Tuesday, 17 July 2012
နာနာဘာဝကဗျာ
ဟောဒီဘဒ္ဒကမ္ဘာကြီး၌
ဘယ်သူဟာဘယ်လောက်များ
ဉာဏ်အရာမှာရင့်ကျက်ခဲ့ပါသလဲ။
ဘုရားရှင်ဟောကြားတော်မူခဲ့သော
ငါတို့သတ္တလောကကြီးလည်း
တစ်နေ့တခြားနည်းပညာပေါင်းစုံနဲ့
ယိုယွင်းလာရတယ်။
နောက်ဆုံးမှာလူတို့က
မျိုးရိုးဗီဇဖွဲ့စည်းမှုအသစ်တွေသုံးပြီး
ဖက်စပ်သတ္တ၀ါတချို့ကို
မျိုးပွားထုတ်လုပ်လိုက်ကြလေရဲ့။
ဆိုကြပါစို့...
ကြက်နဲ့ဆင်ကိုပေါင်းတော့
ကြက်ဆင်၊
မြင်းနဲ့ကျားကိုပေါင်းတော့
မြင်းကျား၊
ငှက်နဲ့ခြင်္သေ့ကိုပေါင်းတော့
ငှက်ခြင်္သေ့၊
ငန်းနဲ့မြွေကိုပေါင်းတော့
ငန်းမြွေ၊
ကြံ့နဲ့ဖွတ်ကိုပေါင်းတော့
ကြံ့ဖွတ်...တဲ့။
ဘာပဲဖြစ်ဖြစ်
အားလုံးဟာတိရစ္ဆာန်စာရင်းဝင်တွေပဲ။
အပ္ပါယ်လေးဘုံမှာလည်း
ငရဲ၊ဗြိတ္တာ၊အသူရကယ်...တို့နဲ့တစ်တန်းထဲ
ရပ်တည်နိုင်ခဲ့တယ်။
“အဟက်...”
အဲသလိုရယ်မိတာများအပြင်...
အခုဆိုနှာစေး၊ချောင်းဆိုး၊
ခေါင်းကိုက်၊ဗိုက်နာ....စတဲ့
ခေတ်ပေါ်အမူအရာများမှာ
အောက်တန်းကျမှုတွေက
အလျှံအပယ်ဖြစ်လာတယ်။
သမိုင်းတလျှောက်လုံး
ဓမ္မနဲ့အဓမ္မဟာတိုက်ပွဲတွေချည်းပဲ။
နှစ်ဖက်စလုံးမှာ
အကျအဆုံးများတယ်။
ကုန်ခဲ့တဲ့အချိန်တွေ
မနည်းတော့ဘူး။
လူ့အဖြစ်ဆိုတာလည်း
အမှားယွင်းဆုံးစည်းစိမ်တစ်မျိုးပဲမဟုတ်လား။
ဒီလိုနဲ့ငါတို့က
တိရစ္ဆာန်တွေအပေါ်မေတ္တာထားဖို့
ကိုယ့်အတတ်မှာကိုယ်စူးမိခဲ့ကြပါပြီ။ ။
ဝေမှူးသွင်
(လွန်ခဲ့တဲ့သုံးနှစ်လောက်က ရေးဖြစ်ခဲ့ပြီး အခုထိဆင်ဆာမရသေးသောကဗျာတစ်ပုဒ်)
Wednesday, 28 March 2012
စာရေးဆရာ ဝေမှူးသွင်နှင့် တွေ့ဆုံခြင်း ( Fashion Magazine - December 2008 )
အသိဥာဏ်နဲ့ယှဉ်တဲ့ လွတ်လပ်မှုမျိုး မြတ်နိုးသူတစ်ယောက်
( သို့မဟုတ် )
စာရေးဆရာ ဝေမှူးသွင်နှင့် တွေ့ဆုံခြင်း
Q - ဝေမှူးသွင် စာပေကိုစတင်ငြိတွယ်မိပုံ Back Ground History လေးပြောပါဦး ။
A - သိပ်တော့ထူးဆန်းတာမျိုးမရှိပါဘူး ။ ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါတာကိုတော့ အသေအချာ
ပြောနိုင်ပါတယ် ။ ကလေးဆိုတော့ တေဇတို့ ၊ ရွှေသွေးတို့စဖတ်တာပေါ့ ။ နောက် ရုပ်ပြကာတွန်း ၊
သိုင်းဝတ္ထု အဲ့ဒီလိုပေါ့လေ ။ တဆင့်ချင်းသွားတာ ။ ဒါပေမဲ့ မြန်တယ် ။ ကျွန်တော်ငါးတန်းလောက်မှာ
အချစ်ဝတ္ထုတွေ ၊ ဘာသာပြန်စုံထောက်ဝတ္ထုတွေ ကောင်းကောင်းဖတ်နေပြီ ။ ကျွန်တော် ရှစ်တန်း
ကျောင်းသားအရွယ် ( ၁၉၉၂ ) လောက်မှာ မဂ္ဂဇင်းတွေကို အရမ်းကြိုက်သွားတယ် ။ အဲ့ဒီမဂ္ဂဇင်းတွေ
အစုံဖတ်ရင်းနဲ့ ကဗျာနဲ့ဝတ္ထုတိုအာရုံကျမိသွားတယ် ။ ဒီလိုအချိန်မှာပဲ ကိုယ်တိုင်ရေးမိသွားတယ် ။
သူများရေးထားတာတွေဖတ်ပြီး အားကျပြီးလျှောက်ရေးတာပေမဲ့ ကိုယ်ရေးတဲ့စာတွေဟာ မညံ့ဘူးလို့
အဲ့ဒီကတည်းကသိတယ် ။ ( ၉၂ ) လောက်ကနေ ( ၉၇ ) လောက်အထိကျွန်တော်က မဂ္ဂဇင်းကဗျာတွေကို
အသေဖတ်တာ ။ အထူးသဖြင့် ပင်လယ် ၊ ဟန်သစ် ၊ ရနံ့သစ် ၊ သရဖူ အစရှိတဲ့မဂ္ဂဇင်းတွေပေါ့ ။
အဲ့ဒီမဂ္ဂဇင်းတွေမှာပါတဲ့ ကဗျာတွေ ၊ ၀တ္ထုတိုတွေကို အရမ်းကြိုက်တာကိုး ။ ကျွန်တော်ရေးတဲ့ ကဗျာတွေ
ဝတ္ထုတွေဟာလည်း အဲ့ဒီပုံစံတွေပဲဖြစ်နေတာပေါ့ ။ ဒီလိုနည်းနဲ့ပဲ ဒီနေ့မြန်မာ့စာပေလောကမှာပြောနေတဲ့
မော်ဒန်ဝတ္ထုတွေ ၊ မော်ဒန်ကဗျာတွေကို ခြေရာခံမိခဲ့ပါတယ် ။
Q - ကိုယ့်စိတ်ကိုလွှမ်းမိုးဆွဲဆောင်ခဲ့တဲ့စာတွေအကြောင်း ပြောပါ ။
A - ကြိုက်တာကတော့ သိန်းဖေမြင့် ၊ ကြည်အေး ပေါ့ ။ ကိုယ့်စိတ်ကို လွှမ်းမိုးတာမျိုးကတော့ ကဗျာမှာ
မောင်ချောနွယ် နဲ့ ၀တ္ထုတိုမှာ သစ္စာနီတို့ပါပဲ ။ သစ္စာပန်းများနဲ့မေလ ၊ လူကြိုက်နည်းတဲ့ကောင် ၊
အခွန်တော်မဲ့ရာသီဥတု ၊ ကြယ်ပြာလေးနဲ့ ထမင်းစားပြီးနောက် ၊ အနတ္တဆင်ဖိုနီ ၊ စက္ကူပေါ်ကသစ်ပင် ၊
သစ်ခြောက်ပင်ကိစ္စ ၊ သံချေးတက်နေသောတွယ်အပ်ကလေး ၊ ပန်းပွင့်နဲ့လူ အစရှိသော
အဲ့ဒီဆရာနှစ်ယောက်ရဲ့ လက်ရာတွေဟာကျွန်တော့ကို လွှမ်းမိုးခဲ့ပါတယ် ။
Q - လက်ရှိလူငယ်စာရေးဆရာတစ်ယောက်အနေနဲ့ ဘာတွေကို အားမရတာရှိလဲ ။ဘာကိုအားရတာရှိလဲ ။
A - တက်ကြွထက်မြက်ပြီး လွတ်လပ်ပွင့်လင်းတဲ့ လူ့ဘောင်ကိုချစ်မြတ်နိုးတဲ့ လူငယ်တွေများလာတာကို
အားရမိတယ် ။ နေရာတစ်ခုဟာအချောင်မရဘူး ။ အချောင်ရခဲ့ရင်လည်း အဲ့ဒီနေရာဟာမခိုင်မာဘူး ။
ပင်ကိုအရည်အချင်းရှိဖို့အရေးကြီးတယ်ဆိုတာ လူငယ်တွေသိစေချင်တယ် ။ ငွေရှိရင်ဘာမဆိုဖြစ်တယ် ဆိုတဲ့အတွေးအခေါ်ဟာ ဒီဘက်ခေတ်မှာရေပန်းစားလာတယ် ။ ငွေရှိလို့ဖြစ်တဲ့အရာတွေ
တော်တော်များများရှိပါတယ် ။ ဒါပေမဲ့တစ်ချို့ကိစ္စတွေက ငွေတစ်မျိုးထဲနဲ့မရဘူး ။ ဦးနှောက်ရှိဖို့လိုတယ် ။
အနုပညာရှိဖို့လိုတယ်။အတတ်ပညာရှိဖို့လိုတယ် ။ နှလုံးသားရှိဖို့လိုတယ် ။ အဲ့ဒီလိုပေါ့ ပြီးတော့ အဲ့ဒီ
အတွေးအခေါ်ဟာလူတွေရဲ့စာရိတ္တကိုစိန်ခေါ်ခြင်းတစ်မျိုးပဲ ။ ဒါဟာအလေးအနက်ဆင်ခြင်သင့်တယ် ။
ငွေဟာအရေးကြီးတာ မှန်ပါတယ်။ဒါပေမဲ့ အရေးအကြီးဆုံးတော့မဟုတ်ဘူး ။ လူငယ်တွေဆီမှာ
များသောအားဖြင့် စွန့်စားချင်တာတီထွင်ချင်တာရှိမယ် ။ ဒါတွေက အားရစရာအပိုင်းပေါ့ ။ သူတို့မှာ
အားနည်းတာက စိတ်ဓါတ်အင်အားပေါ့ ။နောက်ပြီးတော့ စာဖတ်အားနည်းကြတယ် ။
ဒီလိုပါပဲ အားရတာ ၊ အားမရတာတွေ အားလုံးရောထွေးနေပါတယ် ။
Q - လူငယ်တစ်ယောက်ရဲ့ဘ၀နေထိုင်မှုပုံစံ ( Life Style ) နဲ့ စာပေရေးသားခြင်းလုပ်ငန်း ဆက်စပ်နေပုံကို
ပြောပါဦး ။ ကိုယ်တိုင်ရော ဘယ်လို ( Life Style ) မျိုးနေထိုင်သလဲ ။
A - အရင်တုန်းကတော့ လူနဲ့စာနဲ့ထပ်တူကျဖို့ဘာညာ ပြောသံတွေကြားခဲ့ဖူးပါတယ် ။ ကျွန်တော့
အယူအဆကတော့ အဲ့ဒါမဆိုင်ဘူးဗျ ။ ဂျင်းဘောင်းဘီဝတ်ပြီးဘာသာရေးစာပေတွေရေးချင်ရေးမှာပဲ ။
သူ့မှာ ဘာသာရေးအသိအမြင်တွေ စူးရှထက်မြက်ပြီး တကယ်သိတတ်တဲ့လူဖြစ်ရင်ရပြီ ။ အ၀တ်အစား
ဘာဝတ်ဝတ်အရေးမကြီးဘူး။ လူငယ်ဆိုတာ ဒီဘက်ခေတ်မှာ လူငယ်လိုပဲ ၀တ်စားနေထိုင်မှာပဲ ။
လူတစ်ယောက်ရှင်သန်ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ဟာ အဲ့ဒီလူရဲ့ Life Style ကို ပြဌာန်းမှာပဲ ။
ကျွန်တော်ကတော့ လူငယ်ဆန်တဲ့အနေအထိုင်နဲ့ Pop Culture ကိုသဘောကျပါတယ် ။
Q - စာရေးသူအနေနဲ့မဟုတ်ပဲ သာမန်လူငယ်တစ်ယောက်အနေနဲ့ ဒီနေ့ခေတ်လူငယ်တွေရဲ့ဘ၀ကို
ဘယ်လိုမြင်သလဲ ။
A - ကျွန်တော်က စာရေးဆရာဆိုတာကိုဖယ်ထားလိုက်ရင် သာမန်လူပါပဲ ။ သာမန်လူတစ်ယောက် ရဲ့
နေ့စဉ်ဘ၀နဲ့အနေအထိုင်ကို ကျွန်တော်သဘောကျပါတယ် ။ ဒီနေ့ခေတ်လူငယ်တွေဟာ များသောအားဖြင့်
ဘ၀မှာ ကိုယ်ဘာဖြစ်ချင်သလဲဆိုတာကို ကိုယ့်ကိုမသိကြဘူး ။ အဲ့ဒါတော်တော်ဆိုးပါတယ် ။
ဥပမာ - ကလေးတစ်ယောက်ပေါ့ ။ အတန်းထဲမှာပထမရချင်တယ် ။ ဒါပေမဲ့ အဲ့ဒါပညာတတ်ချင်တာ
မဟုတ်ဘူး ။ ကျောင်းသားအရွယ်ဆိုတော့ အတန်းထဲမှာ ပထမရတဲ့အခါ အဖေ ၊ အမေ ၊ ဆရာမတွေ
ဝိုင်းမြှောက်စားကြတယ် ။ အဲ့ဒီအခါမှာ ကလေးအနေနဲ့ အနေအစားချောင်တယ် ။ ဒီအတွက်ကလေးဆီမှာ
ပထမလိုချင်စိတ်ဖြစ်လာတယ် ။ ဒီအထိက ပြဿနာကြီးမဟုတ်သေးဘူး ။ ဒါပေမဲ့ အဲ့ဒီပထမဆိုတာကို
ရဖို့ တကယ်အရည်အချင်းမပြည့်မှီတဲ့ကလေးကျတော့ ပထမရဖို့ မတရားသောနည်းလမ်းတွေကို
အသုံးချလာကြပြီ ။ အတန်းပိုင်ဆရာမဆီမှာ ကျူရှင်တက်မှ ပထမရတယ်တို့ ဘာတို့ဖြစ်လာပြီ ။
နောက်တစ်ခုက စိတ်ဓါတ်ပေါ့ ။ အဖေ ၊ အမေ ၊ ဆရာ ၊ ဆရာမ ဆိုတာလည်း ကျေးဇူးရှင်ဆိုပေမဲ့
ကိုယ်မဟုတ်ရင် သူများပဲလေ ။ ကလေးတစ်ယောက်မှာ အဲ့ဒီလိုနည်းနဲ့ သူများစိတ်တိုင်းကျလိုက်နေပေးတဲ့
ဓလေ့စရိုက်ကို လေ့ကျင့်ပေးသလိုဖြစ်နေတယ် ။ ဒါဟာ ကျွန်စိတ်ကိုဖြစ်စေတယ်။ပြီးတော့ ကလေးတစ်ယောက်ရဲ့ အရှင်သခင်စိတ်ကိုပျက်စီးစေတယ်လို့ ကျွန်တော်မြင်ပါတယ် ။
Q - ဒီနေ့ခေတ်ကလေးတွေမှာ အဓိကလိုအပ်ချက်က ဘာဖြစ်ပါသလဲ ။
A - တိုတိုနဲ့လိုရင်းပြောရရင် အသိဥာဏ်နဲ့ ယှဉ်တဲ့လွတ်လပ်မှုပေါ့ ။ အဲ့ဒါလိုတယ် . . .
Q - ခေတ်ပြိုင်ရေးနေကြတဲ့ ရေးဖော်လူငယ်တွေကို အမြင်ပြောပါဦး ။
A - ဒိထက်ပိုပြီးအားထုတ်ကြဖို့ တိုက်တွန်းချင်ပါတယ် ။ အများစုကရတဲ့နေရာနဲ့ ငွေကြေးမှာ
သာယာနေကြလို့ပါ ။ မြန်မာစာပေအတွက် အားလုံးမှာတာဝန်ရှိပါတယ် ။ ဒီလောက်ပြောရင်ရပါပြီ ။
သူများအကြောင်း သိပ်မပြောချင်ဘူး ။
Q - နယ်ကလူငယ်ဆိုတော့ နယ်ကလူငယ်တွေရဲ့ခံစားချက်တွေကို ကိုယ်စားပြုပေးပါ ။
A - နယ်ကလာတဲ့လူငယ်ကလောင်သစ်တစ်ယောက်ရဲ့ စာမူကို အယ်ဒီတာဟာ တကယ်ဖတ်မိရဲ့လားဆိုတဲ့
မေးခွန်းနဲ့ ဒီအဖြေကိုစရမလိုဖြစ်နေပြီ ။ တော်ရုံတန်ရုံဝါသနာလောက်နဲ့တော့ သူတို့စိတ်ရှည်သည်းခံပြီး
စာရေးကြမှာမဟုတ်ဘူး ထင်တယ် ။ နယ်ဆိုတော့ ရန်ကုန်လောက်တော့ စာအုပ်စာတန်းမစုံဘူးပေါ့လေ ။
ဒါပေမဲ့ နယ်ကတစ်ချို့လူငယ်တွေဟာ အံ့သြစရာကောင်းလောက်အောင်စာဖတ်ကြတာမျိုးရှိတယ် ။
ရွယ်တူချင်းမို့မေးကြည့်တော့ လိုက်ရှာဖတ်တယ်တဲ့ ။ ကျွန်တော်ကရှားပါးလွန်းတဲ့စာအုပ်တစ်ချို့ကို
ကိုယ်တောင်ကံကောင်းလို့ဖတ်ခွင့်ရတာလို့ ခံယူထားမိတာကိုး ။ ကျွန်တော့လိုပဲ ဖတ်ရတဲ့လူငယ်တစ်ချို့ကို
တွေ့ရတော့ဖြုံသွားတာပေါ့ ။ ဒီတော့ လူသာပဓာနလို့ထင်တယ် ။ နယ်က လူငယ်တစ်ချို့ရဲ့စာမူတွေဆို
ကြောက်စရာကောင်းလောက်အောင်ထက်မြက်စူးရှနေတာမျိုးရှိတယ် ။ မသမာသူအယ်ဒီတာတစ်ချို့က
အဲ့ဒီလိုစာမူတွေကို အပျောက်ရိုက်ပြီး နောင်နှစ်နည်းနည်းလောက်ကြာတော့ အနည်းငယ်ပြင်လိုက်ပြီး
သူတို့နာမည်နဲ့ မဂ္ဂဇင်းတွေပေါ်မှာ ပုံနှိပ်ကြတာလည်းတွေ့ရဖူးပါတယ် ။ ကျွန်တော့သူငယ်ချင်းတွေဆီမှာ
အဲ့လိုပုံပြင်တွေ အများကြီးပဲ ။ ဆိုတော့ ဒီလိုကိစ္စတွေအပါအ၀င် စာမူခပြဿနာတွေအတွက် သူတို့မှာ
ဘာအာမခံချက်မှမရှိဘူး ။ ဒီတော့ အဖြေတစ်ခုခုတော့ ရှိသင့်တယ်ထင်တယ် ။
Q - အခုခေတ်ပေါ်အနုပညာကို ကိုင်စွဲတဲ့လူငယ်တွေရဲ့အနာဂတ်ဟာ ဘယ်လိုရှိမလဲ ။
A - အားမနာစတမ်း ၊ မညာစတမ်းပြောရရင် စမ်းတ၀ါးဝါးပါပဲ ။
Q - ၀တ္ထုနဲ့ ကဗျာနှစ်ခုမှာ ဘယ်အရာက ကိုယ့်ရဲ့ ပင်မ Work လဲ ။
A - အရင်အင်တာဗျူးတွေမှာလဲ ဖြေဖူးပါတယ် ။ ကျွန်တော်က ကဗျာဆရာပါ ။ ၀တ္ထုတွေအများကြီး
ရေးပေမယ့် ဒီအဖြေအတွက် ကျွန်တော် လိပ်ပြာသန့်ပါတယ် ။
Q - ပြည်ပက Art တွေအကြောင်း ၊ သူတို့အလုပ်လုပ်ကြပုံတွေအကြောင်း ခင်ဗျားရဲ့အမြင်လေးပြောပါဦး ။
A - ပြည်ပမှာအနုပညာသမားတစ်ယောက်ရဲ့ ရပိုင်ခွင့်နဲ့နေရာက ကျွန်တော်တို့ဆီမှာနဲ့ အရမ်းကွာတယ် ။
မြူဇီယမ်တွေ ပုဂ္ဂလိက Foundation တွေကအစ နိုင်ငံတော်အထိ အနုပညာသမားတွေရဲ့အသစ်တွေ့ရှိချက် ၊
ဖန်တီးမှုလက်ရာတွေကို အားပေးထောက်ပံ့တာမျိုးတွေရှိတယ် ။ ဒီတော့ သိပ်မအောင်မြင်တဲ့
အနုပညာသမားပေမဲ့လည်း ၀မ်းရေးအတွက် ပူစရာမလိုဘူး ။ အဲ့ဒီအခါ Creation တစ်မျိုးထဲကို အားထုတ်
နေနိုင်ကြတယ် ။ ဒါ့အပြင် သူတို့ဆီမှာအရေးကြီးတဲ့အကိုးအကားတွေလိုတယ်ဆိုရင်လည်း အားလုံးက
ကူညီပေးဖို့အဆင်သင့်ပဲ ။ ယှဉ်ကြည့်လေ .... ပါရမီတွေ ဘာတွေ ဖယ်ထားလိုက်ဦး ။ အထောက်အပံ့ပစ္စည်း
အပြည့်အစုံနဲ့ အရမ်းကြီးမားကျယ်ပြန့်တဲ့ဈေးကွက်ရှိနေတာ နှစ်ခုထဲနဲ့ကို သူတို့ဟာ ကျွန်တော်တို့နဲ့
တော်တော်ကွာနေပြီ ။
နောက်တစ်ခုက သူတို့က သူတို့ရဲ့ Traditional ကို International ဖြစ်အောင်လုပ်ပြကြတာ ။ အဲ့ဒါက
Art မှာမှမဟုတ်ဘူး ။ တခြားနေရာတွေမှာလည်း ဒီအတိုင်းပဲ ။ ကိုကာကိုလာ ၊ 501 Levis' ၊ ဖော်မြူလာဝမ်း
ကားပြိုင်ပွဲ ၊ ဟောလိဝုဒ် ၊ ဆူမိုနပန်း ၊ စပိန်နွားရိုင်းသတ်ပွဲ ... ဒါတွေဟာ ထင်ရှားတဲ့သာဓကတွေပဲ
ဖြစ်ပါတယ် ။ ဆိုတော့ Culture War မှာ ကျွန်တော်တို့က တစ်ပန်းရှုံးနေပြီ လို့ပြောရင်ရတယ် ။ ဒီတော့
Art မှာလည်းဒီသဘောပဲပေါ့ ။ ကျွန်တော်တို့ဆီ အနုပညာသမားအများစုက ကိုယ့်ကိုကိုယ် Professional
လို့မခံယူရဲကြဘူး ။ ကြေးစားဖြစ်မှာ ၊ ငွေမက်တယ်လို့ အထင်ခံရမှာလည်းစိုးသေးတယ် ။ အမှန်က ဒါနဲ့
မဆိုင်ဘူး ။ Professional စိတ်ပေါ့ ။ စိတ်ကအစကွာတော့ အရာရာဟာ ကွာပါတယ် ။
Q - အဲ့ဒီကွာဟမှုလေးတစ်ချို့အကြောင်းပြောပြပါ ။
A - လူနှစ်ယောက်ရှိတယ်ဆိုပါစို့ဗျာ ။ အဲ့ဒီလူနှစ်ယောက်မှာ အဓိကကွာတာက စဉ်းစားတာပဲ ။
စဉ်းစားတာကွာရင် အဲ့ဒီလူနှစ်ယောက်ဟာ အစစအရာရာကွာပါတယ် ။ စဉ်းစားတာကွာတဲ့အတွက်
သင်ယူတဲ့ပညာရေးကွာမယ် ။ ငွေကြေးအပေါ်သဘောထားကွာမယ် ။ အရာဝတ္ထုတစ်ခုကို ကြည့်မြင်တဲ့
ရှုထောင့်ကွာမယ် ။ ဆုံးဖြတ်ချက်တွေကွာမယ် ။ ဒီတော့ စဉ်းစားတာမတူရင် အရာရာဟာ ကွာပါတယ် ။
နောက်တစ်ခုက ဘ၀င်စိတ်ပေါ့ ။ တစ်ချို့က ဘ၀င်မြင့်တယ်လို့ အပြောခံရမှာစိုးကြတယ် ။ ကျွန်တော်ဆို
ဘ၀င်မြင့်တာကို ကြိုက်တယ် ။ ဘ၀င်မြင့်တယ်ဆိုတာ ဘိန်းစားက ဘိန်းမှိန်းပြီးတော့ တဖက်မှာ
နတ်သမီးငါးရာရှိတယ်လို့ စိတ်ကူးယဉ်ပြီးအခြောက်တိုက်ဘ၀င်မြင့်နေတာမျိုးမဟုတ်ဘူး ။
ကျွန်တော့အယူအဆက ဘ၀င်နိမ့်တာမကောင်းဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဘ၀င်နိမ့်တဲ့လူတစ်ယောက်ဟာ
ဘယ်တော့မှ မြင့်မြင့်မားမားမတွေးခေါ်နိုင်ဘူး ။ မြင့်မြင့်မားမားမတွေးခေါ်နိုင်ရင် မြင့်မြင့်မားမား
မဖန်တီးနိုင်ဘူး ။ အနုပညာသမားတစ်ယောက်က မြင့်မြင့်မားမားမဖန်တီးနိုင်ရင် သွားပြီပေါ့ ။
ဟုတ်တယ်မလား ။ အဲ့ဒီလိုပေါ့ ။ စဉ်းစားတာကွာတော့ အယူအဆ အတွေးအခေါ် အစစအရာရာ
ကွာပါတယ် ။
Q - သူတို့နဲ့ယှဉ်ရင် ကိုယ့်ဆီမှာ ဘာအားနည်းနေသလဲ ။
A - အားနည်းတာတွေကတော့ အများကြီးပါပဲ ။ အဓိကကတော့ အနုပညာသမားတွေမှာ ပညာရှင်ဆန်တဲ့
အလေ့အထနဲ့ Professional ဆိုတဲ့စိတ်အားနည်းနေတယ်ထင်တာပဲ ။ ဒါ ကျွန်တော်တစ်ယောက်ထဲရဲ့
သဘောနဲ့ပြောတာနော် ။
Q - Art နဲ့ Education ဟာ ဆက်နွယ်ပါသလား ။
A - တိုက်ရိုက်မဟုတ်ပေမဲ့ သွယ်ဝိုက်သောအားဖြင့်တော့ ဆက်နွယ်နေကြပါတယ် ။ ကျွန်တော့အထင်
ပြောရရင် ပညာရေးဆိုတာ အတန်းပညာထက် အသိပညာကိုပိုပြီး ဦးတည်တယ်လို့ သဘောထားရှိပါတယ် ။
ကမ္ဘာကျော်အနုပညာသမားအများစုဟာ အသိပညာမှာအဆင့်မနိမ့်ကြတာအားလုံးအသိပဲ ။ ဒီတော့
Education အဆင့်မြင့်တဲ့နိုင်ငံတွေမှာ ယဉ်ကျေးမှုအဆင့်မြင့်တဲ့နိုင်ငံတွေမှာ အဆင့်မြင့်တဲ့ယဉ်ကျေးမှုတွေ
ထွန်းကားကြတယ် ။ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေဖြစ်တဲ့ အမေရိကန် ၊ ပြင်သစ် ၊ အင်္ဂလန် ၊ အီတလီ ၊
ဂျပန် အစရှိသဖြင့်နိုင်ငံတွေမှာ မော်ဒန် ၊ ပို့စ်မော်ဒန် ၊ အနုပညာဟာအရမ်းတိုးတက်ကျယ်ပြန့်နေတာကို
မြင်ကြရမှာပါ ။ ဒါတွေကိုကောက်ချက်ချကြည့်ရင် Art နဲ့ Education ဟာ သွယ်ဝိုက်ဆက်စပ်နေတာပေါ့ ။
Q - အနုပညာကို လိုက်စားမဲ့လူငယ်တွေပညာကို ဘယ်လောက်အထိလိုက်စားဖို့လိုမလဲ ။
A - လူငယ်တွေဟာ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသ၍လိုက်စားသင့်ပါတယ် ။ ကျွန်တော်ကိုယ်တိုင်လဲ
အခုထိပညာနဲ့ဆိုင်တဲ့အရာရာကို သင်ယူနေရဆဲပါ ။
Q - ကိုယ်တိုင်ရော ပညာကို ဘယ်လောက်အထိ အရေးထားသလဲ ။
A - ကိုယ့်ကိုကိုယ် အဆက်မပြတ်သင်ယူဖို့ အသင့်ပြင်ထားပါတယ် ။ ကျွန်တော်ဟာ ပညာလူ့အဖွဲ့အစည်း ရဲ့
သားကောင်ဆိုလည်းမှန်ပါတယ် ။
Q - ကဗျာကိုမြှင့်တင်အလေးအနက်ထားကြဖို့ လက်ရှိစာနယ်ဇင်းလောကမှာ ဘာတွေလိုအပ်နေသလဲ ။
A - ကျွန်တော့သဘောအရပြောရရင် ကဗျာစာမူခဟာ မဂ္ဂဇင်းတစ်အုပ်လုံးမှာ အများဆုံးဖြစ်သင့်တယ် ။
စာပေကိုနားမလည်ပဲ အခြေအနေအရ အယ်ဒီတာဖြစ်လာကြသူတွေ ၊ ကဗျာဆရာရဲ့တန်ဖိုးကို မသိတဲ့
အယ်ဒီတာတွေ ၊ အယ်ဒီတာကို တံစိုးလက်ဆောင်ပေးပြီးအရက်တိုက်ပြီး ကဗျာပါကြရသူတွေ ၊
နာမည်ကြီးတွေလျှောက်ရေးထားသမျှကို မပယ်ရဲဘဲ ကဗျာဆိုတဲ့ခေါင်းစဉ်အောက်မှာ ဖော်ပြပေးနေကြတဲ့
အယ်ဒီတာတွေ ၊ ကဗျာနဲ့ စာညွှန်းတောင်မခွဲခြားတတ်ပဲ အယ်ဒီတာလုပ်သူတွေ ... ဒါတွေအားလုံး
နှိမ်နင်းပြုပြင်ရပါလိမ့်မယ် ။
Q - ရေးပြီး ထွက်ပြီးတဲ့စာအုပ်တွေ ၊ Works တွေအထိုက်အလျောက်များနေပြီ ။ Quantity နဲ့ Quality ကိုဘယ်လိုချိန်သလဲ ။
A - ကျွန်တော်ရေးသမျှစာအုပ်တွေအားလုံးဟာ ကျွန်တော်ယုံယုံကြည်ကြည်ရေးခဲ့တာချည်းပါပဲ ။
ကျွန်တော့ဖန်တီးမှုအားလုံးကို ကျွန်တော်က တစ်တန်းစားထဲအားထုတ်ပါတယ် ။ ကဗျာပဲရေးရေး
ဝတ္ထုပဲရေးရေး ကျွန်တော်ကြိုးစားမှုဟာ အတူတူပဲ ။ ၀တ္ထုတွေဆိုရင်လည်း တစ်အုပ်နဲ့တစ်အုပ်မတူအောင်
အတတ်နိုင်ဆုံး ကျွန်တော်ရေးတယ် ။ " အပြာရောင်မှတ်ဥာဏ်အပိုင်းအစများ " ဆိုရင် လုံးချင်းဆိုပေမဲ့
လုံးချင်းဝတ္ထုတွေရဲ့ Technic ကိုကျွန်တော် အတတ်နိုင်ဆုံးမေ့ထားတယ် ။ ဒိုင်ယာရီရေးသလိုပဲ . . .
အဖြစ်အပျက်တွေ ဒိုင်ယာလော့ခ်တွေထည့်ပြီး တန်းရေးထားတာမျိုးပါ ။ လုံးချင်းဆိုပေမဲ့ ဇာတ်ရှိန်အတက်
အကျမရှိပဲ ( တနည်းအားဖြင့်ဂရုမစိုက်ပဲ ) ကျွန်တော်ရေးခဲ့ပါတယ် ။
"ကျူးပစ်ကိုယ်တိုင်မသိခဲ့တဲ့ မြှားအကြောင်း " ဆိုလည်း အခန်းကို ( ၁-က ) (၁-ခ) ဆိုပြီး ခွဲလိုက်တယ် ။
(၁-က) တိုင်းကိုရေးချင်တာတွေပြောချင်တာတွေကို Abstract ဆန်ဆန်လျှောက်ရေးပစ်တယ် ။
(၁-ခ) ကျမှဇာတ်လမ်းကိုရေးတယ် ။ ဒီတော့ ပရိသတ်က အခန်း (၁-က) (၂-က) အစရှိသဖြင့် တန်းစီ
ဖတ်သွားရင် မော်ဒန်ဝတ္ထုတစ်ပုဒ်လိုခံစားရမယ် ။ "ခ" တွေချည်းပဲဆိုရင် ဇာတ်လမ်းပေါ့ ။ "က" ရော "ခ" ရော
ဖတ်မယ်ဆိုရင်လည်းနှစ်မျိုးစလုံးရဲ့ အရသာကိုရမှာပေါ့ ။ အဲ့ဒီလို ကျွန်တော့ဖက်က ကြိုးကြိုးစားစား
ရေးခဲ့ပါတယ် ။ ကျန်တဲ့ဝတ္ထုတွေမှာဆိုလည်း စကားပြေကို ကျွန်တော့ဟန်နဲ့ကျွန်တော်ဖြစ်အောင်လုပ်တယ် ။
ဒါတွေကိုပြောရတာကလည်း Quality ကိုပဲ ကျွန်တော်ဦးစားပေးတယ်ဆိုတာသိစေချင်လို့ပါ ။ စာအုပ်တိုင်းကို
ကျွန်တော်အမြန်ပြီးအောင်ဆိုပြီး ဘယ်တော့မှမရေးဘူး ။ ပြီးမှပဲထွက်တယ် ။ ဒါကြောင့် ကျွန်တော့
စာအုပ်တွေ အထွက်ကျဲပါတယ် ။
Q - ကိုယ့်ရဲ့စာဖတ်ပရိသတ်က ဘာတွေပြန်ပြောသံကြားရသလဲ ။
A - မျိုးစုံပါပဲ ။ ဗလာကောင်တို့လို အတိုတွေပဲကြိုက်တဲ့ပရိသတ်ကျတော့ လုံးချင်းကို မရေးစေချင်ဘူး ။
လုံးချင်းဝတ္ထုတွေထဲမှာ " စိတ်ကောက်နတ်သမီး " တို့ ၊ " ၀တ်မှုန်ကူးတဲ့ကြယ် " တို့ ၊ " သံယောဇဉ်ဖတ်စာ "
တို့ကျတော့ ကျွန်တော်က Pop ဖြစ်အောင်တမင်အားထုတ်ထားတာ ။ ဒီတော့ အရမ်းစာပေမဆန်ပဲ
Idea ကိုစကားလုံးတွေနဲ့ပုံဖော်သလိုဖြစ်နေတယ် ။ နည်းနည်းအဆင့်မြင့်တဲ့စာဖတ်သူတွေက ဒါမျိုးတွေဆို
မကြိုက်ကြဘူး ။ တစ်ချို့ကျတော့ အဲ့ဒါမျိုးမှတဲ့ ။ ကဗျာတွေ ၀တ္ထုတိုတွေဆို မကြိုက်ကြဘူး ။ ဆိုတော့
ကျွန်တော့ပရိသတ်က နှစ်မျိုးဖြစ်နေတယ်ဆိုရမှာပေါ့ ။ ပရိသတ်ဆီက အများဆုံးကြားရတဲ့အသံကတော့
ဇာတ်သိမ်းရင် မင်းသားနဲ့ မင်းသမီးကို ညားပေးပါ တဲ့ ။ ( ရယ်လျက် )
Q - ကိုယ်နဲ့ရွယ်တူလူငယ်တွေကို လှမ်းပြောချင်တဲ့စကားရှိရင် ပြောပါဦး ။
A - ကမ္ဘာပေါ်မှာရှိသမျှ ကြီးကျယ်ခမ်းနားသောအရာအားလုံးဟာ စိတ်ကူးကစခဲ့တာချည်းပဲ ။ ဒီတော့
ပြောချင်တာက ကိုယ်ဖြစ်ချင်တာကိုအရင်ဆုံး စိတ်ကူးပေါ့ ။ အဲ့ဒီစိတ်ကူးကို ယုံကြည်မှုဖြစ်လာတဲ့အထိ
ထပ်တလဲလဲစိတ်ကူး ။ စိတ်ကူးကနေ ယုံကြည်မှုဖြစ်လာပြီဆိုရင်တော့ အပြင်းအထန်အကောင်အထည်
ဖော်ပေတော့ ။ မတော်တဆဖြစ်လာတဲ့လူနဲ့ ယုံကြည်မှုကို အကောင်အထည်ဖော်ပြီးဖြစ်လာတဲ့လူဟာ
ကွာကိုကွာနေပါလိမ့်မယ် ။ အဲ့ဒါကိုတော့ ကျွန်တော် အသေအချာပြောချင်ပါတယ် ။
Q - နိုင်ငံတစ်နိုင်ငံမှာ စာရေးဆရာတစ်ယောက်ရဲ့အခန်းကဏ္ဍဟာ ဘယ်လောက်အထိအရေးပါတယ်လို့
ထင်ပါသလဲ ။
A - နိုင်ဂျီးရီးယားနိုင်ငံသား စာရေးဆရာ ဘန်အိုခရီ ( Benokri ) က The Guardian သတင်းစာကိုပြောခဲ့တဲ့
စကားတစ်ခွန်းကို ကျွန်တော်ကပြန်ပြီး ဖောက်သည်ချချင်ပါတယ် ။ သူကဘာပြောလဲဆိုတော့
" နိုင်ငံတစ်နိုင်ငံရဲ့ကျဆုံးမှုဟာ အဲ့ဒီနိုင်ငံက စာရေးဆရာတွေရဲ့အ၇ည်အချင်းကျဆုံးမှုနဲ့ စတင်ပါတယ် " တဲ့ ။
Q - လူ့ကျင့်ဝတ်နဲ့ပတ်သတ်လို့ လူငယ်တွေကို တစ်ခုခုပြောစရာများရှိပါသလား ။
A - အဲ့ဒီမေးခွန်းက တကယ်တော့ ပြဿနာရှိတယ်ဗျ ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့
လူ့အဖွဲ့အစည်းမှာ အစကတည်းက အဲ့ဒီ ( Ethics ) ကျင့်ဝတ်နဲ့ပတ်သတ်လို့ စံချိန်တွေ ပေတံတွေက
သေချာမရှိဘူး ။ ဥပမာ - ခိုးတယ်ဆိုတာမကောင်းဘူးပေါ့ ။ ဟုတ်ပြီ ။ ခိုးတာမကောင်းဘူးဆိုတာကို
လက်ခံတယ် ။ ဒါပေမဲ့လူတွေက ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားတွေကိုကျတော့ ကမ္ဘာနဲ့ချီပြီးတော့ကို
အားပေးလက်ခံနေကြပြန်တယ် ။ ဂျိမ်းစ်ဘွန်းမင်းသားကိုလည်း သူရဲကောင်းတစ်ယောက်လို
သဘောထားနေကြတာမျိုးလဲရှိတယ် ။ ကျွန်တော်ပြောချင်တာက အဲ့ဒီ ဂျိမ်းစ်ဘွန်းမင်းသားဆို သူများ
နိုင်ငံထဲဝင်ပြီး အချက်အလက်တွေဝင်ခိုးတယ် ။ သူများသားမယားတွေကို ခိုးပေါင်းတယ် ။ သူများအခန်းတွေ
ပိုင်နက်တွေထဲခိုးဝယ်တယ် ။ ခိုးထွက်တယ် ။ သူများကို သေနတ်နဲ့ခိုးပစ်တယ် ။ နောက် ကျွန်တော်တို့
တိုင်းပြည်ရဲ့ ဒဏ္ဍာရီထဲမှာဆိုလည်း သူခိုးကြီးငတက်ပြားကို ဟီးရိုးတစ်ယောက်လိုဂုဏ်ပြုထားတယ် ။
ငတက်ပြားနေ့ဆိုတာတောင်ရှိတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ခိုးရာပါပစ္စည်းတွေကိုဆင်းရဲသားတွေဆီဝေငှ
တာကနောက်တစ်ပိုင်းပဲ။အရင်ဆုံးကိုယ်က သူတစ်ပါးဥစ္စာပစ္စည်းကိုမသိအောင်ယူရင်
ခိုးတာပဲလေ ။ ဆိုတော့ ခိုးတာမကောင်းဘူးဆိုတာ ဘာလဲ ။ လူ့အဖွဲ့အစည်းရဲ့ သတ်မှတ်ချက်တွေက
သံသယရှိစရာကောင်းပါတယ် ။ ဒီတော့ ကျင့်ဝတ်နဲ့ပတ်သတ်တဲ့အသိတွေ စံချိန်စံညွှန်းတွေဟာ
မသေချာဘူး ။ အဲ့ဒီအသိတွေကို ဖော်ပြတဲ့ဘာသာစကားဟာလည်း မသေချာဘူး ။ ဘာသာစကား
ကိုယ်တိုင်ကမသေချာမှတော့ ကျွန်တော်ကရော ဘာပြောနိုင်မှာလဲ ။
Q - ဒီနေ့ခေတ်လူငယ်တွေ တကယ်လိုအပ်နေတာက ဘယ်လိုစာပေမျိုးလဲ ။ ကိုယ်ကိုယ်တိုင်ရေးတဲ့
စာပေကရော ... အဲ့ဒီအထဲမှာပါလား ။
A - အဲ့ဒါကပြောရတာ ခက်တယ် ဗျ... ။ လိုတာကတော့ အကုန်လုံးလိုတာပါပဲ ။ ထားပါတော့ ။
ကျွန်တော်က လူတတ်ကြီးလုပ်ပြီး မင်းတို့ဆီမှာ ဒါတွေလိုနေတယ်လို့ ပြောလိုက်ပြီပဲထား ။ သူတို့က
တကယ်ဖတ်ဦးမှ ကြိုးစားဖတ်ကြဦးမှ ။ ဟုတ်တယ်မလား ။ အဓိကက သူတို့ကိုယ်တိုင်လိုချင်စိတ်ရှိဖို့
အရေးကြီးပါတယ် ။ ကျွန်တော့အမြင်ပြောရရင် လူငယ်တွေကို ဖျော်ဖြေရေးဆန်တဲ့စာအုပ်တွေဆီကနေ
" ရသ " စာပေစစ်စစ်တွေကို ရွေးချယ်ဖတ်တတ်လာစေချင်ပါတယ် ။ ဇာတ်လမ်းဖတ်တဲ့စာဖတ်သူအဆင့်
ကနေ စာကိုဖတ်တဲ့စာဖတ်သူတွေဖြစ်လာစေချင်တယ် ။
ကျွန်တော်ရေးတဲ့စာတွေကိုတော့ သမိုင်းကပဲ ဆုံးဖြတ်ပေးပါလိမ့်မယ် ။ တစ်ချို့သောတတိယတန်းစား
ပုဂ္ဂိုလ်များကတော့ သမိုင်းကိုလက်ငင်းရေးဖို့ကြိုးစားနေတာတွေ့ရပါတယ် ။ သူတို့ကိုပြောချင်တာက
သမိုင်းဆိုတာ ကိုယ့်ဘာသာကိုယ် လက်ငင်းရေးလို့မရဘူး ဆိုတာပါပဲ ။
Q - ဒီနောက်ပိုင်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ HIV နဲ့ လူသားချင်းစာနာထောက်ထားရေး
ကိစ္စတွေဟာ လူ့အဖွဲ့အစည်းမှာအရေးပါလာတယ် ။ စာရေးသူတစ်ယောက်အနေနဲ့ ဒီကိစ္စတွေကို ရေးဖို့
အာရုံရှိလား ။ ဒီကိစ္စတွေမှာ ပါဝင်ပတ်သတ်ဖို့ တာဝန်ရှိတယ်လို့ ထင်လား ။
A - ခင်ဗျားပြောတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ ၊ HIV ပြဿနာတို့ ၊ လူသားချင်းစာနာထောက်ထားရေး
တို့ဆိုတာတွေဟာ တကယ်တော့ လူတွေအားလုံးနဲ့ဆိုင်တယ် ။ ပါဝင်ပတ်သတ်ဖို့လည်း လူငယ်တိုင်းမှာ
တာဝန်ရှိတယ် ။ အဲ့ဒီတာဝန်ကလည်း ဘယ်သူမှပေးထားတဲ့တာဝန်မဟုတ်ဘူး ။ ကိုယ့်အသိဥာဏ်အရ
ဒါဟာ လူသားတစ်ယောက်ရဲ့ယဉ်ကျေးတဲ့အပြုအမူလို့ခံယူထားသူတိုင်း ဒီတာဝန်ကို ယူကြမှာပါ ။
ကျွန်တော့စာတွေထဲမှာ ထည့်ရေးဖို့ကိစ္စကိုတော့ ဖတ်ကြည့်ပါလို့ပဲ ပြောချင်တယ် ။ ယမ်းပေါဆတ်ကတော့
ဒီလိုပြောခဲ့ဖူးတယ်ဗျ ။ " လူတွေကို အရေးတကြီးစကားတွေပြောစရာရှိလျက်နဲ့ ပြောဖို့အခွင့်အရေး
ရှိပါလျက်နဲ့ မပြောပဲနေရင် အဲ့ဒါ ရာဇ၀တ်မှုမြောက်တယ် " တဲ့ ။
ဒီလောက်ဆို ကျွန်တော့သဘောထားကို သိလောက်ပြီထင်ပါတယ် ။
Q - ဘာတွေဆက်လုပ်ဦးမလဲ ၊ အနာဂတ်ကိုရော ဘယ်လိုစဉ်းစားထားသလဲ ။
A - ဒီလိုပဲပေါ့ ။ ၀တ္ထုနဲ့ ကဗျာပဲရေးဖြစ်မှာပါ ။ ရေးဖို့စဉ်းစားထားတာတွေ အများကြီးရှိတယ် ။
လောလောဆယ်မအားသေးလို့ စာအုပ်ထဲမှာပဲ အကြမ်းမှတ်ထားတာ ။ နောက် . . . ကျွန်တော့ဘာသာ
ဆန်းသစ်ထားတဲ့ ၀တ္ထုတိုပုံစံတွေပေါ့ ။ အသက် ( ၃၅ ) လောက်ကျရင်တော့ ကိုယ်တိုင်ရေးအတ္ထုပ္ပတိ
( Self - Biography ) လေးရေးမယ် ။ အခွင့်အရေးလည်းရမယ် ။ ကျွန်တော်လည်းအသက်ရှင်နေဦးမယ်
ဆိုရင်တော့ အသက် ( ၇၀ ) မှာ ( Self- Biography ) ဒုတိယပိုင်းကိုဆက်ရေးချင်ပါတယ် ။ ဒီလောက်ပါပဲ ။
( အထက်ပါ အင်တာဗျူးကို ဖက်ရှင်မဂ္ဂဇင်း - ဒီဇင်ဘာလ ၂၀၀၈ တွင် ဖော်ပြခဲ့ပြီးဖြစ်သည် ။
အံ့ဘုန်းမြတ် မှ တွေ့ဆုံ မေးမြန်းသည် )
ကျွန်တော်နှင့်ပေဖူးလွှာမဂ္ဂဇင်းအင်တာဗျူး ( 2010 - August )
၁။ စာရေးတယ်ဆိုတာ အနုပညာလား၊ အတတ်ပညာလား...ဆရာအနေနဲ့ဘယ်လိုထင်မြင်ပါသလဲ။
တကယ်တော့ စာရေးတယ်ဆိုတာ အတတ်ပညာနဲ့ အနုပညာကို အချိုးအစားညီစွာပေါင်းစပ်ထားတာပဲ ။
ဘယ်စာရေးသူမဆို စာရေးသက်နုစဉ်အစပိုင်းကာလတွေမှာ အနုပညာပါရမီကိုအားကိုးပြီး ရေးသားဖန်တီးလေ့
ရှိကြတယ် ။ တွင်းထွက်ဆိုတဲ့သဘောက ရေရှည်မှာ ကုန်ခမ်းသွားတတ်တာကြောင့် တစ်ဘ၀လုံး
စာရေးဖို့အတွက်ကျတော့ ၀မ်းစာကအရေးကြီးလာပြီ ။ အတတ်ပညာလည်းပါလာရပြီပေါ့ ။
ပါရမီသက်ကုန်သွားတဲ့အခါ ပညာသက်နဲ့ဆက်တက်ရမယ် ။
၂။ ဆရာဇော်ဂျီက “စာကောင်းရေးချင်ရင် စိတ်ကောင်းမွေးရမယ်” လို့ ဆုံးမတာ ဖတ်ဖူးပါတယ်။
ဒါနဲ့ပတ်သက်လို့ ဆရာ့အမြင်ကို ပြောပါ။
ဆရာဇော်ဂျီပြောတာမှန်ပါတယ်။ဒါပေမဲ့ရိုးရိုးစိတ်ကောင်းရှိရုံနဲ့မပြီးသေးဘူး။စိတ်ကောင်းဆိုရာမှာ
အမှန်တရားကိုလည်း ချစ်တတ်ရမယ်။ ကိုယ်နဲ့ အတွေးအမြင် အယူအဆမတူညီ သူတွေကိုလည်း
သဘောထားကြီးပေးနိုင်ရမယ်။ အများပြည်သူအတွက် တရားမျှတတဲ့ဘက်က ရပ်တည်ပေးရဲရမယ်။
သူရဲကောင်းတိုင်းကို (ရန်သူ၊ မိတ်ဆွေမရွေး) လေးစားတတ်ရမယ်။ မိမိရဲ့အတ္တစိတ်ကြောင့်ဖြစ်လာတဲ့
ဘယ်လိုအဓမ္မမှုကိုမဆို ရှက်တတ်ရမယ်။ ဒါတွေဟာ စိတ် ကောင်းနှလုံးကောင်းရှိသူတွေရဲ့
ယဉ်ကျေးတဲ့အပြုအမူတွေပဲ မဟုတ်လား။ ဒါမှလည်း စာကောင်းတွေ ရေးနိုင်မှာပေါ့။ ကျွန်တော်ကတော့
ဆရာဇော်ဂျီရဲ့စကားကို အဲဒီလိုပဲ သုံးသပ်မိပါတယ်။
၃။ လူတိုင်းဘာဖြစ်လို့ စာရေးဆရာမဖြစ်နိုင်ကြတာလဲ။ လူမှာဗီဇနဲ့ ပတ်ဝန်းကျင်... ဘယ်ဟာက
ပိုအရေးကြီးပါသလဲ။
လူတိုင်းမဖြစ်တာ စာရေးဆရာမှမဟုတ်ဘူး။ နာမည်ကျော် မင်းသား၊ မင်းသမီး၊ အဆိုတော်တွေ၊ ၀န်ကြီးချုပ်၊
သမ္မတ....စသဖြင့် နိုင်ငံရေးခေါင်းဆောင်တွေ၊ ကမ္ဘာအဆင့်အားကစားသမားတွေ၊ သိပ္ပံပညာရှင်တွေ၊
(GM)အဆင့် စစ်တုရင်သမားတွေ....အစရှိတာတွေလည်း လူတိုင်းမဖြစ်နိုင်ပါ။ လူတစ်ယောက်မှာ
နိမ့်ကျတဲ့ဘ၀ပဲဖြစ်ဖြစ်၊ မြင့်မားတဲ့ဘ၀ပဲဖြစ်ဖြစ် ရှိလာခဲ့ပြီဆိုရင် အဲဒီလူရဲ့ ပင်ကိုယ်ဗီဇကြောင့်ရော
ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုကြောင့်ပါ နှစ်မျိုးစလုံးနဲ့ဆိုင်ပါတယ်။ တချို့လူတွေအတွက် ပင်ကိုယ်ဗီဇ
ရာခိုင်နှုန်းများပြီး တချို့လူတွေအတွက်တော့ ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုက ပိုမိုရာခိုင်နှုန်းများနေတတ်ပါတယ်။
ဒါပဲကွာခြားတယ်လို့ ကျွန်တော်ထင်ပါတယ်။
၎။ စာရေးဆရာတွေဟာ ရည်ရွယ်ချက်မျိုးစုံနဲ့ စာရေးတတ်ကြတယ်။ ဆရာအနေနဲ့ရော
ဘယ်လိုရည်ရွယ်ချက်တွေနဲ့ စာရေးပါသလဲ။
စာရေးသူတွေဟာ ရည်ရွက်ချက်အမျိုးမျိုးနဲ့ စာရေးတတ်ကြပါတယ်။ တချို့က လူထုကို
သူတို့ရဲ့အတွေးအခေါ်သစ်တွေ၊ အယူအဆသစ်တွေကို ဖြန့်ဝေချင်လို့ (တစ်နည်း) message ပေးချင်လို့၊
တချို့က အောင်မြင်ကျော်ကြားချင်လို့၊ တချို့က ပိုက်ဆံလိုချင်လို့၊ တချို့က လူတွေကို သူတို့ ဘယ်လောက်
တတ်ကြောင်း၊ ဘယ်လိုတော်ကြောင်းတွေပြောပြီး သူတို့ရဲ့ သြဇာကိုထူထောင်ချင်လို့၊ တချို့ကလည်း သူတို့ရဲ့
အနုပညာအရည်အသွေးကို ပြသချင်လို့....(စသဖြင့်) မျိုးစုံရှိကြပါတယ်။ ကျွန်တော်အနေနဲ့ကတော့
ရိုးသားစွာပြောရရင် ဇာတ်ကြောင်းပါတဲ့ ပုံဝတ္ထုလေးတွေပြောပြပြီး ဖျော်ဖြေမှုပေးချင်လို့ရယ်၊ ကျွန်တော်ရဲ့
စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့ ငွေစကြေးစလေးတွေရချင်တာရယ်၊ စာဖတ်သူတွေကို အသိဥာဏ်နဲ့ယှဉ်တဲ့
လွတ်လပ်မှုမျိုးကို တည်ဆောက် ကြစေချင်တာရယ်ကြောင့် စာတွေရေးဖြစ်နေတာပါ။ အဲ....တစ်ခါတလေ
ဘယ်လိုမှမရေးဘဲ မနေနိုင်လို့ အပျင်းပြေ လျှောက်ရေးမိတာတွေလည်း ပါတာပေါ့ လေ။
၅။ စာအုပ်စာပေဟာ တစ်လူတစ်ယောက်ရဲ့ဘ၀ကို ပြောင်းလဲနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ တကယ်လို့ရှိခဲ့ရင် ပြောပြပေးပါ။
စာအုပ်စာပေဟာ လူတစ်ယောက်ရဲ့ ဘ၀ကို ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာ
တက်ကျမ်းစာအုပ်တွေမှာ ပါလေ့ရှိတဲ့ အတွေးအခေါ်မျိုးပဲ။ စာအုပ်တစ်အုပ်ကြောင့် လူတစ်ယောက်ရဲ့
ဘ၀ပြောင်းလဲသွားနိုင်တယ်ဆိုတာ ဟုတ်ပါ့မလား။ ကျွန်တော်ကတော့ လူတစ်ယောက်မှာ
အသိဥာဏ်ကသာ ပိုအရေးကြီးတယ်လို့ ထင်တယ်။ တကယ်လို့ စာအုပ်တစ်အုပ်ကြောင့်
လူတစ်ယောက်ရဲ့ဘ၀ ပြောင်းလဲသွားခဲ့တယ်ဆိုရင်လည်း အဲဒီလူရဲ့ စုပ်ယူမှတ်သားနိုင်တဲ့
အင်အားကြီးမားမှုနဲ့ သိမှုကို ချဲ့ထွင်နိုင်တဲ့ စွမ်းရည်မြင့်မားမှုကြောင့်ပါပဲ။
၆။ စာကြီ။ပေကြီးနဲ့ စာကောင်းပေမွန် ဘယ်လိုကွဲပြားမှု ရှိပါသလဲ။ ပြီးတော့ ဘယ်ဟာက
ပိုပြီးတန်ဖိုးရှိစေပါသလဲ။
စာကြီးပေကြီးဆိုတာ လူတွေကိုဗဟုသုတတွေ အများကြီးပေးဖို့ နှုတ်ခမ်းမွှေးကားကားနဲ့
ဥပဓိရုပ်ခန့်ခန့်ထည်ထည် ရှိတဲ့စာအုပ်ကြီးတွေပေါ့။ စာကောင်းပေမွန်ဆိုတာကတော့ အနှစ်သာရအားဖြင့်
လူတွေစိတ်ကောင်းနှလုံးကောင်း ရှိလာအောင်မွန်မြတ်တဲ့ ရည်ရွယ်ချက်မျိုးရှိတဲ့ လမ်းညွှန်စာအုပ်မျိုးပါပဲ။
အဲဒီ နှစ်မျိုးစလုံးဟာ အရေးကြီးတဲ့ တန်ဖိုးကိုယ်စီရှိကြပါတယ်။ ဒါကို ကျွန်တော်က အဲဒီနှစ်ခုမှာ တစ်ခုခုက
တန်ဖိုးပိုရှိတယ်လို့ ဆုံးဖြတ်ရလောက်အောင်တော့ မမိုက်မဲသေးပါဘူး။
၇။ အမျိုးသားရေးစိတ်ဓာတ်ဆိုတာ ဘာကိုခေါ်တာပါလဲ။ ရှင်းပြပေးပါ
ခင်ဗျားပြောတဲ့ အမျိုးသားရေး စိတ်ဓာတ်ဆိုတာ တိုင်းပြည်နဲ့ လူမျိုးရဲ့အကျိုးစီးပွားကို လိုလားတဲ့
မျိုးချစ်စိတ်ဓာတ်လို့ပဲ ကျွန်တော် နားလည်မိပါတယ်။ မျိုးချစ်စိတ်ဓာတ်ဆိုတာ သိပ်အရေးကြီးတာပေါ့။
ကမ္ဘာပေါ်မှာ ရှိရှိသမျှ နိုင်ငံတိုင်းမှာပေါ်လစီအားဖြင့် သူတို့ရဲ့ အမျိုးဘာသာ၊ သာသနာ ကို
ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာမျိုး ရှိကြတာချည်းပဲ။ ကျွန်တော့်အနေနဲ့လည်း တိုင်းပြည်က
လူငယ်တွေကို မျိုးချစ်စိတ်ရှိစေချင်ပါတယ်။ မျိုးချစ်စိတ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ
အိုဘားမားပြောတဲ့စကားတစ်ခွန်းကို ကျွန်တော်သဘောကျမိတယ်။ အခုကျွန်တော်က အဲဒါကိုပဲ
ကျွန်တော်လက်ခံ ထားတဲ့ ခံယူချက်အနေနဲ့ တဆင့်ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။ အိုဘားမားက
ဘယ်လိုပြောသလဲဆိုတော့ “မျိုးချစ်စိတ်ဆိုတာကို တစ်ခုတည်းသော တိုင်းပြည်၊
တစ်ယောက်တည်းသော ခေါင်းဆောင်၊ တစ်မျိုးတည်းသော မူဝါဒ အပေါ်မှာ သစ္စာစောင့်သိရမယ်ဆိုတဲ့
အဓိပာယ်မျိုးဖွင့်ဆိုလို့မရပါဘူး...”တဲ့။ သူဆိုလိုတဲ့နောက်ဆက်တွဲအဓိပာယ်က အရမ်းကျယ်ဝန်းတယ်။
ငါ့နိုင်ငံ၊ ငါ့လူမျိုးဆိုတာတွေကို ကျော်လွန်ပြီး ကမ္ဘာ့လူသားမျိုးနွယ်ဆိုတဲ့အဆင့်အထိ ပြောသွားတာ...ဒါဟာ
သူ့ရဲ့ ကျယ်ပြန့်တဲ့ ဥာဏ်အမြင်ကို ပြသရာလည်းရောက်ပါတယ်။
၈။ အမျိုးသားရေးနဲ့ နိုင်ငံရေး ဘယ်လိုကွာခြားသလဲ။ ဆရာက နိုင်ငံရေးစိတ်ရှိသူလား။
အမျိုးသားရေးနဲ့နိုင်ငံရေးဟာ တူသလိုနဲ့မတူဘူး။ မတူသလိုနဲ့လည်း တူနေပြန်တယ်။ အမျိုးသားရေးက
သပ်သပ်၊ နိုင်ငံရေးက သပ်သပ် ခွဲခြားပြီးပြောဖို့ ခက်လှပါတယ်။ အခုနောက်ပိုင်းမှာ အဲဒီနှစ်ခုကိုတွဲပြီး
အမျိုးသားနိုင်ငံရေး (National Politics) လို့ ပြောလာကြတယ်။ အမျိုးသားနိုင်ငံရေး ဆိုတာ ရိုးရိုးနိုင်ငံရေးသမား(Politician) တွေထက် တစ်ဆင့်ပိုမြင့်တဲ့ နိုင်ငံပြု သုခမိန် (Statesman) တွေကသာ လုပ်တာလို့ ပြောနိုင်တယ်။တပြိုင်တည်းမှာပဲ ဟစ်တလာလို အာဏာရှင်တွေကလည်း
သူတို့ကိုယ်သူတို့အမျိုးသားနိုင်ငံရေးလို့ ကြွေးကျော်ကြတာပဲ။ တချို့နိုင်ငံတွေမှာ အမျိုးသားရေးဆိုပြီး
လူနည်းစုအခွင့်အရေးတွေ၊ အကျိုးစီးပွားတွေကို ဖိနှိပ်ခံနေရတာမျိုးတွေ ရှိတယ်။
ကျွန်တော်တို့ နိုင်ငံဟာလည်း တိုင်းရင်းသား လူမျိုး ပေါင်းစုံ စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံဆိုတော့
ဒါမျိုးတွေမဖြစ်အောင် အထူးသတိချပ်ဖို့လိုပါတယ်။ အမျိုးသားရေးလို့ ကြွေးကျော်ပြီး အမြင်ကျဉ်း
အမျိုးသားရေးဝါဒီ (Narrow Nationalism) ဖြစ်သွားတတ်တာမျိုးလည်း ရှိတယ်။
ကျွန်တော်ပြောချင်တာက နိုင်ငံရေးကို အမြင်ကျယ်ကျယ်နဲ့ လုပ်ဖို့လိုတယ်။ နိုင်ငံရေးစိတ်က ကျွန်တော်မှ
မဟုတ်ဘူး။ မြန်မာနိုင်ငံသား အားလုံး နိုင်ငံရေးစိတ်ရှိရမှာ....။ နိုင်ငံရေးဆိုတာ
တိုင်းပြည်တစ်ပြည်ရဲ့အဆင့်အမြင့်ဆုံး အဆောက်အအုံပဲ။ ဒါကိုကောင်းအောင် လုပ်ဖို့ ပြည်သူတစ်ရပ်လုံးမှာ
တာဝန်ရှိတယ်ဆိုတာ သိစေချင်တယ်။
၉။ အာဏာ၊ အသပြာ၊ သြဇာ....သုံးခုထဲက နှစ်သက်ရာတစ်ခုကို ရွေးချယ်ပေးပါ။
ဒီကနေ့ လူ့အဖွဲ့အစည်းမှာ အာဏာ၊ အသပြာ၊ သြဇာ....သုံးခုစလုံးဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်စုဖွဲ့ထားတဲ့
ကွန်ယက်တွေပဲ။ အဲဒီ သုံးမျိုးစလုံးဟာ ပါဝါ(Power) ကို ဖြစ်ပေါ်စေတယ်။ ကျွန်တော့်အနေနဲ့ကတော့
ပါဝါရှိတာကို သဘောကျပါတယ်။
၁၀။ ဆရာကွယ်လွန်သွားတဲ့အခါ နာမည်တစ်လုံး ကျန်ရစ်ခဲ့ဖို့ ဘာတွေလုပ်ဆောင်ခဲ့မလဲ။
နာမည်တစ်လုံးကျန်ရစ်ခဲ့ဖို့ဆိုတာ ရည်ရွယ်ချက်တစ်စုံတစ်ရာနဲ့ လုပ်လို့ရပါ့မလားလို့ ကျွန်တော်
သံသယရှိတယ်။ လူတစ်ယောက် အသက်ရှင်နေစဉ် ကာလမှာ ပြုမူလုပ်ဆောင်ခဲ့တဲ့အရာတွေဟာ
သူကွယ်လွန်သွားတဲ့အခါ သူ့သမိုင်း ဖြစ်လာတာပဲ။ ကောင်းသောသမိုင်းနဲ့ မကောင်းသော
သမိုင်းဆိုတာတော့ ကွာပါလိမ့်မယ်။ ဒါပေမယ့် သမိုင်းဆိုတာ ဘယ်တော့မှ လက်ငင်းရေးလို့ မရပါဘူး။ ။
Tuesday, 13 March 2012
ကိုယ်ရေးကိုယ်တာ
သစ်ရွက်ကြွေသံတစ်ခုက
ငါ့နားထဲမှာဝုန်းခနဲ
မြည်ဟိန်းသွားရဲ့။
အချိန်မတန်သေးဘဲ
ငါ့တန်ဖိုးတွေကို
မင်းဘာကြောင့်များတိုက်ချပစ်လိုက်ပါလိမ့်။
ဘယ်သူမပြု
မိမိမှုတဲ့ .. ။
လကွယ်သီချင်းတစ်ပုဒ်က
ညထဲကိုဗီဇပြပြီး
ရက်ရက်စက်စက်လွင့်ပျံ့လာတယ်။
ငါ့ရင်ထဲက
အဖြူရောင်စည်းကမ်းတွေအားလုံး
ချိတ်ပိတ်ထားလိုက်ပြီ။
ငါဟာရိုင်းစိုင်းရမ်းကားဖို့
အမြဲအဆင်သင့်ရှိနေသူဆိုတာ
မင်းသိစေရမယ်။
ဘာသဘောလဲ
လှည့်မကြည့်နဲ့.....
အပျော်ကြေးဆိုပေမယ့်
အန္တရာယ်ရှိတယ်။
နောက်ဆုံးတော့လည်း
ပတ်သက်မိခဲ့သမျှတွေကို
ရယ်မောလွှင့်ပစ်လိုက်ရုံပေါ့။
ငါမပြောချင်ဘူး
မင်းမသိနိုင်ဘူး
အစွန်းမရောက်ရင်
အဲဒါဘယ်တော့မှ အချစ်မဟုတ်ဘူး ။ ။
| ဝေမှူးသွင် |
ငါ့နားထဲမှာဝုန်းခနဲ
မြည်ဟိန်းသွားရဲ့။
အချိန်မတန်သေးဘဲ
ငါ့တန်ဖိုးတွေကို
မင်းဘာကြောင့်များတိုက်ချပစ်လိုက်ပါလိမ့်။
ဘယ်သူမပြု
မိမိမှုတဲ့ .. ။
လကွယ်သီချင်းတစ်ပုဒ်က
ညထဲကိုဗီဇပြပြီး
ရက်ရက်စက်စက်လွင့်ပျံ့လာတယ်။
ငါ့ရင်ထဲက
အဖြူရောင်စည်းကမ်းတွေအားလုံး
ချိတ်ပိတ်ထားလိုက်ပြီ။
ငါဟာရိုင်းစိုင်းရမ်းကားဖို့
အမြဲအဆင်သင့်ရှိနေသူဆိုတာ
မင်းသိစေရမယ်။
ဘာသဘောလဲ
လှည့်မကြည့်နဲ့.....
အပျော်ကြေးဆိုပေမယ့်
အန္တရာယ်ရှိတယ်။
နောက်ဆုံးတော့လည်း
ပတ်သက်မိခဲ့သမျှတွေကို
ရယ်မောလွှင့်ပစ်လိုက်ရုံပေါ့။
ငါမပြောချင်ဘူး
မင်းမသိနိုင်ဘူး
အစွန်းမရောက်ရင်
အဲဒါဘယ်တော့မှ အချစ်မဟုတ်ဘူး ။ ။
| ဝေမှူးသွင် |
မြို့ပြကမ်ပိန်း(န်)
စိတ်တော့မရှိနဲ့
ဒါဟာလူလေလူလွင့်တစ်ယောက်ရဲ့
ကမ်းခြေဖြစ်ပါတယ်။
ကလင၊်ကလင်၊
ကလင်၊ကလင်....
ဟဲလို...အမတ်မင်းပါလား၊
ဘာမှပြောမနေနဲ့
မင်းတို့လျှို့ဝှက်ချက်ဆိုတာ
အရိုးဆွေးနေပြီ။
တောင်အာဖရိကသားစာရေးဆရာကရေးတယ်
Dog eats dog...တဲ့
ခွေးကခွေးကိုစားခြင်း ဆိုပဲ။
ရုတ်တရက်
အာခေါင်ခြစ်ပြီးအော်လိုက်တဲ့အသံမှာ
ကိုယ်ထူကိုယ်ထအိပ်မက်တွေ၊
တစ်ယောက်ကချော်လဲသွားစဉ်
တစ်ယောက်ကရောထိုင်လိုက်ပုံတွေ...
အချိတ်အဆက်မိဖို့သာလိုပါတယ်။
ဒီကနေ့သတင်းစာခေါင်းကြီးပိုင်းက
ငြိမ်းချမ်းရေးကာလအတွင်း
လက်ဖြောင့်တပ်သားစနိုက်ပါများအဖို့
အလုပ်လက်မဲ့ပြသာနာနဲ့ရင်ဆိုင်ရဖွယ်ရှိနေပါသတဲ့။
ဒါနဲ့ပဲ
ငါတို့လည်းတီတီတာတာများမှာ
အရသာရှိလာတယ်။
ဟိုဟိုဒီဒီတွေနဲ့
အခေါ်အပြောညက်လာတယ်။
ဘာပဲပြောပြော
ရန်ကုန်ဟာအချိုမကုန်သေးဘူးမဟုတ်လား။ ။
| ဝေမှူးသွင် |
( ၂၂ - ၉ - ၂၀၁၀ )
ဒါဟာလူလေလူလွင့်တစ်ယောက်ရဲ့
ကမ်းခြေဖြစ်ပါတယ်။
ကလင၊်ကလင်၊
ကလင်၊ကလင်....
ဟဲလို...အမတ်မင်းပါလား၊
ဘာမှပြောမနေနဲ့
မင်းတို့လျှို့ဝှက်ချက်ဆိုတာ
အရိုးဆွေးနေပြီ။
တောင်အာဖရိကသားစာရေးဆရာကရေးတယ်
Dog eats dog...တဲ့
ခွေးကခွေးကိုစားခြင်း ဆိုပဲ။
ရုတ်တရက်
အာခေါင်ခြစ်ပြီးအော်လိုက်တဲ့အသံမှာ
ကိုယ်ထူကိုယ်ထအိပ်မက်တွေ၊
တစ်ယောက်ကချော်လဲသွားစဉ်
တစ်ယောက်ကရောထိုင်လိုက်ပုံတွေ...
အချိတ်အဆက်မိဖို့သာလိုပါတယ်။
ဒီကနေ့သတင်းစာခေါင်းကြီးပိုင်းက
ငြိမ်းချမ်းရေးကာလအတွင်း
လက်ဖြောင့်တပ်သားစနိုက်ပါများအဖို့
အလုပ်လက်မဲ့ပြသာနာနဲ့ရင်ဆိုင်ရဖွယ်ရှိနေပါသတဲ့။
ဒါနဲ့ပဲ
ငါတို့လည်းတီတီတာတာများမှာ
အရသာရှိလာတယ်။
ဟိုဟိုဒီဒီတွေနဲ့
အခေါ်အပြောညက်လာတယ်။
ဘာပဲပြောပြော
ရန်ကုန်ဟာအချိုမကုန်သေးဘူးမဟုတ်လား။ ။
| ဝေမှူးသွင် |
( ၂၂ - ၉ - ၂၀၁၀ )
မောင်နှမစာအုပ်
သိတဲ့လူကို
မသိတဲ့လူကသရော်တယ်။
ယဉ်ကျေးမှုရှိတဲ့လူကို
ယဉ်ကျေးမှုမရှိတဲ့လူကရယ်တယ်။
ဘ၀ကိုဈေးမေးကြည့်တော့
ကဗျာဆရာဆိုတာဝယ်လိုအားနည်းတယ်။
ညီမလေးရေ....
ရေခြားမြေခြားမှာ
သေးမွှားတဲ့အမှန်တစ်ခုကိုဖြစ်ဖြစ်
မြင်တွေ့ရတဲ့အခါငါ့ကိုသတိရလိုက်ပါ။
ပွင့်လင်းတဲ့လူ့ဘောင်မှာ
ဗလာတွေရဲ့တန်ဖိုးကို
မင်းသိအောင်ကြိုးစားပါ။
ဒီရုပ်ရည်နဲ့ဒီရုပ်ရည်မှာ
စိတ်ကိုနောက်စေ့နဲ့ကြည့်လည်း
မင်းမြင်တတ်ရမယ်။
အားလုံးကိုလွန်မြောက်ပြီးတဲ့တစ်နေ့
ငါတို့ပြန်ဆုံကြတဲ့အခါ
မင်းမှာမေးခွန်းအသစ်တွေရှိနေမှာပဲ။
ငါ့မှာလည်းမျက်လုံးအသစ်တွေ
ရှိလာမှာပဲ။
လူ့တန်ဖိုးတွေအကြောင်း၊
သဘာဝပေါက်ပင်တွေအကြောင်း၊
ကမ္ဘာ့သမိုင်းအကြောင်း၊
ဗီဇညံ့ဖျင်းတဲ့ငါတို့ဆွေမျိုးတွေအကြောင်း၊
မင်းကိုငါပြောပြမယ်။
လေထုညစ်ညမ်းမှုအကြောင်း၊
အဆင့်မြင့်နည်းပညာရပ်တွေအကြောင်း၊
ခမ်းနားတဲ့လူ့အဖွဲ့အစည်းအကြောင်း၊
နောက်ဆုံးပေါ်ဇိမ်ခံပစ္စည်းတွေအကြောင်း
မင်းကငါ့ကိုပြောပြပေါ့။
အဝေးကြီးမှာပေမယ့်
မင်းရဲ့အသိတရားအတွက်
ငါစိတ်ချလိုက်ပါရဲ့။
ငါကတော့ဆံပင်ရှည်တုန်းပဲ
ရည်းစားများတုန်းပဲ
ကဗျာရေးတုန်းပဲ
ဘွဲ့မရသေးဘူး။
ယုံကြည်မှုအရေးအခင်းမှာ
ငါတို့နှလုံးသားတွေဝေးခဲ့ကြပြီ။
အမှတ်တရတိုင်းဟာ
မင်းကိုညံ့ဖျင်းစေဖို့ဖြားယောင်းလိမ့်မယ်။
ဘယ်လိုခက်ခဲမှုကိုမဆို
ငါ့ပုံတူကိုမင်းအမှတ်ရလိုက်ပေါ့။
မရိုးနိုင်တဲ့မိသားစုပုံပြင်များ
နောင်တမဲ့သောသူငယ်ချင်းများ
အနုပညာအတွက်အရှုပ်အထွေးများ
ဒီလိုတွေကြားမှာ
ငါတော့သတ္တိရှိဖို့ပဲတွေးပါတယ်။
ညီမလေးရေ....
ကမ္ဘာကြီးရဲ့ထောင့်တစ်နေရာမှာ
ငါတို့ပြန်တွေ့ကြရင်
ငယ်ငယ်တုန်းကလို
ကြက်ပျံငှက်ပျံကစားနိုင်ဦးမှာလား။
တစ်ယောက်လက်ထဲကမုန့်ကိုတစ်ယောက်
ငေးကြည့်နေဦးမှာလား။
ငါ့ဘ၀ရဲ့ဖတ်စာအုပ်တွေကိုလည်း
ငါသံသယဖြစ်မိရဲ့။
သေချာတာကတော့
လမ်းရဲ့အရသာဆိုတာ
လျှောက်တဲ့ခြေထောက်တွေပဲသိလိမ့်မယ်။ ။
| ဝေမှူးသွင် |
( Beauty Magazine , june 2004 )
သက်ပြင်းချစရာ အနှုတ်လက္ခဏာများကို စမ်းစစ်ခြင်း
ဒီနေ့အဖို့
ဘယ်နေရာရောက်ရောက်
ဘယ်ခလုတ် နှိပ်နှိပ်
ဘယ်သီချင်း ဖွင့်ဖွင့်
မင်းရဲ့ အရိုင်းဆန်မှုတွေပဲ
ငါ့အတွက်လည်း
အန္တရာယ်အများဆုံး ရနံ့တစ်ခုပေါ့ ။
လမ်းတွေအားလုံးက
မင်းရှိရာဆီပဲ ညွှန်ပြနေရဲ့ ။
ဘာအဓိပ္ပ္ပါယ်ရှိလဲ မေးရင်တော့
နည်းတဲ့ကုသိုလ် မဟုတ်ဘူးလို့ ဆိုရမယ် ။
အခုငါက
မင်းရဲ့ ဖွယ်ဖွယ်ရာရာမျက်စောင်းလေးများမှာ
ရိုးရိုးသားသားအဆိပ်တက်မိပြီ ။
ဆန်းပြားတဲ့ အလွမ်းတစ်ခုမှာ တို့နှစ်ယောက်
နေပူမရှောင် ၊ မိုးရွာမရှောင်
အာသာဖြေ မိကြတယ် ။
ငြိမ်သက်နေသော
လူရိပ်နှစ်ခုကြားထဲ
လေတိုးသံကို ကြားရတယ် ။
ဖုန်းမက်ဆေ့တွေ တစ်ခုပြီးတစ်ခု
ပျော်စရာစက္ကန့်မိနစ်များနဲ့
တပ်မက်ဖွယ် အထိအတွေ့တွေမှာ
ဘယ်အရာက လျှို့ဝှက်ချက်လဲ ။
အတည်မပြုနိုင်သေးတဲ့
သတင်းအချက်အလက်များအရ...
မင်းခန္ဓာကိုယ်ပေါ်
ခဏခဏ လမ်းမှားတယ် ။
ငါ့နှလုံးသားတွေ
မကြာမကြာ ဇောချွေးပြန်တယ် ။
ပြောင်ချော်ချော်မျက်နှာပေးနဲ့
မင်းအကြည့်တွေဟာ
ရုတ်တရတ်မီးလောင်မှုကို ဖြစ်စေတယ် ။
အဲဒီမီးလောင်မှုကို
တရားဝင်ဖြစ်အောင်
ဘယ်လိုလုပ်ရပါ့မလဲ ။
ဟော....
မင်းပြုံးသွားပြီ မှတ်လား ။
အပြုံးရဲ့ နောက်ကွယ်ကို
သတိကြီးကြီးထားကြည့်လိုက်ရင်
ကမ္ဘာတစ်ခြမ်းလုံး
ပန်းတွေနဲ့ လင်းနေတာကို မြင်ရမယ် ။
ဒါဟာ အသစ်စက်စက်
သင်္ချိုင်းတော်ပဲ ။
မင်းမေတ္တာတရားထံ
ဆွံ့အနေတဲ့ အိပ်မက်ပဲ ။
ဒီအတိုင်းဆိုရင် ပဲရစ်မြို့ကြီးဟာ
ဘာမှ မလွမ်းလောက်သေးဘူး ။
အများပြည်သူရှေ့မှောက်ရှိ
ဂုဏ်ပြုအပ်သော ရိုးသားမှုတစ်ခုမှာ
ငါတို့က အခန်းဆက်မာယာတွေနဲ့ ၊
ဝင်္ကပါကိုယ်စီနဲ့ ၊
မှတ်ဥာဏ်အသီးသီးလည်း
နာကျင်စရာ ဖြစ်ခဲ့ပြီ ။
ဒီလိုနဲ့ပဲ
ပိုးမွှားပေါင်းစုံတို့ ကျက်စားရာ
ခေတ်ကာလသုံး ပြက္ခဒိန်ထဲ
ငါက လမ်းကျွမ်းသူမုဆိုးဖြစ်လာတော့တယ် ။
မင်းကိုချစ်မိသမျှ
ပုစ္ဆာလုပ်ကြည့်လိုက်တဲ့အခါ
အဖြေတွေက ဒုက္ခတည့်တည့်ဆီ လမ်းညွှန်နေကြရဲ့  ။
" အဟဲ..."
အင်တဲလက်ကျူရယ်လ်*တစ်ဦးပမာ
မိမိကိုယ်မိမိ လှောင်ပြောင်ဖို့
ဒီလိုဟာသရှိဖို့ လိုတယ်မဟုတ်လား ။
အင်း...ဒါပေါ့တဲ့ ။
မြို့ပြလူသားတို့ရဲ့ ချစ်မှုရေးရာဆိုတာ
ဘယ်အနုပညာကိုမှ ဗိုလ်မထားမှန်း
တစ်နေ့ မင်းသိလာမှာပါကွာ ။
ကဲ...အချစ်
ပုဒ်မကို သေချာချ ၊
အလွမ်းကို ဖြည်းဖြည်းရေး ၊
စစ်ရှုံးခဲ့တဲ့နှစ်တွေအတွက်
ကော်ဖီတစ်ခွက်လောက် လျော်ကြေးရခဲ့ရင်တောင်
ငါတို့က ယဉ်ယဉ်ကျေးကျေး
ရောင့်ရဲနိုင်ရမယ် ။ ။
*အင်တဲလက်ကျူရယ်လ် = Intellectual
| ဝေမှူးသွင် |
ဘယ်နေရာရောက်ရောက်
ဘယ်ခလုတ် နှိပ်နှိပ်
ဘယ်သီချင်း ဖွင့်ဖွင့်
မင်းရဲ့ အရိုင်းဆန်မှုတွေပဲ
ငါ့အတွက်လည်း
အန္တရာယ်အများဆုံး ရနံ့တစ်ခုပေါ့ ။
လမ်းတွေအားလုံးက
မင်းရှိရာဆီပဲ ညွှန်ပြနေရဲ့ ။
ဘာအဓိပ္ပ္ပါယ်ရှိလဲ မေးရင်တော့
နည်းတဲ့ကုသိုလ် မဟုတ်ဘူးလို့ ဆိုရမယ် ။
အခုငါက
မင်းရဲ့ ဖွယ်ဖွယ်ရာရာမျက်စောင်းလေးများမှာ
ရိုးရိုးသားသားအဆိပ်တက်မိပြီ ။
ဆန်းပြားတဲ့ အလွမ်းတစ်ခုမှာ တို့နှစ်ယောက်
နေပူမရှောင် ၊ မိုးရွာမရှောင်
အာသာဖြေ မိကြတယ် ။
ငြိမ်သက်နေသော
လူရိပ်နှစ်ခုကြားထဲ
လေတိုးသံကို ကြားရတယ် ။
ဖုန်းမက်ဆေ့တွေ တစ်ခုပြီးတစ်ခု
ပျော်စရာစက္ကန့်မိနစ်များနဲ့
တပ်မက်ဖွယ် အထိအတွေ့တွေမှာ
ဘယ်အရာက လျှို့ဝှက်ချက်လဲ ။
အတည်မပြုနိုင်သေးတဲ့
သတင်းအချက်အလက်များအရ...
မင်းခန္ဓာကိုယ်ပေါ်
ခဏခဏ လမ်းမှားတယ် ။
ငါ့နှလုံးသားတွေ
မကြာမကြာ ဇောချွေးပြန်တယ် ။
ပြောင်ချော်ချော်မျက်နှာပေးနဲ့
မင်းအကြည့်တွေဟာ
ရုတ်တရတ်မီးလောင်မှုကို ဖြစ်စေတယ် ။
အဲဒီမီးလောင်မှုကို
တရားဝင်ဖြစ်အောင်
ဘယ်လိုလုပ်ရပါ့မလဲ ။
ဟော....
မင်းပြုံးသွားပြီ မှတ်လား ။
အပြုံးရဲ့ နောက်ကွယ်ကို
သတိကြီးကြီးထားကြည့်လိုက်ရင်
ကမ္ဘာတစ်ခြမ်းလုံး
ပန်းတွေနဲ့ လင်းနေတာကို မြင်ရမယ် ။
ဒါဟာ အသစ်စက်စက်
သင်္ချိုင်းတော်ပဲ ။
မင်းမေတ္တာတရားထံ
ဆွံ့အနေတဲ့ အိပ်မက်ပဲ ။
ဒီအတိုင်းဆိုရင် ပဲရစ်မြို့ကြီးဟာ
ဘာမှ မလွမ်းလောက်သေးဘူး ။
အများပြည်သူရှေ့မှောက်ရှိ
ဂုဏ်ပြုအပ်သော ရိုးသားမှုတစ်ခုမှာ
ငါတို့က အခန်းဆက်မာယာတွေနဲ့ ၊
ဝင်္ကပါကိုယ်စီနဲ့ ၊
မှတ်ဥာဏ်အသီးသီးလည်း
နာကျင်စရာ ဖြစ်ခဲ့ပြီ ။
ဒီလိုနဲ့ပဲ
ပိုးမွှားပေါင်းစုံတို့ ကျက်စားရာ
ခေတ်ကာလသုံး ပြက္ခဒိန်ထဲ
ငါက လမ်းကျွမ်းသူမုဆိုးဖြစ်လာတော့တယ် ။
မင်းကိုချစ်မိသမျှ
ပုစ္ဆာလုပ်ကြည့်လိုက်တဲ့အခါ
အဖြေတွေက ဒုက္ခတည့်တည့်ဆီ လမ်းညွှန်နေကြရဲ့  ။
" အဟဲ..."
အင်တဲလက်ကျူရယ်လ်*တစ်ဦးပမာ
မိမိကိုယ်မိမိ လှောင်ပြောင်ဖို့
ဒီလိုဟာသရှိဖို့ လိုတယ်မဟုတ်လား ။
အင်း...ဒါပေါ့တဲ့ ။
မြို့ပြလူသားတို့ရဲ့ ချစ်မှုရေးရာဆိုတာ
ဘယ်အနုပညာကိုမှ ဗိုလ်မထားမှန်း
တစ်နေ့ မင်းသိလာမှာပါကွာ ။
ကဲ...အချစ်
ပုဒ်မကို သေချာချ ၊
အလွမ်းကို ဖြည်းဖြည်းရေး ၊
စစ်ရှုံးခဲ့တဲ့နှစ်တွေအတွက်
ကော်ဖီတစ်ခွက်လောက် လျော်ကြေးရခဲ့ရင်တောင်
ငါတို့က ယဉ်ယဉ်ကျေးကျေး
ရောင့်ရဲနိုင်ရမယ် ။ ။
*အင်တဲလက်ကျူရယ်လ် = Intellectual
| ဝေမှူးသွင် |
Subscribe to:
Posts (Atom)