ္ဆာန်စာရင်းဝင်တွေပဲ။

အပ္ပါယ်လေးဘုံမှာလည်း
ငရဲ၊ဗြိတ္တာ၊အသူရကယ်...တို့နဲ့တစ်တန်းထဲ
ရပ်တည်နိုင်ခဲ့တယ်။

“အဟက်...”
အဲသလိုရယ်မိတာများအပြင်...
အခုဆိုနှာစေး၊ချောင်းဆိုး၊
ခေါင်းကိုက်၊ဗိုက်နာ....စတဲ့
ခေတ်ပေါ်အမူအရာများမှာ
အောက်တန်းကျမှုတွေက
အလျှံအပယ်ဖြစ်လာတယ်။

သမိုင်းတလျှောက်လုံး
ဓမ္မနဲ့အဓမ္မဟာတိုက်ပွဲတွေချည်းပဲ။
နှစ်ဖက်စလုံးမှာ
အကျအဆုံးများတယ်။
ကုန်ခဲ့တဲ့အချိန်တွေ
မနည်းတော့ဘူး။

လူ့အဖြစ်ဆိုတာလည်း
အမှားယွင်းဆုံးစည်းစိမ်တစ်မျိုးပဲမဟုတ်လား။

ဒီလိုနဲ့ငါတို့က
တိရစ္ဆာန်တွေအပေါ်မေတ္တာထားဖို့
ကိုယ့်အတတ်မှာကိုယ်စူးမိခဲ့ကြပါပြီ။ ။

ဝေမှူးသွင်
(လွန်ခဲ့တဲ့သုံးနှစ်လောက်က ရေးဖြစ်ခဲ့ပြီး အခုထိဆင်ဆာမရသေးသောကဗျာတစ်ပုဒ်)

No comments:

Post a Comment