Tuesday 13 March 2012

ထွက်ခွာရာပြပုဒ်

အခန်း ( ၁ )


          ကျွန်တော် သူမကိုဖွဖွလေးနမ်းခဲ့သည် ။ ကျွန်တော်သည် အနမ်းကို တိတ်ဆိတ်စွာ ထားရစ်ခဲ့သည် ။
ထိုနေ့က ကျွန်တော် သူမကိုဖွဖွလေးနမ်းခဲ့သည် ။ ထိုနေ့က ကျွန်တော်သည် အနမ်းကိုတိတ်ဆိတ်စွာ
ထားရစ်ခဲ့သည် ။ အဲ့ဒီနေ့မှာပဲ ကျွန်တော်က သဒ္ဒါဝါကျအထားအသိုများမှားယွင်းစွာဖြင့် အိမ်ပြန်ခဲ့ပါသည် ။



                                                                       အခန်း ( ၂ )


          သဇင်က ပြန်တော့မည်ဟုပြောခဲ့စဉ် ကျွန်တော်သည် သစ်ရွက်လေးတစ်ရွက်၏အသက်ရှူသံကို
နားစွင့်နေချိန်ဖြစ်သည်။ သူမ၏ နွေးထွေးသောမျက်ရည်တစ်စက်က ကျွန်တော်၏ဘယ်ဘက်ရင်အုံကို
ဂျယ်လီစက္ကူတစ်ရွက်ပမာ ပျော့ဖတ်နူးအိသွားစေခဲ့ပါ၏ ။

" ပြန်တော့မယ် . . . "
" . . . . . . . . . . . . . . . . . "
" ငါ . . . ပြန် . . . တော့ . . . မယ် "
" . . . . . . . . . . . .  . . . . . . .  . . . . . . . . "

          သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုဖြစ်သည့်အားလျော်စွာ သဘာဝကျကျပင် ကျွန်တော်တို့
မှုန်ဝါးပျောက်ကွယ်ခဲ့ကြသည် ။ စုတ်ပြဲသွားသော ကျွန်တော့ဘယ်ဘက်ရင်အုံလေးကို နှစ်သိမ့်ရင်း
ကြယ်တွေကို ကျွန်တော်ငေးကြည့်မိခဲ့သေး၏ ။ ထိုနေ့ကအပူချိန်သည် သာမန်ထက် အနည်းငယ်
ပိုနေသလား ( သို့မဟုတ် ) အနည်းငယ်လျော့နေသလားဆိုသည်ကို မမှတ်မိတော့သကဲ့သို့ပင်
ကျွန်တော်သိပ်မမှတ်မိတော့သည့် နောက်ထပ်အချက်တစ်ချက်မှာ သဇင့်မျက်နှာပေါ်မှ
မှဲ့နက်နက်ကလေး၏တည်နေရာကိုဖြစ်ပါသည် ။ နှုတ်ခမ်းအထက်နားမှာလား ၊ မေးဖျားမှာလား ၊
သိပ်မသေချာပါ ။ ထို့အပြင် ထိုနေ့သည် အင်္ဂါနေ့လား ၊ နေကြတ်ခဲ့သလား ၊ ရေနံဈေးနှုန်းတွေ
ရုတ်တရက်ထိုးကျသွားခဲ့သေးသလား ၊ တိမ်ထူထပ်တဲ့ကမ်းခြေတစ်နေရာမှာလား ။
သဇင်ပြန်သွားတာ ဘယ်ကိုလဲ ၊ မန္တလေးကိုလား ၊ အတိတ်ကိုလား ၊ အနာဂတ်ကိုလား ၊
သောကြာဂြိုလ်ဆီကိုလား ၊ ဘာဆိုဘာမှမသေချာပါ ။ အနည်းငယ်ပြန်တွေးကြည့်ရလျှင်တော့
ကျွန်တော်လည်း ပြန်လာခဲ့သည်ဟုထင်ရပါသည် ။ အဲ့ဒီနေ့က ကျွန်တော်ဘယ်ကိုပြန်လာခဲ့ပါလိမ့် ။

                                                                      အခန်း ( ၃ )

               ထိုစဉ်ကသူမကိုကျွန်တော်အခုလိုပြောခဲ့ဖူးသည်ဟု ထင်သည် ။
" လူ့ဘ၀ဆိုတာ အနည်းဆုံး . . . . . . . "  ဟုတ်ရဲ့လား ။ ငါပြောခဲ့သလား ။ ကျွန်တော်တွေဝေနေမိသည် ။
အချို့သောသန်းခေါင်ယံများတွင် ကျွန်တော်ပေါ့ဆစွာတွေးနေမိတတ်ပါသည် ။ ဟုတ်ရဲ့လား ။
ငါပြောခဲ့သလား ။ ကျွန်တော်အနည်းငယ် မူးရီဝေလာတော့ အလင်းအမှုန်တစ်ချို့က အဝေးဆီမှ
အပြေးအလွှားပြန်ရောက်လာ၏ ။
" လူ့ဘ၀ဆိုတာ အနည်းဆုံးဒိထက်တော့ ပိုသိပ်သည်းသင့်တယ်လို့ မင်းမထင်ဘူးလား "
" အဲ့ဒါ မေးခွန်းလား .... ဟုတ်လား "
" ထင်တာပဲ ၊ ဟုတ်ချင်မှလည်းဟုတ်မှာပေါ့ ၊ ဒါနဲ့ .. မှန်းစမ်း ၊ အင်း .....
  မင်းရှန်ပူအသစ် ပြောင်းသုံးနေပြန်ပြီလား "
" စိတ်ညစ်တယ်ကွာ ၊ သိလား ၊ အခုတလော အိပ်မက်တွေ မကောင်းဘူး "
" ကော်ဖီလေးတစ်ခွက်လောက် ဖျော်မပေးချင်ဘူးလားဟင် ၊ လိမ္မာပါတယ်ကွာ ... နော် "
" ဒါပဲနော် ၊ မင်းကိုငါသတိပေးထားရဲ့သားနဲ့  ၊ နောက်တစ်ခါ အဲ့ဒီမိန်းမနဲ့ .......
  ကြည့်လို့ကိုမရပါဘူး ၊ ဟွန်း ၊ ရယ်မနေနဲ့ ... အတည်ပြောတာ ...... ဖယ်ကွာ ....
  စကားအကောင်းပြောလို့ကိုမရဘူး .... ကဲ ... ဖယ် "

ဒါ ဘာတွေပါလိမ့် ။ ချိတ်ဆွဲထားသောပန်းချီကားများထဲမှ ပျစ်ချွဲသောအရောင်များ စီးကျလာနေသည် ။
အိပ်ရာပေါ်မှာအမှောင်တစ်ချို့ သေလျက်ရှိသည် ။ ဖွင့်ထားသောတီဗီမှ အမှိုက်သရိုက်များကို
မှုတ်ထုတ်လိုက်၏ ။ ကျွန်တော်ကအချိန်အချို့ကိုဖန်ခွက်ထဲထည့်ကာရေအနည်းငယ်
ရောစပ်ကြည့်လိုက်သောအခါ အ၀ါရောင်မီးခိုးများဝေ့၀ဲတက်လာကြလေသည် ။

                                                          အခန်း ( ၄ )

          မေးခွန်းများဖြင့် ငိုကြွေးတတ်သူတစ်ဦးကို သင်မြင်ဖူးပါစ ။ နေရောင်လရောင်ကင်းမဲ့သော
လွင်ပြင်တစ်ခုပေါ်တွင် သူနေထိုင်သည် ။ အဓိပ္ပါယ် ဆိုသောဝေါဟာရမရှိသည့်ဘာသာစကားဖြင့်
သူစကားပြောသည်။အရိပ် ၊ အေးစက်မှုနှင့် အခြားသောသစ်ရွက်များကို သူစားသောက်၏ ။
ကျွန်တော်တို့ဖြတ်လျှောက်လာနေကျ ထိုစင်္ကြန်လမ်းထောင့်တစ်နေရာတွင် အမည်မသိငှက်တစ်ကောင်
ပြုတ်ကျလာခဲ့ဖူးသည်ကိုတော့ အသေအချာမှတ်မိနေဆဲဖြစ်သည် ။
          သဇင်သည် " ပလုပ်တုပ် " ဟု မကြာခဏယောင်ယမ်းအော်ဟစ်မိတတ်သော ချစ်စဖွယ်ကောင်မလေး
တစ်ဦးဖြစ်ကြောင်းကိုလည်းအသေအချာမှတ်မိနေဆဲပင်ဖြစ်ပါသည် ။ ထို့ပြင်သာမက အောင်စာရင်း
ထွက်သောမနက်က သူမနှင့် ကျွန်တော်စားသောက်ခဲ့သောဆိုင်ကလေး၏ အမည်မှာ
ကံမကောင်းသောနံပါတ် ၁၃ ဟူ၍ဖြစ်ကြောင်း ကျွန်တော် မှတ်မိပါ၏ ။ ကျွန်တော်မှတ်မိနေခဲ့သော
စာရင်းများအရ သူမ၏အသားအရောင်မှာ နှင်းဆီရောင် ၊ အလင်း၏သွားနှုန်းမှာမသေချာခြင်း ၊
လစ်ဘရယ်ဝါဒဆိုသည်မှာ မစ္စတာအိပ်(က်)(စ်)တို့ဖြစ်ကြပြီး ကျွန်တော်၏မမှတ်မိခြင်းများအရမူ
. . . . . .  . . . . .  . . ဖြစ်ကြသည် ။
           မနက်ဖြန်၏ အစီအစဉ်များတွင် ဒေလီယာပန်းများ၏ ရုပ်ရှင် ၊ နှင်းရနံ့ ၊ ကြယ်ငါးများနှင့် သဇင်၏
ဈာပနအခမ်းအနားတို့ပါဝင်ကြောင်း TV Channel တစ်ခုကကြေငြာသွား၏ ။ ထိုအချိန်တွင် ကျွန်တော်က
ဟိုတယ်တစ်ခု၏အအေးခန်းထဲမှာ ငိုက်မျည်းလျက်ရှိပါသည် ။

                                                            အခန်း ( ၅ )

အရာဝတ္တုများသည် ကွာဝေးသွားလေလေပိုမိုတောက်ပလာလေလေဖြစ်ကြောင်း အမည်မသိတမန်တော်
တစ်ပါးက( ဘုရားသခင်၏နာမတော်အားဖြင့် ) ကျွန်တော့အားဟောကြားတော်မူလေသည် ။
ထိုတစ်ခဏအတွင်းအချစ်တို့လောင်မီးကျကုန်၏ ။ သဇင်ရေ . . . . . . .  . . . .  . ။
" Gavmont " ကုမ္ပဏီကထုတ်လုပ်တဲ့ပြင်သစ်ရုပ်ရှင်ကားလေးတစ်ကားကို ကြည့်ရှူသောအခါ လမ်းပေါ်မှာ
AKON သီချင်းတွေကို အော်ဆိုတဲ့အခါ ၊ ဂြိုလ်သိမ်တစ်လုံးရဲ့ အထုပတ္တိကိုဖတ်ရှုမိတဲ့အခါ
မင်းဘာကိုများ သတိရမှာပါလိမ့်။ ကျွန်တော်ကအနီးမှ ကြယ်ကလေးကိုလက်နှင့်တောက်ထုတ်လိုက်ပါ၏ ။
                ပြတင်းပေါက်တွင်မှီ၍သင်္ခါရတရားကဆေးလိပ်ဖွာနေသည် ။ သစ္စာနီ၏၀တ္တုတစ်ပုဒ်ထဲမှ
ဇာတ်လိုက်လိုလိုဟန်ဆောင်ထားသောထိုနေ့သည် သကြားခဲလိုချိုရဲနေဆဲပင် ။ နှင်းဆီရထားဆိုသည်မှာ
အဘယ်နည်း ။ သဇင်၏လက်ထဲတွင် စကြ၀ဠာတိုက်တစ်သောင်းရှိခဲ့ဖူး၏ ။ ကျွန်တော်နှင့် သဇင်တို့
ကမ်းပါးထက်တွင်မတ်တပ်ရပ်ခဲ့ကြသည့်ထိုနေ့က သူမ၀တ်ဆင်ထားပုံမှာ မာရီလင်မွန်ရိုးအလှနှင့်
ခြေလှမ်းငါးဆယ်သာကွာဝေးတော့သည် ။ ဆောင်းရာသီ၏အော်သံကို ရုတ်တရက် ကျွန်တော်
ကြားလိုက်ရသည် ။ ညထဲ၌ လမင်းသည်အနက်ရောင်ပီကေတစ်ခု ဖြစ်နေ၏ ။

ရထားသည် ကျွန်တော့အလွမ်းများကို တင်ဆောင်လျက် အဝေးသို့ တရွေ့ရွေ့ ထွက်ခွာ
ခုတ်မောင်းသွားလေတော့သည် ။
" ဘော်ဘူး ....... ဘော် .....!!! "
" ဒုတ်ဒုတ်ဂျိမ်းဂျိမ်း ၊ ဂျူံးဂျုံးဂျက်ဂျက် "
" ဒုတ်ဒုတ်ဂျိမ်းဂျိမ်း ၊ ဂျုံးဂျုံးဂျက်ဂျက် " ။     ။


| ဝေမှူးသွင် |
( Face Magazine ၊ March 2005 )

No comments:

Post a Comment