Tuesday 17 July 2012

နာနာဘာဝကဗျာ



ဟောဒီဘဒ္ဒကမ္ဘာကြီး၌
ဘယ်သူဟာဘယ်လောက်များ
ဉာဏ်အရာမှာရင့်ကျက်ခဲ့ပါသလဲ။

ဘုရားရှင်ဟောကြားတော်မူခဲ့သော
ငါတို့သတ္တလောကကြီးလည်း
တစ်နေ့တခြားနည်းပညာပေါင်းစုံနဲ့
ယိုယွင်းလာရတယ်။

နောက်ဆုံးမှာလူတို့က
မျိုးရိုးဗီဇဖွဲ့စည်းမှုအသစ်တွေသုံးပြီး
ဖက်စပ်သတ္တ၀ါတချို့ကို
မျိုးပွားထုတ်လုပ်လိုက်ကြလေရဲ့။

ဆိုကြပါစို့...
ကြက်နဲ့ဆင်ကိုပေါင်းတော့
ကြက်ဆင်၊
မြင်းနဲ့ကျားကိုပေါင်းတော့
မြင်းကျား၊
ငှက်နဲ့ခြင်္သေ့ကိုပေါင်းတော့
ငှက်ခြင်္သေ့၊
ငန်းနဲ့မြွေကိုပေါင်းတော့
ငန်းမြွေ၊
ကြံ့နဲ့ဖွတ်ကိုပေါင်းတော့
ကြံ့ဖွတ်...တဲ့။

ဘာပဲဖြစ်ဖြစ်
အားလုံးဟာတိရစ္ဆာန်စာရင်းဝင်တွေပဲ။

အပ္ပါယ်လေးဘုံမှာလည်း
ငရဲ၊ဗြိတ္တာ၊အသူရကယ်...တို့နဲ့တစ်တန်းထဲ
ရပ်တည်နိုင်ခဲ့တယ်။

“အဟက်...”
အဲသလိုရယ်မိတာများအပြင်...
အခုဆိုနှာစေး၊ချောင်းဆိုး၊
ခေါင်းကိုက်၊ဗိုက်နာ....စတဲ့
ခေတ်ပေါ်အမူအရာများမှာ
အောက်တန်းကျမှုတွေက
အလျှံအပယ်ဖြစ်လာတယ်။

သမိုင်းတလျှောက်လုံး
ဓမ္မနဲ့အဓမ္မဟာတိုက်ပွဲတွေချည်းပဲ။
နှစ်ဖက်စလုံးမှာ
အကျအဆုံးများတယ်။
ကုန်ခဲ့တဲ့အချိန်တွေ
မနည်းတော့ဘူး။

လူ့အဖြစ်ဆိုတာလည်း
အမှားယွင်းဆုံးစည်းစိမ်တစ်မျိုးပဲမဟုတ်လား။

ဒီလိုနဲ့ငါတို့က
တိရစ္ဆာန်တွေအပေါ်မေတ္တာထားဖို့
ကိုယ့်အတတ်မှာကိုယ်စူးမိခဲ့ကြပါပြီ။ ။

ဝေမှူးသွင်
(လွန်ခဲ့တဲ့သုံးနှစ်လောက်က ရေးဖြစ်ခဲ့ပြီး အခုထိဆင်ဆာမရသေးသောကဗျာတစ်ပုဒ်)

Wednesday 28 March 2012

စာရေးဆရာ ဝေမှူးသွင်နှင့် တွေ့ဆုံခြင်း ( Fashion Magazine - December 2008 )

အသိဥာဏ်နဲ့ယှဉ်တဲ့ လွတ်လပ်မှုမျိုး မြတ်နိုးသူတစ်ယောက်
                                             ( သို့မဟုတ် )
                          စာရေးဆရာ ဝေမှူးသွင်နှင့် တွေ့ဆုံခြင်း 

Q -  ဝေမှူးသွင် စာပေကိုစတင်ငြိတွယ်မိပုံ Back Ground History လေးပြောပါဦး ။

A -  သိပ်တော့ထူးဆန်းတာမျိုးမရှိပါဘူး ။ ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါတာကိုတော့ အသေအချာ
ပြောနိုင်ပါတယ် ။ ကလေးဆိုတော့ တေဇတို့ ၊ ရွှေသွေးတို့စဖတ်တာပေါ့ ။ နောက် ရုပ်ပြကာတွန်း ၊
သိုင်းဝတ္ထု အဲ့ဒီလိုပေါ့လေ ။ တဆင့်ချင်းသွားတာ ။ ဒါပေမဲ့ မြန်တယ် ။ ကျွန်တော်ငါးတန်းလောက်မှာ
အချစ်ဝတ္ထုတွေ ၊ ဘာသာပြန်စုံထောက်ဝတ္ထုတွေ ကောင်းကောင်းဖတ်နေပြီ ။ ကျွန်တော် ရှစ်တန်း
ကျောင်းသားအရွယ် ( ၁၉၉၂ ) လောက်မှာ မဂ္ဂဇင်းတွေကို အရမ်းကြိုက်သွားတယ် ။ အဲ့ဒီမဂ္ဂဇင်းတွေ
အစုံဖတ်ရင်းနဲ့ ကဗျာနဲ့ဝတ္ထုတိုအာရုံကျမိသွားတယ် ။ ဒီလိုအချိန်မှာပဲ ကိုယ်တိုင်ရေးမိသွားတယ် ။
သူများရေးထားတာတွေဖတ်ပြီး အားကျပြီးလျှောက်ရေးတာပေမဲ့ ကိုယ်ရေးတဲ့စာတွေဟာ မညံ့ဘူးလို့
အဲ့ဒီကတည်းကသိတယ် ။ ( ၉၂ ) လောက်ကနေ ( ၉၇ ) လောက်အထိကျွန်တော်က မဂ္ဂဇင်းကဗျာတွေကို
အသေဖတ်တာ ။ အထူးသဖြင့် ပင်လယ် ၊ ဟန်သစ် ၊ ရနံ့သစ် ၊ သရဖူ အစရှိတဲ့မဂ္ဂဇင်းတွေပေါ့ ။
အဲ့ဒီမဂ္ဂဇင်းတွေမှာပါတဲ့ ကဗျာတွေ ၊ ၀တ္ထုတိုတွေကို အရမ်းကြိုက်တာကိုး ။ ကျွန်တော်ရေးတဲ့ ကဗျာတွေ
ဝတ္ထုတွေဟာလည်း အဲ့ဒီပုံစံတွေပဲဖြစ်နေတာပေါ့ ။ ဒီလိုနည်းနဲ့ပဲ ဒီနေ့မြန်မာ့စာပေလောကမှာပြောနေတဲ့
မော်ဒန်ဝတ္ထုတွေ ၊ မော်ဒန်ကဗျာတွေကို ခြေရာခံမိခဲ့ပါတယ် ။

Q -  ကိုယ့်စိတ်ကိုလွှမ်းမိုးဆွဲဆောင်ခဲ့တဲ့စာတွေအကြောင်း ပြောပါ ။

A -  ကြိုက်တာကတော့ သိန်းဖေမြင့် ၊ ကြည်အေး ပေါ့ ။ ကိုယ့်စိတ်ကို လွှမ်းမိုးတာမျိုးကတော့ ကဗျာမှာ
မောင်ချောနွယ် နဲ့ ၀တ္ထုတိုမှာ သစ္စာနီတို့ပါပဲ ။ သစ္စာပန်းများနဲ့မေလ ၊ လူကြိုက်နည်းတဲ့ကောင် ၊
အခွန်တော်မဲ့ရာသီဥတု ၊ ကြယ်ပြာလေးနဲ့ ထမင်းစားပြီးနောက် ၊ အနတ္တဆင်ဖိုနီ ၊ စက္ကူပေါ်ကသစ်ပင် ၊
သစ်ခြောက်ပင်ကိစ္စ ၊ သံချေးတက်နေသောတွယ်အပ်ကလေး ၊ ပန်းပွင့်နဲ့လူ အစရှိသော
အဲ့ဒီဆရာနှစ်ယောက်ရဲ့ လက်ရာတွေဟာကျွန်တော့ကို လွှမ်းမိုးခဲ့ပါတယ် ။

Q -  လက်ရှိလူငယ်စာရေးဆရာတစ်ယောက်အနေနဲ့ ဘာတွေကို အားမရတာရှိလဲ ။ဘာကိုအားရတာရှိလဲ ။

A -  တက်ကြွထက်မြက်ပြီး  လွတ်လပ်ပွင့်လင်းတဲ့ လူ့ဘောင်ကိုချစ်မြတ်နိုးတဲ့ လူငယ်တွေများလာတာကို
အားရမိတယ် ။ နေရာတစ်ခုဟာအချောင်မရဘူး ။ အချောင်ရခဲ့ရင်လည်း အဲ့ဒီနေရာဟာမခိုင်မာဘူး ။
ပင်ကိုအရည်အချင်းရှိဖို့အရေးကြီးတယ်ဆိုတာ လူငယ်တွေသိစေချင်တယ် ။ ငွေရှိရင်ဘာမဆိုဖြစ်တယ် ဆိုတဲ့အတွေးအခေါ်ဟာ ဒီဘက်ခေတ်မှာရေပန်းစားလာတယ် ။ ငွေရှိလို့ဖြစ်တဲ့အရာတွေ
 တော်တော်များများရှိပါတယ် ။ ဒါပေမဲ့တစ်ချို့ကိစ္စတွေက ငွေတစ်မျိုးထဲနဲ့မရဘူး ။ ဦးနှောက်ရှိဖို့လိုတယ် ။
 အနုပညာရှိဖို့လိုတယ်။အတတ်ပညာရှိဖို့လိုတယ် ။ နှလုံးသားရှိဖို့လိုတယ် ။ အဲ့ဒီလိုပေါ့ ပြီးတော့ အဲ့ဒီ
အတွေးအခေါ်ဟာလူတွေရဲ့စာရိတ္တကိုစိန်ခေါ်ခြင်းတစ်မျိုးပဲ ။ ဒါဟာအလေးအနက်ဆင်ခြင်သင့်တယ် ။
 ငွေဟာအရေးကြီးတာ မှန်ပါတယ်။ဒါပေမဲ့ အရေးအကြီးဆုံးတော့မဟုတ်ဘူး ။ လူငယ်တွေဆီမှာ
များသောအားဖြင့် စွန့်စားချင်တာတီထွင်ချင်တာရှိမယ် ။ ဒါတွေက အားရစရာအပိုင်းပေါ့ ။ သူတို့မှာ
 အားနည်းတာက စိတ်ဓါတ်အင်အားပေါ့ ။နောက်ပြီးတော့ စာဖတ်အားနည်းကြတယ် ။
 ဒီလိုပါပဲ  အားရတာ ၊ အားမရတာတွေ အားလုံးရောထွေးနေပါတယ် ။





Q -  လူငယ်တစ်ယောက်ရဲ့ဘ၀နေထိုင်မှုပုံစံ ( Life Style ) နဲ့ စာပေရေးသားခြင်းလုပ်ငန်း ဆက်စပ်နေပုံကို
ပြောပါဦး ။ ကိုယ်တိုင်ရော ဘယ်လို ( Life Style ) မျိုးနေထိုင်သလဲ ။

A -  အရင်တုန်းကတော့ လူနဲ့စာနဲ့ထပ်တူကျဖို့ဘာညာ ပြောသံတွေကြားခဲ့ဖူးပါတယ် ။ ကျွန်တော့
အယူအဆကတော့ အဲ့ဒါမဆိုင်ဘူးဗျ ။ ဂျင်းဘောင်းဘီဝတ်ပြီးဘာသာရေးစာပေတွေရေးချင်ရေးမှာပဲ ။
သူ့မှာ ဘာသာရေးအသိအမြင်တွေ စူးရှထက်မြက်ပြီး တကယ်သိတတ်တဲ့လူဖြစ်ရင်ရပြီ ။ အ၀တ်အစား
ဘာဝတ်ဝတ်အရေးမကြီးဘူး။ လူငယ်ဆိုတာ ဒီဘက်ခေတ်မှာ လူငယ်လိုပဲ ၀တ်စားနေထိုင်မှာပဲ ။
လူတစ်ယောက်ရှင်သန်ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ဟာ အဲ့ဒီလူရဲ့ Life Style ကို ပြဌာန်းမှာပဲ ။
ကျွန်တော်ကတော့ လူငယ်ဆန်တဲ့အနေအထိုင်နဲ့ Pop Culture ကိုသဘောကျပါတယ် ။

Q -  စာရေးသူအနေနဲ့မဟုတ်ပဲ သာမန်လူငယ်တစ်ယောက်အနေနဲ့ ဒီနေ့ခေတ်လူငယ်တွေရဲ့ဘ၀ကို
ဘယ်လိုမြင်သလဲ ။

A -  ကျွန်တော်က စာရေးဆရာဆိုတာကိုဖယ်ထားလိုက်ရင် သာမန်လူပါပဲ ။ သာမန်လူတစ်ယောက် ရဲ့
နေ့စဉ်ဘ၀နဲ့အနေအထိုင်ကို ကျွန်တော်သဘောကျပါတယ် ။ ဒီနေ့ခေတ်လူငယ်တွေဟာ များသောအားဖြင့်
ဘ၀မှာ ကိုယ်ဘာဖြစ်ချင်သလဲဆိုတာကို ကိုယ့်ကိုမသိကြဘူး ။ အဲ့ဒါတော်တော်ဆိုးပါတယ် ။
ဥပမာ - ကလေးတစ်ယောက်ပေါ့ ။ အတန်းထဲမှာပထမရချင်တယ် ။ ဒါပေမဲ့ အဲ့ဒါပညာတတ်ချင်တာ
မဟုတ်ဘူး ။ ကျောင်းသားအရွယ်ဆိုတော့ အတန်းထဲမှာ ပထမရတဲ့အခါ အဖေ ၊ အမေ ၊ ဆရာမတွေ
ဝိုင်းမြှောက်စားကြတယ် ။ အဲ့ဒီအခါမှာ ကလေးအနေနဲ့ အနေအစားချောင်တယ် ။ ဒီအတွက်ကလေးဆီမှာ
ပထမလိုချင်စိတ်ဖြစ်လာတယ် ။ ဒီအထိက ပြဿနာကြီးမဟုတ်သေးဘူး ။ ဒါပေမဲ့ အဲ့ဒီပထမဆိုတာကို
ရဖို့ တကယ်အရည်အချင်းမပြည့်မှီတဲ့ကလေးကျတော့ ပထမရဖို့ မတရားသောနည်းလမ်းတွေကို
အသုံးချလာကြပြီ ။ အတန်းပိုင်ဆရာမဆီမှာ ကျူရှင်တက်မှ ပထမရတယ်တို့ ဘာတို့ဖြစ်လာပြီ ။
နောက်တစ်ခုက စိတ်ဓါတ်ပေါ့ ။ အဖေ ၊ အမေ ၊ ဆရာ ၊ ဆရာမ ဆိုတာလည်း ကျေးဇူးရှင်ဆိုပေမဲ့
ကိုယ်မဟုတ်ရင် သူများပဲလေ ။ ကလေးတစ်ယောက်မှာ အဲ့ဒီလိုနည်းနဲ့ သူများစိတ်တိုင်းကျလိုက်နေပေးတဲ့
ဓလေ့စရိုက်ကို လေ့ကျင့်ပေးသလိုဖြစ်နေတယ် ။ ဒါဟာ ကျွန်စိတ်ကိုဖြစ်စေတယ်။ပြီးတော့ ကလေးတစ်ယောက်ရဲ့ အရှင်သခင်စိတ်ကိုပျက်စီးစေတယ်လို့ ကျွန်တော်မြင်ပါတယ် ။

Q -  ဒီနေ့ခေတ်ကလေးတွေမှာ အဓိကလိုအပ်ချက်က ဘာဖြစ်ပါသလဲ ။

A -  တိုတိုနဲ့လိုရင်းပြောရရင် အသိဥာဏ်နဲ့ ယှဉ်တဲ့လွတ်လပ်မှုပေါ့ ။ အဲ့ဒါလိုတယ် . . .

Q -  ခေတ်ပြိုင်ရေးနေကြတဲ့ ရေးဖော်လူငယ်တွေကို အမြင်ပြောပါဦး ။

A -  ဒိထက်ပိုပြီးအားထုတ်ကြဖို့ တိုက်တွန်းချင်ပါတယ် ။ အများစုကရတဲ့နေရာနဲ့ ငွေကြေးမှာ
သာယာနေကြလို့ပါ ။ မြန်မာစာပေအတွက် အားလုံးမှာတာဝန်ရှိပါတယ် ။ ဒီလောက်ပြောရင်ရပါပြီ ။
သူများအကြောင်း သိပ်မပြောချင်ဘူး ။

Q -  နယ်ကလူငယ်ဆိုတော့ နယ်ကလူငယ်တွေရဲ့ခံစားချက်တွေကို ကိုယ်စားပြုပေးပါ ။

A -  နယ်ကလာတဲ့လူငယ်ကလောင်သစ်တစ်ယောက်ရဲ့ စာမူကို အယ်ဒီတာဟာ တကယ်ဖတ်မိရဲ့လားဆိုတဲ့
မေးခွန်းနဲ့ ဒီအဖြေကိုစရမလိုဖြစ်နေပြီ ။ တော်ရုံတန်ရုံဝါသနာလောက်နဲ့တော့ သူတို့စိတ်ရှည်သည်းခံပြီး
စာရေးကြမှာမဟုတ်ဘူး ထင်တယ် ။ နယ်ဆိုတော့ ရန်ကုန်လောက်တော့ စာအုပ်စာတန်းမစုံဘူးပေါ့လေ ။
ဒါပေမဲ့ နယ်ကတစ်ချို့လူငယ်တွေဟာ အံ့သြစရာကောင်းလောက်အောင်စာဖတ်ကြတာမျိုးရှိတယ် ။
ရွယ်တူချင်းမို့မေးကြည့်တော့ လိုက်ရှာဖတ်တယ်တဲ့ ။ ကျွန်တော်ကရှားပါးလွန်းတဲ့စာအုပ်တစ်ချို့ကို
ကိုယ်တောင်ကံကောင်းလို့ဖတ်ခွင့်ရတာလို့ ခံယူထားမိတာကိုး ။ ကျွန်တော့လိုပဲ ဖတ်ရတဲ့လူငယ်တစ်ချို့ကို
တွေ့ရတော့ဖြုံသွားတာပေါ့ ။ ဒီတော့ လူသာပဓာနလို့ထင်တယ် ။ နယ်က လူငယ်တစ်ချို့ရဲ့စာမူတွေဆို
ကြောက်စရာကောင်းလောက်အောင်ထက်မြက်စူးရှနေတာမျိုးရှိတယ် ။ မသမာသူအယ်ဒီတာတစ်ချို့က
အဲ့ဒီလိုစာမူတွေကို အပျောက်ရိုက်ပြီး နောင်နှစ်နည်းနည်းလောက်ကြာတော့ အနည်းငယ်ပြင်လိုက်ပြီး
သူတို့နာမည်နဲ့ မဂ္ဂဇင်းတွေပေါ်မှာ ပုံနှိပ်ကြတာလည်းတွေ့ရဖူးပါတယ် ။ ကျွန်တော့သူငယ်ချင်းတွေဆီမှာ
အဲ့လိုပုံပြင်တွေ အများကြီးပဲ ။ ဆိုတော့ ဒီလိုကိစ္စတွေအပါအ၀င် စာမူခပြဿနာတွေအတွက် သူတို့မှာ
ဘာအာမခံချက်မှမရှိဘူး ။ ဒီတော့ အဖြေတစ်ခုခုတော့ ရှိသင့်တယ်ထင်တယ် ။

Q -  အခုခေတ်ပေါ်အနုပညာကို ကိုင်စွဲတဲ့လူငယ်တွေရဲ့အနာဂတ်ဟာ ဘယ်လိုရှိမလဲ ။

A -  အားမနာစတမ်း ၊ မညာစတမ်းပြောရရင် စမ်းတ၀ါးဝါးပါပဲ ။

Q -  ၀တ္ထုနဲ့ ကဗျာနှစ်ခုမှာ ဘယ်အရာက ကိုယ့်ရဲ့ ပင်မ Work လဲ ။

A -  အရင်အင်တာဗျူးတွေမှာလဲ ဖြေဖူးပါတယ် ။ ကျွန်တော်က ကဗျာဆရာပါ ။ ၀တ္ထုတွေအများကြီး
ရေးပေမယ့် ဒီအဖြေအတွက် ကျွန်တော် လိပ်ပြာသန့်ပါတယ် ။

Q -  ပြည်ပက Art တွေအကြောင်း ၊ သူတို့အလုပ်လုပ်ကြပုံတွေအကြောင်း ခင်ဗျားရဲ့အမြင်လေးပြောပါဦး ။

A -  ပြည်ပမှာအနုပညာသမားတစ်ယောက်ရဲ့ ရပိုင်ခွင့်နဲ့နေရာက ကျွန်တော်တို့ဆီမှာနဲ့ အရမ်းကွာတယ် ။
မြူဇီယမ်တွေ ပုဂ္ဂလိက Foundation တွေကအစ နိုင်ငံတော်အထိ အနုပညာသမားတွေရဲ့အသစ်တွေ့ရှိချက် ၊
ဖန်တီးမှုလက်ရာတွေကို အားပေးထောက်ပံ့တာမျိုးတွေရှိတယ် ။ ဒီတော့ သိပ်မအောင်မြင်တဲ့
အနုပညာသမားပေမဲ့လည်း ၀မ်းရေးအတွက် ပူစရာမလိုဘူး ။ အဲ့ဒီအခါ Creation တစ်မျိုးထဲကို အားထုတ်
နေနိုင်ကြတယ် ။ ဒါ့အပြင် သူတို့ဆီမှာအရေးကြီးတဲ့အကိုးအကားတွေလိုတယ်ဆိုရင်လည်း အားလုံးက
ကူညီပေးဖို့အဆင်သင့်ပဲ ။ ယှဉ်ကြည့်လေ .... ပါရမီတွေ ဘာတွေ ဖယ်ထားလိုက်ဦး ။ အထောက်အပံ့ပစ္စည်း
အပြည့်အစုံနဲ့ အရမ်းကြီးမားကျယ်ပြန့်တဲ့ဈေးကွက်ရှိနေတာ နှစ်ခုထဲနဲ့ကို သူတို့ဟာ ကျွန်တော်တို့နဲ့
တော်တော်ကွာနေပြီ ။
         နောက်တစ်ခုက သူတို့က သူတို့ရဲ့ Traditional ကို International ဖြစ်အောင်လုပ်ပြကြတာ ။ အဲ့ဒါက
Art မှာမှမဟုတ်ဘူး ။ တခြားနေရာတွေမှာလည်း ဒီအတိုင်းပဲ ။ ကိုကာကိုလာ ၊ 501 Levis' ၊ ဖော်မြူလာဝမ်း
ကားပြိုင်ပွဲ ၊ ဟောလိဝုဒ် ၊ ဆူမိုနပန်း ၊ စပိန်နွားရိုင်းသတ်ပွဲ ... ဒါတွေဟာ ထင်ရှားတဲ့သာဓကတွေပဲ
ဖြစ်ပါတယ် ။ ဆိုတော့ Culture War မှာ ကျွန်တော်တို့က တစ်ပန်းရှုံးနေပြီ လို့ပြောရင်ရတယ် ။ ဒီတော့
Art မှာလည်းဒီသဘောပဲပေါ့ ။ ကျွန်တော်တို့ဆီ အနုပညာသမားအများစုက ကိုယ့်ကိုကိုယ် Professional
လို့မခံယူရဲကြဘူး ။ ကြေးစားဖြစ်မှာ ၊ ငွေမက်တယ်လို့ အထင်ခံရမှာလည်းစိုးသေးတယ် ။ အမှန်က ဒါနဲ့
မဆိုင်ဘူး ။ Professional စိတ်ပေါ့ ။ စိတ်ကအစကွာတော့ အရာရာဟာ ကွာပါတယ် ။

Q -  အဲ့ဒီကွာဟမှုလေးတစ်ချို့အကြောင်းပြောပြပါ ။

A -  လူနှစ်ယောက်ရှိတယ်ဆိုပါစို့ဗျာ ။ အဲ့ဒီလူနှစ်ယောက်မှာ အဓိကကွာတာက စဉ်းစားတာပဲ ။
စဉ်းစားတာကွာရင် အဲ့ဒီလူနှစ်ယောက်ဟာ အစစအရာရာကွာပါတယ် ။ စဉ်းစားတာကွာတဲ့အတွက်
သင်ယူတဲ့ပညာရေးကွာမယ် ။ ငွေကြေးအပေါ်သဘောထားကွာမယ် ။ အရာဝတ္ထုတစ်ခုကို ကြည့်မြင်တဲ့
ရှုထောင့်ကွာမယ် ။ ဆုံးဖြတ်ချက်တွေကွာမယ် ။ ဒီတော့ စဉ်းစားတာမတူရင် အရာရာဟာ ကွာပါတယ် ။
နောက်တစ်ခုက ဘ၀င်စိတ်ပေါ့ ။ တစ်ချို့က ဘ၀င်မြင့်တယ်လို့ အပြောခံရမှာစိုးကြတယ် ။ ကျွန်တော်ဆို
ဘ၀င်မြင့်တာကို ကြိုက်တယ် ။ ဘ၀င်မြင့်တယ်ဆိုတာ ဘိန်းစားက ဘိန်းမှိန်းပြီးတော့ တဖက်မှာ
နတ်သမီးငါးရာရှိတယ်လို့ စိတ်ကူးယဉ်ပြီးအခြောက်တိုက်ဘ၀င်မြင့်နေတာမျိုးမဟုတ်ဘူး ။
ကျွန်တော့အယူအဆက ဘ၀င်နိမ့်တာမကောင်းဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဘ၀င်နိမ့်တဲ့လူတစ်ယောက်ဟာ
ဘယ်တော့မှ မြင့်မြင့်မားမားမတွေးခေါ်နိုင်ဘူး ။ မြင့်မြင့်မားမားမတွေးခေါ်နိုင်ရင် မြင့်မြင့်မားမား
မဖန်တီးနိုင်ဘူး ။ အနုပညာသမားတစ်ယောက်က မြင့်မြင့်မားမားမဖန်တီးနိုင်ရင် သွားပြီပေါ့ ။
ဟုတ်တယ်မလား ။ အဲ့ဒီလိုပေါ့ ။ စဉ်းစားတာကွာတော့ အယူအဆ အတွေးအခေါ် အစစအရာရာ
ကွာပါတယ် ။

Q -  သူတို့နဲ့ယှဉ်ရင် ကိုယ့်ဆီမှာ ဘာအားနည်းနေသလဲ ။

A -  အားနည်းတာတွေကတော့ အများကြီးပါပဲ ။ အဓိကကတော့ အနုပညာသမားတွေမှာ ပညာရှင်ဆန်တဲ့
အလေ့အထနဲ့ Professional ဆိုတဲ့စိတ်အားနည်းနေတယ်ထင်တာပဲ ။ ဒါ ကျွန်တော်တစ်ယောက်ထဲရဲ့
သဘောနဲ့ပြောတာနော် ။

Q -  Art နဲ့ Education ဟာ ဆက်နွယ်ပါသလား ။

A -  တိုက်ရိုက်မဟုတ်ပေမဲ့ သွယ်ဝိုက်သောအားဖြင့်တော့ ဆက်နွယ်နေကြပါတယ် ။ ကျွန်တော့အထင်
ပြောရရင် ပညာရေးဆိုတာ အတန်းပညာထက် အသိပညာကိုပိုပြီး ဦးတည်တယ်လို့ သဘောထားရှိပါတယ် ။
ကမ္ဘာကျော်အနုပညာသမားအများစုဟာ အသိပညာမှာအဆင့်မနိမ့်ကြတာအားလုံးအသိပဲ ။ ဒီတော့
Education အဆင့်မြင့်တဲ့နိုင်ငံတွေမှာ ယဉ်ကျေးမှုအဆင့်မြင့်တဲ့နိုင်ငံတွေမှာ အဆင့်မြင့်တဲ့ယဉ်ကျေးမှုတွေ
ထွန်းကားကြတယ် ။ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေဖြစ်တဲ့ အမေရိကန် ၊ ပြင်သစ် ၊ အင်္ဂလန် ၊ အီတလီ ၊
ဂျပန် အစရှိသဖြင့်နိုင်ငံတွေမှာ မော်ဒန် ၊ ပို့စ်မော်ဒန် ၊ အနုပညာဟာအရမ်းတိုးတက်ကျယ်ပြန့်နေတာကို
မြင်ကြရမှာပါ ။ ဒါတွေကိုကောက်ချက်ချကြည့်ရင် Art နဲ့ Education ဟာ သွယ်ဝိုက်ဆက်စပ်နေတာပေါ့ ။

Q -  အနုပညာကို လိုက်စားမဲ့လူငယ်တွေပညာကို ဘယ်လောက်အထိလိုက်စားဖို့လိုမလဲ ။

A -  လူငယ်တွေဟာ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသ၍လိုက်စားသင့်ပါတယ် ။ ကျွန်တော်ကိုယ်တိုင်လဲ
အခုထိပညာနဲ့ဆိုင်တဲ့အရာရာကို သင်ယူနေရဆဲပါ ။

Q -  ကိုယ်တိုင်ရော ပညာကို ဘယ်လောက်အထိ အရေးထားသလဲ ။

A -  ကိုယ့်ကိုကိုယ် အဆက်မပြတ်သင်ယူဖို့ အသင့်ပြင်ထားပါတယ် ။ ကျွန်တော်ဟာ ပညာလူ့အဖွဲ့အစည်း ရဲ့
သားကောင်ဆိုလည်းမှန်ပါတယ် ။

Q -  ကဗျာကိုမြှင့်တင်အလေးအနက်ထားကြဖို့ လက်ရှိစာနယ်ဇင်းလောကမှာ ဘာတွေလိုအပ်နေသလဲ ။

A -  ကျွန်တော့သဘောအရပြောရရင် ကဗျာစာမူခဟာ မဂ္ဂဇင်းတစ်အုပ်လုံးမှာ အများဆုံးဖြစ်သင့်တယ် ။
စာပေကိုနားမလည်ပဲ အခြေအနေအရ အယ်ဒီတာဖြစ်လာကြသူတွေ ၊ ကဗျာဆရာရဲ့တန်ဖိုးကို မသိတဲ့
အယ်ဒီတာတွေ ၊ အယ်ဒီတာကို တံစိုးလက်ဆောင်ပေးပြီးအရက်တိုက်ပြီး ကဗျာပါကြရသူတွေ ၊
နာမည်ကြီးတွေလျှောက်ရေးထားသမျှကို မပယ်ရဲဘဲ ကဗျာဆိုတဲ့ခေါင်းစဉ်အောက်မှာ ဖော်ပြပေးနေကြတဲ့
အယ်ဒီတာတွေ ၊ ကဗျာနဲ့ စာညွှန်းတောင်မခွဲခြားတတ်ပဲ အယ်ဒီတာလုပ်သူတွေ ... ဒါတွေအားလုံး
နှိမ်နင်းပြုပြင်ရပါလိမ့်မယ် ။

Q -  ရေးပြီး ထွက်ပြီးတဲ့စာအုပ်တွေ ၊ Works တွေအထိုက်အလျောက်များနေပြီ ။ Quantity နဲ့ Quality ကိုဘယ်လိုချိန်သလဲ ။

A -  ကျွန်တော်ရေးသမျှစာအုပ်တွေအားလုံးဟာ ကျွန်တော်ယုံယုံကြည်ကြည်ရေးခဲ့တာချည်းပါပဲ ။
ကျွန်တော့ဖန်တီးမှုအားလုံးကို ကျွန်တော်က တစ်တန်းစားထဲအားထုတ်ပါတယ် ။ ကဗျာပဲရေးရေး
ဝတ္ထုပဲရေးရေး ကျွန်တော်ကြိုးစားမှုဟာ အတူတူပဲ ။ ၀တ္ထုတွေဆိုရင်လည်း တစ်အုပ်နဲ့တစ်အုပ်မတူအောင်
အတတ်နိုင်ဆုံး ကျွန်တော်ရေးတယ် ။ " အပြာရောင်မှတ်ဥာဏ်အပိုင်းအစများ " ဆိုရင် လုံးချင်းဆိုပေမဲ့
လုံးချင်းဝတ္ထုတွေရဲ့ Technic ကိုကျွန်တော် အတတ်နိုင်ဆုံးမေ့ထားတယ် ။ ဒိုင်ယာရီရေးသလိုပဲ . . .
အဖြစ်အပျက်တွေ ဒိုင်ယာလော့ခ်တွေထည့်ပြီး တန်းရေးထားတာမျိုးပါ ။ လုံးချင်းဆိုပေမဲ့ ဇာတ်ရှိန်အတက်
အကျမရှိပဲ ( တနည်းအားဖြင့်ဂရုမစိုက်ပဲ ) ကျွန်တော်ရေးခဲ့ပါတယ် ။
"ကျူးပစ်ကိုယ်တိုင်မသိခဲ့တဲ့ မြှားအကြောင်း " ဆိုလည်း အခန်းကို ( ၁-က ) (၁-ခ) ဆိုပြီး ခွဲလိုက်တယ် ။
(၁-က) တိုင်းကိုရေးချင်တာတွေပြောချင်တာတွေကို Abstract ဆန်ဆန်လျှောက်ရေးပစ်တယ် ။
(၁-ခ) ကျမှဇာတ်လမ်းကိုရေးတယ် ။ ဒီတော့ ပရိသတ်က အခန်း (၁-က) (၂-က) အစရှိသဖြင့် တန်းစီ
ဖတ်သွားရင် မော်ဒန်ဝတ္ထုတစ်ပုဒ်လိုခံစားရမယ် ။ "ခ" တွေချည်းပဲဆိုရင် ဇာတ်လမ်းပေါ့ ။ "က" ရော "ခ" ရော
ဖတ်မယ်ဆိုရင်လည်းနှစ်မျိုးစလုံးရဲ့ အရသာကိုရမှာပေါ့ ။ အဲ့ဒီလို ကျွန်တော့ဖက်က ကြိုးကြိုးစားစား
ရေးခဲ့ပါတယ် ။ ကျန်တဲ့ဝတ္ထုတွေမှာဆိုလည်း စကားပြေကို ကျွန်တော့ဟန်နဲ့ကျွန်တော်ဖြစ်အောင်လုပ်တယ် ။
ဒါတွေကိုပြောရတာကလည်း Quality ကိုပဲ ကျွန်တော်ဦးစားပေးတယ်ဆိုတာသိစေချင်လို့ပါ ။ စာအုပ်တိုင်းကို
ကျွန်တော်အမြန်ပြီးအောင်ဆိုပြီး ဘယ်တော့မှမရေးဘူး ။ ပြီးမှပဲထွက်တယ် ။ ဒါကြောင့် ကျွန်တော့
စာအုပ်တွေ အထွက်ကျဲပါတယ် ။

Q -  ကိုယ့်ရဲ့စာဖတ်ပရိသတ်က ဘာတွေပြန်ပြောသံကြားရသလဲ ။

A -  မျိုးစုံပါပဲ ။ ဗလာကောင်တို့လို အတိုတွေပဲကြိုက်တဲ့ပရိသတ်ကျတော့ လုံးချင်းကို မရေးစေချင်ဘူး ။
လုံးချင်းဝတ္ထုတွေထဲမှာ " စိတ်ကောက်နတ်သမီး " တို့ ၊ " ၀တ်မှုန်ကူးတဲ့ကြယ် " တို့ ၊ " သံယောဇဉ်ဖတ်စာ "
တို့ကျတော့ ကျွန်တော်က Pop ဖြစ်အောင်တမင်အားထုတ်ထားတာ ။ ဒီတော့ အရမ်းစာပေမဆန်ပဲ
Idea ကိုစကားလုံးတွေနဲ့ပုံဖော်သလိုဖြစ်နေတယ် ။ နည်းနည်းအဆင့်မြင့်တဲ့စာဖတ်သူတွေက ဒါမျိုးတွေဆို
မကြိုက်ကြဘူး ။ တစ်ချို့ကျတော့ အဲ့ဒါမျိုးမှတဲ့ ။ ကဗျာတွေ ၀တ္ထုတိုတွေဆို မကြိုက်ကြဘူး ။ ဆိုတော့
ကျွန်တော့ပရိသတ်က နှစ်မျိုးဖြစ်နေတယ်ဆိုရမှာပေါ့ ။ ပရိသတ်ဆီက အများဆုံးကြားရတဲ့အသံကတော့
ဇာတ်သိမ်းရင် မင်းသားနဲ့ မင်းသမီးကို ညားပေးပါ တဲ့ ။ ( ရယ်လျက် )

Q -  ကိုယ်နဲ့ရွယ်တူလူငယ်တွေကို လှမ်းပြောချင်တဲ့စကားရှိရင် ပြောပါဦး ။

A -  ကမ္ဘာပေါ်မှာရှိသမျှ ကြီးကျယ်ခမ်းနားသောအရာအားလုံးဟာ စိတ်ကူးကစခဲ့တာချည်းပဲ ။ ဒီတော့
ပြောချင်တာက ကိုယ်ဖြစ်ချင်တာကိုအရင်ဆုံး စိတ်ကူးပေါ့ ။ အဲ့ဒီစိတ်ကူးကို ယုံကြည်မှုဖြစ်လာတဲ့အထိ
ထပ်တလဲလဲစိတ်ကူး ။ စိတ်ကူးကနေ ယုံကြည်မှုဖြစ်လာပြီဆိုရင်တော့ အပြင်းအထန်အကောင်အထည်
ဖော်ပေတော့ ။ မတော်တဆဖြစ်လာတဲ့လူနဲ့ ယုံကြည်မှုကို အကောင်အထည်ဖော်ပြီးဖြစ်လာတဲ့လူဟာ
ကွာကိုကွာနေပါလိမ့်မယ် ။ အဲ့ဒါကိုတော့ ကျွန်တော် အသေအချာပြောချင်ပါတယ် ။

Q -  နိုင်ငံတစ်နိုင်ငံမှာ စာရေးဆရာတစ်ယောက်ရဲ့အခန်းကဏ္ဍဟာ ဘယ်လောက်အထိအရေးပါတယ်လို့
ထင်ပါသလဲ ။

A -  နိုင်ဂျီးရီးယားနိုင်ငံသား စာရေးဆရာ ဘန်အိုခရီ ( Benokri ) က The Guardian သတင်းစာကိုပြောခဲ့တဲ့
စကားတစ်ခွန်းကို ကျွန်တော်ကပြန်ပြီး ဖောက်သည်ချချင်ပါတယ် ။ သူကဘာပြောလဲဆိုတော့
" နိုင်ငံတစ်နိုင်ငံရဲ့ကျဆုံးမှုဟာ အဲ့ဒီနိုင်ငံက စာရေးဆရာတွေရဲ့အ၇ည်အချင်းကျဆုံးမှုနဲ့ စတင်ပါတယ် " တဲ့ ။

Q -  လူ့ကျင့်ဝတ်နဲ့ပတ်သတ်လို့ လူငယ်တွေကို တစ်ခုခုပြောစရာများရှိပါသလား ။

A -  အဲ့ဒီမေးခွန်းက တကယ်တော့ ပြဿနာရှိတယ်ဗျ ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့
လူ့အဖွဲ့အစည်းမှာ အစကတည်းက အဲ့ဒီ ( Ethics ) ကျင့်ဝတ်နဲ့ပတ်သတ်လို့ စံချိန်တွေ ပေတံတွေက
သေချာမရှိဘူး ။ ဥပမာ - ခိုးတယ်ဆိုတာမကောင်းဘူးပေါ့ ။ ဟုတ်ပြီ ။ ခိုးတာမကောင်းဘူးဆိုတာကို
လက်ခံတယ် ။ ဒါပေမဲ့လူတွေက ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားတွေကိုကျတော့ ကမ္ဘာနဲ့ချီပြီးတော့ကို
အားပေးလက်ခံနေကြပြန်တယ် ။ ဂျိမ်းစ်ဘွန်းမင်းသားကိုလည်း သူရဲကောင်းတစ်ယောက်လို
သဘောထားနေကြတာမျိုးလဲရှိတယ် ။ ကျွန်တော်ပြောချင်တာက အဲ့ဒီ ဂျိမ်းစ်ဘွန်းမင်းသားဆို သူများ
နိုင်ငံထဲဝင်ပြီး အချက်အလက်တွေဝင်ခိုးတယ် ။ သူများသားမယားတွေကို ခိုးပေါင်းတယ် ။ သူများအခန်းတွေ
ပိုင်နက်တွေထဲခိုးဝယ်တယ် ။ ခိုးထွက်တယ် ။ သူများကို သေနတ်နဲ့ခိုးပစ်တယ် ။ နောက် ကျွန်တော်တို့
တိုင်းပြည်ရဲ့ ဒဏ္ဍာရီထဲမှာဆိုလည်း သူခိုးကြီးငတက်ပြားကို ဟီးရိုးတစ်ယောက်လိုဂုဏ်ပြုထားတယ် ။
ငတက်ပြားနေ့ဆိုတာတောင်ရှိတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ခိုးရာပါပစ္စည်းတွေကိုဆင်းရဲသားတွေဆီဝေငှ
တာကနောက်တစ်ပိုင်းပဲ။အရင်ဆုံးကိုယ်က သူတစ်ပါးဥစ္စာပစ္စည်းကိုမသိအောင်ယူရင်
ခိုးတာပဲလေ ။ ဆိုတော့ ခိုးတာမကောင်းဘူးဆိုတာ ဘာလဲ ။ လူ့အဖွဲ့အစည်းရဲ့ သတ်မှတ်ချက်တွေက
သံသယရှိစရာကောင်းပါတယ် ။ ဒီတော့ ကျင့်ဝတ်နဲ့ပတ်သတ်တဲ့အသိတွေ စံချိန်စံညွှန်းတွေဟာ
မသေချာဘူး ။ အဲ့ဒီအသိတွေကို ဖော်ပြတဲ့ဘာသာစကားဟာလည်း မသေချာဘူး ။ ဘာသာစကား
 ကိုယ်တိုင်ကမသေချာမှတော့ ကျွန်တော်ကရော ဘာပြောနိုင်မှာလဲ ။

Q -   ဒီနေ့ခေတ်လူငယ်တွေ တကယ်လိုအပ်နေတာက ဘယ်လိုစာပေမျိုးလဲ ။ ကိုယ်ကိုယ်တိုင်ရေးတဲ့
စာပေကရော ... အဲ့ဒီအထဲမှာပါလား ။

A -  အဲ့ဒါကပြောရတာ ခက်တယ် ဗျ... ။ လိုတာကတော့ အကုန်လုံးလိုတာပါပဲ ။ ထားပါတော့ ။
ကျွန်တော်က လူတတ်ကြီးလုပ်ပြီး မင်းတို့ဆီမှာ ဒါတွေလိုနေတယ်လို့ ပြောလိုက်ပြီပဲထား ။ သူတို့က
တကယ်ဖတ်ဦးမှ ကြိုးစားဖတ်ကြဦးမှ ။ ဟုတ်တယ်မလား ။ အဓိကက သူတို့ကိုယ်တိုင်လိုချင်စိတ်ရှိဖို့
အရေးကြီးပါတယ် ။ ကျွန်တော့အမြင်ပြောရရင် လူငယ်တွေကို ဖျော်ဖြေရေးဆန်တဲ့စာအုပ်တွေဆီကနေ
" ရသ " စာပေစစ်စစ်တွေကို ရွေးချယ်ဖတ်တတ်လာစေချင်ပါတယ် ။ ဇာတ်လမ်းဖတ်တဲ့စာဖတ်သူအဆင့်
ကနေ စာကိုဖတ်တဲ့စာဖတ်သူတွေဖြစ်လာစေချင်တယ် ။
          ကျွန်တော်ရေးတဲ့စာတွေကိုတော့ သမိုင်းကပဲ ဆုံးဖြတ်ပေးပါလိမ့်မယ် ။ တစ်ချို့သောတတိယတန်းစား
ပုဂ္ဂိုလ်များကတော့ သမိုင်းကိုလက်ငင်းရေးဖို့ကြိုးစားနေတာတွေ့ရပါတယ် ။ သူတို့ကိုပြောချင်တာက
သမိုင်းဆိုတာ ကိုယ့်ဘာသာကိုယ် လက်ငင်းရေးလို့မရဘူး ဆိုတာပါပဲ ။

Q -  ဒီနောက်ပိုင်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ HIV နဲ့ လူသားချင်းစာနာထောက်ထားရေး
ကိစ္စတွေဟာ လူ့အဖွဲ့အစည်းမှာအရေးပါလာတယ် ။ စာရေးသူတစ်ယောက်အနေနဲ့ ဒီကိစ္စတွေကို ရေးဖို့
အာရုံရှိလား ။ ဒီကိစ္စတွေမှာ ပါဝင်ပတ်သတ်ဖို့ တာဝန်ရှိတယ်လို့ ထင်လား ။

A - ခင်ဗျားပြောတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ ၊ HIV ပြဿနာတို့ ၊ လူသားချင်းစာနာထောက်ထားရေး
တို့ဆိုတာတွေဟာ တကယ်တော့ လူတွေအားလုံးနဲ့ဆိုင်တယ် ။ ပါဝင်ပတ်သတ်ဖို့လည်း လူငယ်တိုင်းမှာ
တာဝန်ရှိတယ် ။ အဲ့ဒီတာဝန်ကလည်း ဘယ်သူမှပေးထားတဲ့တာဝန်မဟုတ်ဘူး ။ ကိုယ့်အသိဥာဏ်အရ
ဒါဟာ လူသားတစ်ယောက်ရဲ့ယဉ်ကျေးတဲ့အပြုအမူလို့ခံယူထားသူတိုင်း ဒီတာဝန်ကို ယူကြမှာပါ ။
ကျွန်တော့စာတွေထဲမှာ ထည့်ရေးဖို့ကိစ္စကိုတော့ ဖတ်ကြည့်ပါလို့ပဲ ပြောချင်တယ် ။ ယမ်းပေါဆတ်ကတော့
ဒီလိုပြောခဲ့ဖူးတယ်ဗျ ။ " လူတွေကို အရေးတကြီးစကားတွေပြောစရာရှိလျက်နဲ့ ပြောဖို့အခွင့်အရေး
ရှိပါလျက်နဲ့ မပြောပဲနေရင် အဲ့ဒါ ရာဇ၀တ်မှုမြောက်တယ် " တဲ့ ။
ဒီလောက်ဆို ကျွန်တော့သဘောထားကို သိလောက်ပြီထင်ပါတယ် ။

Q -  ဘာတွေဆက်လုပ်ဦးမလဲ ၊ အနာဂတ်ကိုရော ဘယ်လိုစဉ်းစားထားသလဲ ။

A -  ဒီလိုပဲပေါ့ ။ ၀တ္ထုနဲ့ ကဗျာပဲရေးဖြစ်မှာပါ ။ ရေးဖို့စဉ်းစားထားတာတွေ အများကြီးရှိတယ် ။
လောလောဆယ်မအားသေးလို့ စာအုပ်ထဲမှာပဲ အကြမ်းမှတ်ထားတာ ။ နောက် . . . ကျွန်တော့ဘာသာ
ဆန်းသစ်ထားတဲ့ ၀တ္ထုတိုပုံစံတွေပေါ့ ။ အသက် ( ၃၅ ) လောက်ကျရင်တော့ ကိုယ်တိုင်ရေးအတ္ထုပ္ပတိ
( Self - Biography ) လေးရေးမယ် ။ အခွင့်အရေးလည်းရမယ် ။ ကျွန်တော်လည်းအသက်ရှင်နေဦးမယ်
ဆိုရင်တော့ အသက် ( ၇၀ ) မှာ ( Self- Biography ) ဒုတိယပိုင်းကိုဆက်ရေးချင်ပါတယ် ။ ဒီလောက်ပါပဲ ။



( အထက်ပါ အင်တာဗျူးကို ဖက်ရှင်မဂ္ဂဇင်း - ဒီဇင်ဘာလ ၂၀၀၈  တွင် ဖော်ပြခဲ့ပြီးဖြစ်သည် ။
   အံ့ဘုန်းမြတ် မှ တွေ့ဆုံ မေးမြန်းသည် )

ကျွန်တော်နှင့်ပေဖူးလွှာမဂ္ဂဇင်းအင်တာဗျူး ( 2010 - August )





၁။ စာရေးတယ်ဆိုတာ အနုပညာလား၊ အတတ်ပညာလား...ဆရာအနေနဲ့ဘယ်လိုထင်မြင်ပါသလဲ။

          တကယ်တော့ စာရေးတယ်ဆိုတာ အတတ်ပညာနဲ့ အနုပညာကို အချိုးအစားညီစွာပေါင်းစပ်ထားတာပဲ ။
ဘယ်စာရေးသူမဆို စာရေးသက်နုစဉ်အစပိုင်းကာလတွေမှာ အနုပညာပါရမီကိုအားကိုးပြီး ရေးသားဖန်တီးလေ့
ရှိကြတယ် ။ တွင်းထွက်ဆိုတဲ့သဘောက ရေရှည်မှာ ကုန်ခမ်းသွားတတ်တာကြောင့် တစ်ဘ၀လုံး
စာရေးဖို့အတွက်ကျတော့ ၀မ်းစာကအရေးကြီးလာပြီ ။ အတတ်ပညာလည်းပါလာရပြီပေါ့ ။
ပါရမီသက်ကုန်သွားတဲ့အခါ ပညာသက်နဲ့ဆက်တက်ရမယ် ။

၂။ ဆရာဇော်ဂျီက “စာကောင်းရေးချင်ရင် စိတ်ကောင်းမွေးရမယ်” လို့ ဆုံးမတာ ဖတ်ဖူးပါတယ်။ 
ဒါနဲ့ပတ်သက်လို့ ဆရာ့အမြင်ကို ပြောပါ။

       ဆရာဇော်ဂျီပြောတာမှန်ပါတယ်။ဒါပေမဲ့ရိုးရိုးစိတ်ကောင်းရှိရုံနဲ့မပြီးသေးဘူး။စိတ်ကောင်းဆိုရာမှာ
အမှန်တရားကိုလည်း ချစ်တတ်ရမယ်။ ကိုယ်နဲ့ အတွေးအမြင် အယူအဆမတူညီ သူတွေကိုလည်း
သဘောထားကြီးပေးနိုင်ရမယ်။ အများပြည်သူအတွက် တရားမျှတတဲ့ဘက်က ရပ်တည်ပေးရဲရမယ်။
သူရဲကောင်းတိုင်းကို (ရန်သူ၊ မိတ်ဆွေမရွေး) လေးစားတတ်ရမယ်။ မိမိရဲ့အတ္တစိတ်ကြောင့်ဖြစ်လာတဲ့
ဘယ်လိုအဓမ္မမှုကိုမဆို ရှက်တတ်ရမယ်။ ဒါတွေဟာ စိတ် ကောင်းနှလုံးကောင်းရှိသူတွေရဲ့
ယဉ်ကျေးတဲ့အပြုအမူတွေပဲ မဟုတ်လား။ ဒါမှလည်း စာကောင်းတွေ ရေးနိုင်မှာပေါ့။ ကျွန်တော်ကတော့
ဆရာဇော်ဂျီရဲ့စကားကို အဲဒီလိုပဲ သုံးသပ်မိပါတယ်။


၃။ လူတိုင်းဘာဖြစ်လို့ စာရေးဆရာမဖြစ်နိုင်ကြတာလဲ။ လူမှာဗီဇနဲ့ ပတ်ဝန်းကျင်... ဘယ်ဟာက 
ပိုအရေးကြီးပါသလဲ။

လူတိုင်းမဖြစ်တာ စာရေးဆရာမှမဟုတ်ဘူး။ နာမည်ကျော် မင်းသား၊ မင်းသမီး၊ အဆိုတော်တွေ၊ ၀န်ကြီးချုပ်၊
သမ္မတ....စသဖြင့် နိုင်ငံရေးခေါင်းဆောင်တွေ၊ ကမ္ဘာအဆင့်အားကစားသမားတွေ၊ သိပ္ပံပညာရှင်တွေ၊
(GM)အဆင့် စစ်တုရင်သမားတွေ....အစရှိတာတွေလည်း လူတိုင်းမဖြစ်နိုင်ပါ။ လူတစ်ယောက်မှာ
နိမ့်ကျတဲ့ဘ၀ပဲဖြစ်ဖြစ်၊ မြင့်မားတဲ့ဘ၀ပဲဖြစ်ဖြစ် ရှိလာခဲ့ပြီဆိုရင် အဲဒီလူရဲ့ ပင်ကိုယ်ဗီဇကြောင့်ရော
ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုကြောင့်ပါ နှစ်မျိုးစလုံးနဲ့ဆိုင်ပါတယ်။ တချို့လူတွေအတွက် ပင်ကိုယ်ဗီဇ
ရာခိုင်နှုန်းများပြီး တချို့လူတွေအတွက်တော့ ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုက ပိုမိုရာခိုင်နှုန်းများနေတတ်ပါတယ်။
ဒါပဲကွာခြားတယ်လို့ ကျွန်တော်ထင်ပါတယ်။

၎။ စာရေးဆရာတွေဟာ ရည်ရွယ်ချက်မျိုးစုံနဲ့ စာရေးတတ်ကြတယ်။ ဆရာအနေနဲ့ရော 
ဘယ်လိုရည်ရွယ်ချက်တွေနဲ့ စာရေးပါသလဲ။

   စာရေးသူတွေဟာ ရည်ရွက်ချက်အမျိုးမျိုးနဲ့ စာရေးတတ်ကြပါတယ်။ တချို့က လူထုကို
သူတို့ရဲ့အတွေးအခေါ်သစ်တွေ၊ အယူအဆသစ်တွေကို ဖြန့်ဝေချင်လို့ (တစ်နည်း) message ပေးချင်လို့၊
တချို့က အောင်မြင်ကျော်ကြားချင်လို့၊ တချို့က ပိုက်ဆံလိုချင်လို့၊ တချို့က လူတွေကို သူတို့ ဘယ်လောက်
တတ်ကြောင်း၊ ဘယ်လိုတော်ကြောင်းတွေပြောပြီး သူတို့ရဲ့ သြဇာကိုထူထောင်ချင်လို့၊ တချို့ကလည်း သူတို့ရဲ့
အနုပညာအရည်အသွေးကို ပြသချင်လို့....(စသဖြင့်) မျိုးစုံရှိကြပါတယ်။ ကျွန်တော်အနေနဲ့ကတော့
ရိုးသားစွာပြောရရင် ဇာတ်ကြောင်းပါတဲ့ ပုံဝတ္ထုလေးတွေပြောပြပြီး ဖျော်ဖြေမှုပေးချင်လို့ရယ်၊ ကျွန်တော်ရဲ့
စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့ ငွေစကြေးစလေးတွေရချင်တာရယ်၊ စာဖတ်သူတွေကို အသိဥာဏ်နဲ့ယှဉ်တဲ့
လွတ်လပ်မှုမျိုးကို တည်ဆောက် ကြစေချင်တာရယ်ကြောင့် စာတွေရေးဖြစ်နေတာပါ။ အဲ....တစ်ခါတလေ
ဘယ်လိုမှမရေးဘဲ မနေနိုင်လို့ အပျင်းပြေ လျှောက်ရေးမိတာတွေလည်း ပါတာပေါ့ လေ။

 ၅။ စာအုပ်စာပေဟာ တစ်လူတစ်ယောက်ရဲ့ဘ၀ကို ပြောင်းလဲနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ တကယ်လို့ရှိခဲ့ရင် ပြောပြပေးပါ။

  စာအုပ်စာပေဟာ လူတစ်ယောက်ရဲ့ ဘ၀ကို ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာ
တက်ကျမ်းစာအုပ်တွေမှာ ပါလေ့ရှိတဲ့ အတွေးအခေါ်မျိုးပဲ။ စာအုပ်တစ်အုပ်ကြောင့် လူတစ်ယောက်ရဲ့
ဘ၀ပြောင်းလဲသွားနိုင်တယ်ဆိုတာ ဟုတ်ပါ့မလား။ ကျွန်တော်ကတော့ လူတစ်ယောက်မှာ
အသိဥာဏ်ကသာ ပိုအရေးကြီးတယ်လို့ ထင်တယ်။ တကယ်လို့ စာအုပ်တစ်အုပ်ကြောင့်
လူတစ်ယောက်ရဲ့ဘ၀ ပြောင်းလဲသွားခဲ့တယ်ဆိုရင်လည်း အဲဒီလူရဲ့ စုပ်ယူမှတ်သားနိုင်တဲ့
အင်အားကြီးမားမှုနဲ့ သိမှုကို ချဲ့ထွင်နိုင်တဲ့ စွမ်းရည်မြင့်မားမှုကြောင့်ပါပဲ။

 ၆။ စာကြီ။ပေကြီးနဲ့ စာကောင်းပေမွန် ဘယ်လိုကွဲပြားမှု ရှိပါသလဲ။ ပြီးတော့ ဘယ်ဟာက 
ပိုပြီးတန်ဖိုးရှိစေပါသလဲ။

စာကြီးပေကြီးဆိုတာ လူတွေကိုဗဟုသုတတွေ အများကြီးပေးဖို့ နှုတ်ခမ်းမွှေးကားကားနဲ့
ဥပဓိရုပ်ခန့်ခန့်ထည်ထည် ရှိတဲ့စာအုပ်ကြီးတွေပေါ့။ စာကောင်းပေမွန်ဆိုတာကတော့ အနှစ်သာရအားဖြင့်
လူတွေစိတ်ကောင်းနှလုံးကောင်း ရှိလာအောင်မွန်မြတ်တဲ့ ရည်ရွယ်ချက်မျိုးရှိတဲ့ လမ်းညွှန်စာအုပ်မျိုးပါပဲ။
အဲဒီ နှစ်မျိုးစလုံးဟာ အရေးကြီးတဲ့ တန်ဖိုးကိုယ်စီရှိကြပါတယ်။ ဒါကို ကျွန်တော်က အဲဒီနှစ်ခုမှာ တစ်ခုခုက
တန်ဖိုးပိုရှိတယ်လို့ ဆုံးဖြတ်ရလောက်အောင်တော့ မမိုက်မဲသေးပါဘူး။


၇။ အမျိုးသားရေးစိတ်ဓာတ်ဆိုတာ ဘာကိုခေါ်တာပါလဲ။ ရှင်းပြပေးပါ

 ခင်ဗျားပြောတဲ့ အမျိုးသားရေး စိတ်ဓာတ်ဆိုတာ တိုင်းပြည်နဲ့ လူမျိုးရဲ့အကျိုးစီးပွားကို လိုလားတဲ့
မျိုးချစ်စိတ်ဓာတ်လို့ပဲ ကျွန်တော် နားလည်မိပါတယ်။ မျိုးချစ်စိတ်ဓာတ်ဆိုတာ သိပ်အရေးကြီးတာပေါ့။
ကမ္ဘာပေါ်မှာ ရှိရှိသမျှ နိုင်ငံတိုင်းမှာပေါ်လစီအားဖြင့် သူတို့ရဲ့ အမျိုးဘာသာ၊ သာသနာ ကို
ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာမျိုး ရှိကြတာချည်းပဲ။ ကျွန်တော့်အနေနဲ့လည်း တိုင်းပြည်က
လူငယ်တွေကို မျိုးချစ်စိတ်ရှိစေချင်ပါတယ်။ မျိုးချစ်စိတ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ
အိုဘားမားပြောတဲ့စကားတစ်ခွန်းကို ကျွန်တော်သဘောကျမိတယ်။ အခုကျွန်တော်က အဲဒါကိုပဲ
ကျွန်တော်လက်ခံ ထားတဲ့ ခံယူချက်အနေနဲ့ တဆင့်ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။ အိုဘားမားက
ဘယ်လိုပြောသလဲဆိုတော့ “မျိုးချစ်စိတ်ဆိုတာကို တစ်ခုတည်းသော  တိုင်းပြည်၊ 
တစ်ယောက်တည်းသော ခေါင်းဆောင်၊ တစ်မျိုးတည်းသော မူဝါဒ အပေါ်မှာ သစ္စာစောင့်သိရမယ်ဆိုတဲ့ 
အဓိပာယ်မျိုးဖွင့်ဆိုလို့မရပါဘူး...”တဲ့။ သူဆိုလိုတဲ့နောက်ဆက်တွဲအဓိပာယ်က အရမ်းကျယ်ဝန်းတယ်။
ငါ့နိုင်ငံ၊ ငါ့လူမျိုးဆိုတာတွေကို ကျော်လွန်ပြီး ကမ္ဘာ့လူသားမျိုးနွယ်ဆိုတဲ့အဆင့်အထိ ပြောသွားတာ...ဒါဟာ
သူ့ရဲ့ ကျယ်ပြန့်တဲ့ ဥာဏ်အမြင်ကို ပြသရာလည်းရောက်ပါတယ်။

 ၈။ အမျိုးသားရေးနဲ့ နိုင်ငံရေး ဘယ်လိုကွာခြားသလဲ။ ဆရာက နိုင်ငံရေးစိတ်ရှိသူလား။

 အမျိုးသားရေးနဲ့နိုင်ငံရေးဟာ တူသလိုနဲ့မတူဘူး။ မတူသလိုနဲ့လည်း တူနေပြန်တယ်။ အမျိုးသားရေးက
သပ်သပ်၊ နိုင်ငံရေးက သပ်သပ် ခွဲခြားပြီးပြောဖို့ ခက်လှပါတယ်။ အခုနောက်ပိုင်းမှာ အဲဒီနှစ်ခုကိုတွဲပြီး
အမျိုးသားနိုင်ငံရေး (National Politics) လို့ ပြောလာကြတယ်။ အမျိုးသားနိုင်ငံရေး ဆိုတာ ရိုးရိုးနိုင်ငံရေးသမား(Politician) တွေထက် တစ်ဆင့်ပိုမြင့်တဲ့ နိုင်ငံပြု သုခမိန် (Statesman) တွေကသာ လုပ်တာလို့ ပြောနိုင်တယ်။တပြိုင်တည်းမှာပဲ ဟစ်တလာလို အာဏာရှင်တွေကလည်း
 သူတို့ကိုယ်သူတို့အမျိုးသားနိုင်ငံရေးလို့ ကြွေးကျော်ကြတာပဲ။ တချို့နိုင်ငံတွေမှာ အမျိုးသားရေးဆိုပြီး
လူနည်းစုအခွင့်အရေးတွေ၊ အကျိုးစီးပွားတွေကို ဖိနှိပ်ခံနေရတာမျိုးတွေ ရှိတယ်။
ကျွန်တော်တို့ နိုင်ငံဟာလည်း တိုင်းရင်းသား လူမျိုး ပေါင်းစုံ စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံဆိုတော့
ဒါမျိုးတွေမဖြစ်အောင် အထူးသတိချပ်ဖို့လိုပါတယ်။ အမျိုးသားရေးလို့ ကြွေးကျော်ပြီး အမြင်ကျဉ်း
အမျိုးသားရေးဝါဒီ (Narrow Nationalism) ဖြစ်သွားတတ်တာမျိုးလည်း ရှိတယ်။
ကျွန်တော်ပြောချင်တာက နိုင်ငံရေးကို အမြင်ကျယ်ကျယ်နဲ့ လုပ်ဖို့လိုတယ်။ နိုင်ငံရေးစိတ်က ကျွန်တော်မှ
မဟုတ်ဘူး။ မြန်မာနိုင်ငံသား အားလုံး နိုင်ငံရေးစိတ်ရှိရမှာ....။ နိုင်ငံရေးဆိုတာ
တိုင်းပြည်တစ်ပြည်ရဲ့အဆင့်အမြင့်ဆုံး အဆောက်အအုံပဲ။ ဒါကိုကောင်းအောင် လုပ်ဖို့ ပြည်သူတစ်ရပ်လုံးမှာ
တာဝန်ရှိတယ်ဆိုတာ သိစေချင်တယ်။

၉။ အာဏာ၊ အသပြာ၊ သြဇာ....သုံးခုထဲက နှစ်သက်ရာတစ်ခုကို ရွေးချယ်ပေးပါ။

  ဒီကနေ့ လူ့အဖွဲ့အစည်းမှာ အာဏာ၊ အသပြာ၊ သြဇာ....သုံးခုစလုံးဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်စုဖွဲ့ထားတဲ့
ကွန်ယက်တွေပဲ။ အဲဒီ သုံးမျိုးစလုံးဟာ ပါဝါ(Power) ကို ဖြစ်ပေါ်စေတယ်။ ကျွန်တော့်အနေနဲ့ကတော့
ပါဝါရှိတာကို သဘောကျပါတယ်။

၁၀။ ဆရာကွယ်လွန်သွားတဲ့အခါ နာမည်တစ်လုံး ကျန်ရစ်ခဲ့ဖို့ ဘာတွေလုပ်ဆောင်ခဲ့မလဲ။

  နာမည်တစ်လုံးကျန်ရစ်ခဲ့ဖို့ဆိုတာ ရည်ရွယ်ချက်တစ်စုံတစ်ရာနဲ့ လုပ်လို့ရပါ့မလားလို့ ကျွန်တော်
သံသယရှိတယ်။ လူတစ်ယောက် အသက်ရှင်နေစဉ် ကာလမှာ ပြုမူလုပ်ဆောင်ခဲ့တဲ့အရာတွေဟာ
သူကွယ်လွန်သွားတဲ့အခါ သူ့သမိုင်း ဖြစ်လာတာပဲ။ ကောင်းသောသမိုင်းနဲ့ မကောင်းသော
သမိုင်းဆိုတာတော့ ကွာပါလိမ့်မယ်။ ဒါပေမယ့် သမိုင်းဆိုတာ ဘယ်တော့မှ လက်ငင်းရေးလို့ မရပါဘူး။    ။

Tuesday 13 March 2012

ကိုယ်ရေးကိုယ်တာ

သစ်ရွက်ကြွေသံတစ်ခုက
ငါ့နားထဲမှာဝုန်းခနဲ
မြည်ဟိန်းသွားရဲ့။

အချိန်မတန်သေးဘဲ
ငါ့တန်ဖိုးတွေကို
မင်းဘာကြောင့်များတိုက်ချပစ်လိုက်ပါလိမ့်။

ဘယ်သူမပြု
မိမိမှုတဲ့ .. ။

လကွယ်သီချင်းတစ်ပုဒ်က
ညထဲကိုဗီဇပြပြီး
ရက်ရက်စက်စက်လွင့်ပျံ့လာတယ်။

ငါ့ရင်ထဲက
အဖြူရောင်စည်းကမ်းတွေအားလုံး
ချိတ်ပိတ်ထားလိုက်ပြီ။
ငါဟာရိုင်းစိုင်းရမ်းကားဖို့
အမြဲအဆင်သင့်ရှိနေသူဆိုတာ
မင်းသိစေရမယ်။

ဘာသဘောလဲ
လှည့်မကြည့်နဲ့.....
အပျော်ကြေးဆိုပေမယ့်
အန္တရာယ်ရှိတယ်။

နောက်ဆုံးတော့လည်း
ပတ်သက်မိခဲ့သမျှတွေကို
ရယ်မောလွှင့်ပစ်လိုက်ရုံပေါ့။

ငါမပြောချင်ဘူး
မင်းမသိနိုင်ဘူး
အစွန်းမရောက်ရင်
အဲဒါဘယ်တော့မှ အချစ်မဟုတ်ဘူး ။ ။

| ဝေမှူးသွင် |

မြို့ပြကမ်ပိန်း(န်)

စိတ်တော့မရှိနဲ့
ဒါဟာလူလေလူလွင့်တစ်ယောက်ရဲ့
ကမ်းခြေဖြစ်ပါတယ်။

ကလင၊်ကလင်၊
ကလင်၊ကလင်....

ဟဲလို...အမတ်မင်းပါလား၊
ဘာမှပြောမနေနဲ့
မင်းတို့လျှို့ဝှက်ချက်ဆိုတာ
အရိုးဆွေးနေပြီ။

တောင်အာဖရိကသားစာရေးဆရာကရေးတယ်
Dog eats dog...တဲ့
ခွေးကခွေးကိုစားခြင်း ဆိုပဲ။

ရုတ်တရက်
အာခေါင်ခြစ်ပြီးအော်လိုက်တဲ့အသံမှာ
ကိုယ်ထူကိုယ်ထအိပ်မက်တွေ၊
တစ်ယောက်ကချော်လဲသွားစဉ်
တစ်ယောက်ကရောထိုင်လိုက်ပုံတွေ...
အချိတ်အဆက်မိဖို့သာလိုပါတယ်။

ဒီကနေ့သတင်းစာခေါင်းကြီးပိုင်းက
ငြိမ်းချမ်းရေးကာလအတွင်း
လက်ဖြောင့်တပ်သားစနိုက်ပါများအဖို့
အလုပ်လက်မဲ့ပြသာနာနဲ့ရင်ဆိုင်ရဖွယ်ရှိနေပါသတဲ့။

ဒါနဲ့ပဲ
ငါတို့လည်းတီတီတာတာများမှာ
အရသာရှိလာတယ်။
ဟိုဟိုဒီဒီတွေနဲ့
အခေါ်အပြောညက်လာတယ်။
ဘာပဲပြောပြော
ရန်ကုန်ဟာအချိုမကုန်သေးဘူးမဟုတ်လား။ ။

| ဝေမှူးသွင် |
( ၂၂ - ၉ - ၂၀၁၀ )

မောင်နှမစာအုပ်



သိတဲ့လူကို
မသိတဲ့လူကသရော်တယ်။
ယဉ်ကျေးမှုရှိတဲ့လူကို
ယဉ်ကျေးမှုမရှိတဲ့လူကရယ်တယ်။

ဘ၀ကိုဈေးမေးကြည့်တော့
ကဗျာဆရာဆိုတာဝယ်လိုအားနည်းတယ်။

ညီမလေးရေ....
ရေခြားမြေခြားမှာ
သေးမွှားတဲ့အမှန်တစ်ခုကိုဖြစ်ဖြစ်
မြင်တွေ့ရတဲ့အခါငါ့ကိုသတိရလိုက်ပါ။
ပွင့်လင်းတဲ့လူ့ဘောင်မှာ
ဗလာတွေရဲ့တန်ဖိုးကို
မင်းသိအောင်ကြိုးစားပါ။

ဒီရုပ်ရည်နဲ့ဒီရုပ်ရည်မှာ
စိတ်ကိုနောက်စေ့နဲ့ကြည့်လည်း
မင်းမြင်တတ်ရမယ်။
အားလုံးကိုလွန်မြောက်ပြီးတဲ့တစ်နေ့
ငါတို့ပြန်ဆုံကြတဲ့အခါ
မင်းမှာမေးခွန်းအသစ်တွေရှိနေမှာပဲ။
ငါ့မှာလည်းမျက်လုံးအသစ်တွေ
ရှိလာမှာပဲ။

လူ့တန်ဖိုးတွေအကြောင်း၊
သဘာဝပေါက်ပင်တွေအကြောင်း၊
ကမ္ဘာ့သမိုင်းအကြောင်း၊
ဗီဇညံ့ဖျင်းတဲ့ငါတို့ဆွေမျိုးတွေအကြောင်း၊
မင်းကိုငါပြောပြမယ်။
လေထုညစ်ညမ်းမှုအကြောင်း၊
အဆင့်မြင့်နည်းပညာရပ်တွေအကြောင်း၊
ခမ်းနားတဲ့လူ့အဖွဲ့အစည်းအကြောင်း၊
နောက်ဆုံးပေါ်ဇိမ်ခံပစ္စည်းတွေအကြောင်း
မင်းကငါ့ကိုပြောပြပေါ့။

အဝေးကြီးမှာပေမယ့်
မင်းရဲ့အသိတရားအတွက်
ငါစိတ်ချလိုက်ပါရဲ့။

ငါကတော့ဆံပင်ရှည်တုန်းပဲ
ရည်းစားများတုန်းပဲ
ကဗျာရေးတုန်းပဲ
ဘွဲ့မရသေးဘူး။

ယုံကြည်မှုအရေးအခင်းမှာ
ငါတို့နှလုံးသားတွေဝေးခဲ့ကြပြီ။

အမှတ်တရတိုင်းဟာ
မင်းကိုညံ့ဖျင်းစေဖို့ဖြားယောင်းလိမ့်မယ်။
ဘယ်လိုခက်ခဲမှုကိုမဆို
ငါ့ပုံတူကိုမင်းအမှတ်ရလိုက်ပေါ့။

မရိုးနိုင်တဲ့မိသားစုပုံပြင်များ
နောင်တမဲ့သောသူငယ်ချင်းများ
အနုပညာအတွက်အရှုပ်အထွေးများ
ဒီလိုတွေကြားမှာ
ငါတော့သတ္တိရှိဖို့ပဲတွေးပါတယ်။

ညီမလေးရေ....
ကမ္ဘာကြီးရဲ့ထောင့်တစ်နေရာမှာ
ငါတို့ပြန်တွေ့ကြရင်
ငယ်ငယ်တုန်းကလို
ကြက်ပျံငှက်ပျံကစားနိုင်ဦးမှာလား။
တစ်ယောက်လက်ထဲကမုန့်ကိုတစ်ယောက်
ငေးကြည့်နေဦးမှာလား။

ငါ့ဘ၀ရဲ့ဖတ်စာအုပ်တွေကိုလည်း
ငါသံသယဖြစ်မိရဲ့။

သေချာတာကတော့
လမ်းရဲ့အရသာဆိုတာ
လျှောက်တဲ့ခြေထောက်တွေပဲသိလိမ့်မယ်။          ။

| ဝေမှူးသွင် |
( Beauty Magazine , june 2004 )

သက်ပြင်းချစရာ အနှုတ်လက္ခဏာများကို စမ်းစစ်ခြင်း

ဒီနေ့အဖို့
ဘယ်နေရာရောက်ရောက်
ဘယ်ခလုတ် နှိပ်နှိပ်
ဘယ်သီချင်း ဖွင့်ဖွင့်
မင်းရဲ့ အရိုင်းဆန်မှုတွေပဲ
ငါ့အတွက်လည်း
အန္တရာယ်အများဆုံး ရနံ့တစ်ခုပေါ့ ။

လမ်းတွေအားလုံးက
မင်းရှိရာဆီပဲ ညွှန်ပြနေရဲ့  ။
ဘာအဓိပ္ပ္ပါယ်ရှိလဲ မေးရင်တော့
နည်းတဲ့ကုသိုလ် မဟုတ်ဘူးလို့ ဆိုရမယ် ။

အခုငါက
မင်းရဲ့ ဖွယ်ဖွယ်ရာရာမျက်စောင်းလေးများမှာ
ရိုးရိုးသားသားအဆိပ်တက်မိပြီ ။
ဆန်းပြားတဲ့ အလွမ်းတစ်ခုမှာ တို့နှစ်ယောက်
နေပူမရှောင် ၊ မိုးရွာမရှောင်
အာသာဖြေ မိကြတယ် ။

ငြိမ်သက်နေသော
လူရိပ်နှစ်ခုကြားထဲ
လေတိုးသံကို ကြားရတယ် ။
ဖုန်းမက်ဆေ့တွေ တစ်ခုပြီးတစ်ခု
ပျော်စရာစက္ကန့်မိနစ်များနဲ့
တပ်မက်ဖွယ် အထိအတွေ့တွေမှာ
ဘယ်အရာက လျှို့ဝှက်ချက်လဲ ။

အတည်မပြုနိုင်သေးတဲ့
သတင်းအချက်အလက်များအရ...
မင်းခန္ဓာကိုယ်ပေါ်
ခဏခဏ လမ်းမှားတယ် ။
ငါ့နှလုံးသားတွေ
မကြာမကြာ ဇောချွေးပြန်တယ် ။
ပြောင်ချော်ချော်မျက်နှာပေးနဲ့
မင်းအကြည့်တွေဟာ
ရုတ်တရတ်မီးလောင်မှုကို ဖြစ်စေတယ် ။

အဲဒီမီးလောင်မှုကို
တရားဝင်ဖြစ်အောင်
ဘယ်လိုလုပ်ရပါ့မလဲ ။

ဟော....
မင်းပြုံးသွားပြီ မှတ်လား ။

အပြုံးရဲ့ နောက်ကွယ်ကို
သတိကြီးကြီးထားကြည့်လိုက်ရင်
ကမ္ဘာတစ်ခြမ်းလုံး
ပန်းတွေနဲ့ လင်းနေတာကို မြင်ရမယ် ။

ဒါဟာ အသစ်စက်စက်
သင်္ချိုင်းတော်ပဲ ။
မင်းမေတ္တာတရားထံ
ဆွံ့အနေတဲ့ အိပ်မက်ပဲ ။
ဒီအတိုင်းဆိုရင် ပဲရစ်မြို့ကြီးဟာ
ဘာမှ မလွမ်းလောက်သေးဘူး ။

အများပြည်သူရှေ့မှောက်ရှိ
ဂုဏ်ပြုအပ်သော ရိုးသားမှုတစ်ခုမှာ
ငါတို့က အခန်းဆက်မာယာတွေနဲ့ ၊
ဝင်္ကပါကိုယ်စီနဲ့ ၊
မှတ်ဥာဏ်အသီးသီးလည်း
နာကျင်စရာ ဖြစ်ခဲ့ပြီ ။

ဒီလိုနဲ့ပဲ
ပိုးမွှားပေါင်းစုံတို့ ကျက်စားရာ
ခေတ်ကာလသုံး ပြက္ခဒိန်ထဲ
ငါက လမ်းကျွမ်းသူမုဆိုးဖြစ်လာတော့တယ် ။
မင်းကိုချစ်မိသမျှ
ပုစ္ဆာလုပ်ကြည့်လိုက်တဲ့အခါ
အဖြေတွေက ဒုက္ခတည့်တည့်ဆီ လမ်းညွှန်နေကြရဲ့  ။

" အဟဲ..."
အင်တဲလက်ကျူရယ်လ်*တစ်ဦးပမာ
မိမိကိုယ်မိမိ လှောင်ပြောင်ဖို့
ဒီလိုဟာသရှိဖို့ လိုတယ်မဟုတ်လား ။

အင်း...ဒါပေါ့တဲ့ ။

မြို့ပြလူသားတို့ရဲ့ ချစ်မှုရေးရာဆိုတာ
ဘယ်အနုပညာကိုမှ ဗိုလ်မထားမှန်း
တစ်နေ့ မင်းသိလာမှာပါကွာ ။

ကဲ...အချစ်
ပုဒ်မကို သေချာချ ၊
အလွမ်းကို ဖြည်းဖြည်းရေး ၊
စစ်ရှုံးခဲ့တဲ့နှစ်တွေအတွက်
ကော်ဖီတစ်ခွက်လောက် လျော်ကြေးရခဲ့ရင်တောင်
ငါတို့က ယဉ်ယဉ်ကျေးကျေး
ရောင့်ရဲနိုင်ရမယ် ။             ။

*အင်တဲလက်ကျူရယ်လ် = Intellectual

| ဝေမှူးသွင် |

စကားလုံးတစ်ချို့ အငွေ့ပျံသွားသော

                   ။၁။

မင်းထားရစ်ခဲ့တဲ့
အရေးတကြီးဝဋ်ကြွေးများမှာ
ညနေခင်းဟာမှုန်ကုတ်လို့၊
ငါကတိုင်းရေးပြည်ရာအကွဲအပြဲတွေကို
စိတ်ပျက်လက်ပျက်ခေါင်းရမ်းလို့၊
ဘာရယ်မဟုတ်....
ငေးငေးငူငူပဲကြေကွဲနေမိတယ်။

ရုတ်တရက်သတင်းစကားတွေပေါ်
သတ္တုချကြည့်လိုက်တဲ့အခါ
လူမှုရေး၊စီးပွားရေး၊
ပညာရေး၊နိုင်ငံရေး...အားလုံးထဲမှာ
အနှေးဆုံးကအချစ်သီချင်းတွေဖြစ်နေရဲ့။

                    ။၂။

အဖြစ်က
မနှစ်ကနဲ့မတူဘူး။

မနက်ဖြန်များစွာကိုခုခံဖို့
မတော်တဆနံပါတ်တွေဟာ
ဖြူဖြူစင်စင်သုညတစ်လုံးသာပြန်ဖြစ်ချင်သတဲ့။

ဟုတ်လား...
ဒါဆိုအရင်ဆုံး
ခေတ်ရဲ့အနိဋ္ဌာရုံတွေကို
ဦးနှောက်မှာဆေးမင်ထိုးထားရမယ်။

အခုလည်း
အင်းဆက်ပိုးမွှားစုဆောင်းသူများမှအစ.....
လိင်စိတ်အသစ်များ၊
နေထိုင်မှုအဟောင်းများ၊
အစွန်းရောက်ကိုးကွယ်ယုံကြည်မှုများ၊
အလကားနေရင်းဓနရှင်မုန်းတီးရေးများနှင့်
ကျွန်တော်၊ကျွန်မတို့အဖွဲ့ကအလှူခံပါတယ်များ....အထိ
ငါတို့ကအခြောက်တိုက်ဘ၀င်မြင့်နေပါလိမ့်မယ်။
မိုင်းဒတ်စ်လိုငါ့လက်နဲ့ထိစိမ်းမိသမျှ
ရွှေမဖြစ်နိုင်တာတော့လုံးဝသေချာသွားပြီ။

(ဒါတွေကိုထားပါ...
မထားနိုင်ရင်တော့
ကိုယ့်ကိစ္စနဲ့ကိုယ်ပဲ။
အဲဒီအခါငါလည်း
လူနု၊ံလူအ တစ်ဦးပမာပါပဲ။)

လက်ရှိဘ၀ကို
မထူးဇာတ်ခင်းတယ်လို့ပြောပြော၊
သေမထူး နေမထူးနေ့စွဲများမှာ
ဆေးဝါးတွေနဲ့လှုံ့ဆော်ထားရတယ်ပဲဆိုဆို...
လူ့သမိုင်းဆိုတာ
ယေရှု Marketing ဆင်းသလို
ကယ်တင်ရှင်တို့ရဲ့ဂရုဏာတွေချည်းမဟုတ်ကြောင်း၊
ရိုးသားမှုဆိုသည်မှာ
ဘယ်တာ့မှခေတ်မကုန်နိုင်ကြောင်း၊
အနုပညာဟာဘယ်နိုင်ငံရေးအယူအဆရဲ့
လက်အောက်ခံမှမဟုတ်ပါကြောင်း...စသဖြင့်ပြောပြီး
နောက်ဆုံးဆာ့ခ်ျအင်ဂျင်ဟာ
သွေးရူး သွေးတမ်းထွက်ခွာသွားတော့တယ်။

                      ။၃။

ဆည်းဆာညနေထဲက
အရဲရင့်ဆုံးငှက်တောင်ပံတွေ
အခြေအနေမကောင်းသေးဘူး။
ဘာပဲဖြစ်ဖြစ်ဒီအချိန်မှာ
မင်းမျက်စောင်းနွမ်းနွမ်းလေးကပဲ
လွမ်းစရာအကောင်းဆုံးဖြစ်လာခဲ့တယ်။

ဒီလိုနဲ့
လွမ်းရေးကလွမ်းရေးသပ်သပ်၊
ဝမ်းရေးက၀မ်းရေးသပ်သပ်၊
ယဉ်ကျေးမှုမုန်တိုင်းထဲမှာ
ငါကိုယ်တိုင်ဗဟိုချက်မဖြစ်လာရတယ်။
မင်းကတော့ဗဟိုချက်မရဲ့
အသည်းနှလုံးပေါ့။

လွမ်းရေးမှာရော
ဝမ်းရေးမှာပါ
ခက်တာတွေကခက်နေပြီး
လွယ်တာတွေကလွယ်နေဆဲမို့
အဖြစ်အပျက်တွေဟာရှုပ်ထွေးလှပါတယ်။

တစ်နေ့၊တစ်နေ့....
ငါတို့တိုင်းသူပြည်သားများလည်း
မီးလောင်ပြင်မြေကြီးပေါ်
ချွေးတရွှဲရွှဲနဲ့ကြာပန်းတွေစိုက်ပျိုးကြ၊
လူတစ်ယောက်နဲ့တစ်ယောက်ကြားက
ရွှေသားသံယောဇဉ်တွေဟာ
အမုန်းနဲ့ရောထွေးနေတဲ့ယမ်းငွေ့များကိုအံတုကြ၊
သမိုင်းသစ်အတွက်
ကတ္တီပါလက်ရေးကိုပြင်ထားကြနဲ့.....

ဟိုအဝေးဆီက
ရွှေပြည်တော်ကြီးခင်ဗျား...
ဤခရီးနီးပါပြီလား။           ။

 | ဝေမှူးသွင် |

မိုင်းဒတ်စ်=Midas(ဂရိဒဏ္ဍာရီထဲကဘုရင်တစ်ပါး)
ဆာ့ခ်ျအင်ဂျင်=Search Engine

ဝေမှူးသွင်ဝါဒ

ဘယ်လိုမှမစဉ်းစားမိခဲ့တဲ့
အသက်ရှူသံ...
ဧည့်ခန်းထဲမှာထိုင်နေတယ်။

လူတစ်ယောက်ဟာ
မှားစရာမရှိတဲ့အခါပျင်းလာရဲ့။

ရှင်သန်ခြင်းမှာ
ဒေသခံလိုတာပေါ့။
စားဝတ်နေရေးလိုတာပေါ့။
ချစ်မြတ်နိုးမှုလိုတာပေါ့။

ခေါင်းစဉ်အတိုင်းစဉ်းစားနိုင်အောင်
မီးတောက်တွေကိုပြင်ဆင်ထား၊
စက္ကူတွေကိုသတိထား.....။

ဖြေးဖြေးပဲသွားမယ်
ရောက်ခါနီးရင်
အချက်ပေးမှာပဲ။

အဲဒီကိစ္စ
ပတ်သက်ရတာ
မီတာတက်တယ်။
ရုပ်နဲ့နာမ်ဟာ
လူရှုပ်လို့သတင်းကြီးတယ်။

သဘောပေါက်ရဲ့လား...
အပြောအဆိုကို
စိတ်မပူနဲ့။
အရေးအသားက
ရှင်းမပြနိုင်ဘူး။    ။

| ဝေမှူးသွင် |
(life design မဂ္ဂဇင်း၊၂၀၀၀ခုနှစ်)

စွဲလမ်းမှု၏ စာမျက်နှာများ

                   ။၁။
       
 ဘ၀ကတစ်ခါတလေ
နေပျော်ဖွယ်ရာရှိပါတယ်။

သူငယ်ချင်းတွေ
ရုပ်ရှင်ကားတွေ
ဇိမ်ခံဟိုတယ်ကြီးတွေ
ကော်ဖီခွက်တွေ
တိရစ္ဆာန်ရုံတွေ
ချောကလက်လိုအရသာရှိတဲ့ကောင်မလေးတွေ
ဒီလိုတွေ
ဟိုလိုတွေ
သစ္စာတွေ
မေတ္တာတွေ
............စသဖြင့်အခက်အခဲတွေမှာ
မိုးရေတစ်စက်က
ပေါက်ခနဲငါ့အသားကိုလာထိမှန်တယ်။

ဘာအဓိပါယ်လဲလို့ စမ်းစစ်ကြည့်လိုက်တော့
၁၉၉၄ ခုနှစ်ရဲ့နွေဦး၊
ကနေတဲ့ကောင်မလေးတစ်ယောက်ရဲ့လက်ချောင်းလေးများ
မီးလျှံတစ်ခုလိုပဲသေသပ်လှပနေရဲ့။

                       ။၂။

မော်တော်ကားတွေ
နောက်ပြန်ဆုတ်သွားကြတယ်။
သစ်ရွက်ကြွေတွေ
အပင်ပေါ် ပြန်တက်သွားကြတယ်။
မီးခိုးငွေ့တွေ
စီးကရက်ထဲပြန်ဝင်သွားကြတယ်။
ငါလည်းပြန်ငယ်သွားတယ်
၁၉၉၄ခုနှစ်
အရပ် ၅ပေ ၁၀လက်မ
ကိုယ်အလေးချိန်(၁၁၀)ပေါင်
အသက်(၁၆)နှစ်
ပိန်ပိန်ရှည်ရှည်ချာတိတ်တစ်ယောက်...။

ထောင့်မကျိုးတာ၊ခေါင်းမာတာ၊
သူတစ်ပါးကိုမနာခံတတ်တာ၊
ကိုယ့်ထက်သုံးနှစ်လောက်ငယ်တဲ့
ကောင်မလေးတစ်ယောက်ကိုအသည်းအသန်ချစ်မိတာ
ငါ့ဖက်ရှင်တွေပေါ့။

အဲဒီတုန်းကအချစ်ဆိုတာ
ဖက်ဖူးရောင်ဖီးဆင့်စက်ဘီးလေးမှာ...
မင်းရဲ့ကြောက်လန့်တကြားအော်ဟစ်သံတွေမှာ...
ငါ့ကိုမြင်တာနဲ့
အကြောင်းမရွေးတဲ့မင်းမျက်စောင်းများဆီမှာ.....။

အရာရာဟာ
ကမ်းမမြင် လမ်းမမြင်ပေါ့ကွာ။

မင်းကိုတချို့က
ပလပ်စတစ်ပန်းလို့ခေါ်ကြတယ်။
ငါကပလပ်စတစ်ပန်းရဲ့မွှေးရနံ့ကို
ကဗျာဖွဲ့တယ်။
ပြီးတော့ငါ့ဒဏ်ရာတွေကို
ပလပ်စတစ်ပန်းလို့နာမည်ပေးထားတယ်။

နောင်အခါ
ငါ့တပ်မက်မှုတွေအားလုံးက
အဲဒီပလပ်စတစ်ပန်းလေးဆီမှာပေါ့။
ကိုယ့်ကိုယ်ကိုလည်း
အဲဒီပလပ်စတစ်ပန်းကိုအသက်သွင်းနိုင်လိမ့်မယ်လို့
ယုံကြည်မိခဲ့ဖူးတယ်။

ကမ္ဘာကြီးမှာ
မဖြစ်နိုင်တာတွေဖြစ်ခဲ့တယ်။
ဒါပေမယ့်
ငါယုံကြည်တာတွေမဖြစ်ခဲ့ဘူး။

ဒီလိုနဲ့မင်းနဲ့ဝေးရာမှာပဲ
ငါနေခဲ့တယ်။
ပန်းကောက်တဲ့လက်ဟာ
ကဗျာရေးတဲ့လက်ဟာ
မင်းကြောင့်ပဲချာတိတ်အချင်းချင်း
လက်သီးတွေလည်းထိုးခဲ့ဖူးပါတယ်။

နှစ်တွေကြာလာတော့
ငါကလမ်းသရဲစိတ်နဲ့ကဗျာဆရာ၊
မင်းရှိတဲ့မြို့လေးဆီ
သိပ်မရောက်ဖြစ်တော့ဘူး။

ရန်ကုန်မှာ အနုပညာနဲ့၊
နိုင်ငံရေးနဲ့၊ခေတ်ပေါ်အသုံးအဆောင်တွေနဲ့၊
ကောင်မလေးဒီဇိုင်းမျိုးစုံနဲ့၊
အတွေးအခေါ်အသစ်အဆန်းတွေနဲ့။

ငယ်သူငယ်ချင်းတွေနဲ့တွေ့ရင်
မတော်တဆပဲဖြစ်ဖြစ်
မင်းသတင်းတွေကပါလာတတ်တယ်။
ဘယ်လိုသတင်းပဲဖြစ်နေပါစေ
ကောင်းကောင်း၊ဆိုးဆိုး
ငါကပြုံးပြီးနားထောင်နေမိတယ်။

ငါ့ရည်းစားဟောင်းတွေစာရင်းဟာ
တစ်နေ့တခြားများလာရဲ့။

အခုငါက
အချစ်ပတ်သက်ရင်
နာမည်ပျက်နဲ့ကောင်ပါ။

အသိဥာဏ်နဲ့အနုပညာကြောင့်
နည်းနည်းကျော်ကြားလာတာကလွဲရင်
နေတာ ထိုင်တာအရင်အတိုင်းပဲ
ခေါင်းမာတာအရင်အတိုင်းပဲ
လူမုန်းများတာအရင်အတိုင်းပဲ
မင်းကိုချစ်တာအရင်အတိုင်းပဲ။

ဘ၀ရဲ့မှတ်တိုင်အဖြစ်
ဟာသစာအုပ်တွေကိုလည်း
ခပ်တည်တည်ဖတ်ခဲ့ပေါ့။

                 ။၃။

နှစ်ကာလများ၊ဂစ်တာသံများ၊
ပြန်မစဉ်းစားဖြစ်ခဲ့တဲ့အတိတ်များ၊
မြေကြီးဆန်တဲ့ပိုးမွှားတစ်ကောင်လိုလေ့ကျင့်ခန်းများ။

အခြေအနေတချို့ကိုဖြတ်ကျော်ခဲ့ပြီးနောက်
ငါတို့အခုပြန်တွေ့ကြပြီ။

တစ်ယောက်မျက်လုံးတွေကိုတစ်ယောက်
စူးစမ်းနေရဲ့၊
တစ်ယောက်ရယ်သံတွေကိုတစ်ယောက်
နားစွင့်နေရဲ့၊
တစ်ယောက်နာကျင်မှုတွေကိုတစ်ယောက်
ပြောပြနေရဲ့၊
တစ်ယောက်အိပ်မက်တွေကိုတစ်ယောက်
တိုင်ပင်နေရဲ့။

                        ။၎။

အမှတ်တမဲ့မိုးစက်တွေက
အမှတ်တမဲ့ပဲရယ်စရာကောင်းသွားခဲ့ပြီ။

အခုလိုထီးတစ်ချောင်းကို
ငါတို့နှစ်ယောက်အတူဆောင်းရလိမ့်မယ်လို့
တစ်ခါမှမထင်မိခဲ့ဘူး။

ခံစားမှုတွေဟာ
နှစ်ခါပြန်သေဆုံးတတ်ပါသလား။
ဘ၀ဟာ
ရိုးရိုးလေးအံ့သြစရာကောင်းနေတဲ့အခါ
ဒိုင်ယာရီထဲက၀ါကျအဟောင်းတွေက
မျက်ရည်ဝဲဦးမှာလား။

လူတွေက
ထင်ချင်သလိုထင်ကြမယ်
ပြောချင်သလိုပြောကြမယ်
ငါကလည်းရွှဲ့စောင်းစောင်းနဲ့
ဘာတစ်ခုမှအဆင်မပြေတဲ့ကောင်။

ပြီးစလွယ်နေ့စွဲများမှာ
မင်းလက်ကဓါးဒဏ်ရာလေးကအစ
မင်းပါးပြင်ပေါ်က အကြောစိမ်းစိမ်းလေးတွေအထိ
ငေးကြည့်နေမိတယ်။

                         ။၅။

မင်းကရောဘယ်လိုလဲ
တိတ်တိတ်လေးအရသာရှိဖို့၊
ရုတ်တရက်အငွေ့ပျံတတ်ဖို့၊
လူသားသမိုင်းကိုခမ်းနားဖို့၊
ပြီးတော့....
အစစ်အမှန်တွေကိုချစ်တတ်လာစေဖို့လည်း
ငါကဆန္ဒပြုလိုက်ပါတယ်။

လမ်းဖောက်သူနဲ့
လမ်းလျှောက်သူဆိုတာဘယ်လိုမှ
မတူနိုင်ဘူးမဟုတ်လား။

ရာဇ၀င်တွေဟာ
ငါ့မှတ်ဥာဏ်များကိုစိုးမိုးထားဆဲ။
အိပ်ရာဝင်ပုံပြင်မှာလည်း
မင်းနာမည်နဲ့ခေါင်မိုးထားဆဲ။
အနာဂတ်တွေကတော့
ကြုံသလိုဖြစ်ခဲ့ပြီ။

                   ။၆။

ငါကသူရဲကောင်းမဟုတ်ဘူး
မင်းရဲ့နူးညံ့မှုတွေမှာ
သာမန်လူတစ်ယောက်လိုပဲ
ကျဆုံးသွားခဲ့သူပါ။

မင်းအချစ်ဆီရောက်ဖို့လည်း
ငါ့မှာလမ်းညွှန်မြေပုံမရှိဘူး။
အဲဒီအတွက်တော့ပင်ပန်းလိမ့်မယ်လို့
ငါမျှော်လင့်ထားပါတယ်။
အခုငါက
ရှားရှားပါးပါးရိုးသားချင်နေရဲ့။

လောင်ကျွမ်းစရာမိုးတိမ်တွေက
ဟိုတုန်းကလိုပဲ
ငါ့ကောင်းကင်မှာအုံ့မှိုင်းနေကြတယ်။

အချစ်ရေ....
ပလပ်စတစ်ပန်းပေမယ့်
မင်းပွင့်ချပ်မှာတော့
ဝတ်မှုန်လေးတွေရှိစေချင်ပါတယ်ကွာ။

                      ။၇။

တစ်ချိန်တုန်းကနွေဦးဟာ
ငါ့ရင်ထဲကစွေ့ခနဲ ခုန်ထွက်သွားပြီ။

လမ်းမပေါ်မှာသစ်ရွက်လေးတစ်ရွက်
လေတိုက်ရာကိုရွေ့နေတယ်။

အခုလိုကိုယ့်အရသာနဲ့ကိုယ်
မီးတောက်နေတဲ့ရက်စွဲများမှာ
ရင့်ကျက်မှုတွေနဲ့မပြည့်စုံသေးတဲ့ကဗျာဆရာတစ်ယောက်
အဝေးကြီးကို ငေးရီလို့၊
စက်ဝိုင်းတစ်ခုမှာ
အလွမ်းဟာ ခဏ ခဏ ဂျို့ထိုးလို့၊
ငါကချစ်မေတ္တာတွေကို
ဟန်ဆောင်ရယ်မောနေရဲ့။          ။

| ဝေမှူးသွင် |
(ဒီကဗျာဟာ ၁၉၉၄ ခုနှစ်တုန်းကအဖြစ်အပျက်တွေကို ၂၀၀၄ ခုနှစ်မှာထိရှတဲ့ခံစားချက်တစ်ခုနဲ့
ရေးဖွဲ့ခဲ့ပါတယ်။သာမန်အချစ်ကဗျာတစ်ပုဒ်ပါ။ကဗျာရေးဖွဲ့မှုနည်းစနစ်အရအားနည်းလှပေမဲ့ကျနော်က
ရိုးဂုဏ်လေးရှိလို့ခုချိန်ထိကြိုက်နေမိတယ်။ဒီကဗျာကို ၂၀၀၄ ခုနှစ်က Beauty Max မဂ္ဂဇင်းမှာဖော်ပြခဲ့ပါတယ်။)

ရာသီဥတုကို ကြံရာမရနဲ့ ခုခံမိခြင်း

အချိန်တန်ပြီ
မင်းရောငါရော အချိန်တန်ပြီ။

အဲဒီအရှိတရားမှာ
ဆုံးရှုံးသူတစ်ယောက်ရဲ့ကတိ
အဖြူထည် မျက်ဝန်းလေးကိုပဲ နာကျင်မိတယ်။

“နင်မကောင်းဘူးဟာ”
ဒီစကားမှာ
ငါ အသက်မရှူမိတာ အပြစ်လား။
ကိုယ့်ကိုယ်ကိုယ် ဖျောင်းဖျခဲတာ မှားတား။

ဒါဟာ
လောကကြီးရဲ့ စနစ်ကျတဲ့လှည့်ဖျားမှုလို့ပဲ
တို့ယုံထားလိုက်ရအောင်…။

အခုတော့
မင်းအချက်ပေးခဲ့တဲ့ သံယောဇဉ်တွေ
ကြီးကြီးမားမားမှန်း သိလျက်နဲ့
ငါမျက်နှာလွှဲရတော့မှာပေါ့။

ဒီဇာတ်လမ်းမှာ
မင်းက ငါ့ကို အဓိပ္ပာယ်မဲ့စွာ လိုအပ်ခဲ့
ငါက မင်းကို အော်ကြီးဟစ်ကျယ် ရူးသွပ်ခဲ့
ကိုယ့်စွန်ကိုယ်ဖြတ်ခဲ့ကြသလို
ငါတို့ရယ်သွမ်းသွေးခဲ့ကြပြီ။
 ရေမှုတ်ကိုယ်စီနဲ့
လောင်ကျွမ်းခဲ့ကြပြီ။

ဒီလိုပါပဲ
မင်းနှုတ်ခမ်းက လက်ဖက်ရည်နံ့တွေဆီ
သစ္စာတရားဟာ အိုမင်းသွားတော့မယ်။

ပြဇာတ်တစ်ပုဒ်ပေါ့
မိုးစက်မိုးပေါက်များရဲ့ အဆုံးမှာ
ငါရှူံးနိမ့်ခဲ့ဖူးတယ်။

| ဝေမှူးသွင် |
( သရဖူ , ဒီဇင်ဘာ ၂၀၀၀ )

သစ်ရွက်တို့၏ ပေါ့ဆခြင်းများ

(၁)
ငါ့ဘ၀ရဲ့
ပထမဦးဆုံးစာကြောင်းများ၊
ပထမဦးဆုံးအမှိုက်များ၊
ပြီးတော့…
ပထမဦးဆုံး ရဲရင့်ခြင်းများ
ဒါတွေနဲ့ပဲ
ဒါတွေကို တံခါးခေါက်
လောကဆီကို ရောက်လာခဲ့ပြီ။

(၂)
တစ်ရာသီကနေ တစ်ရာသီပြောင်း၊
ပြက္ခဒိန်တို့လည်း
တစ်ခုပြီးတစ်ခု ဟောင်းသွားကြ၊
ဘ၀မာတိကာရဲ့ ပထမပိုင်းမှာ
“ပိုက်ဆံက အရေးကြီးတယ်” ဆိုတဲ့ ၀ါကျနဲ့နေထိုင်
အလေ့ကျအလွမ်းတွေကို
ကောင်မလေးတစ်ယောက်ဆီ ထားခဲ့ဖူးတယ်။

ဟိုလမ်းမပေါ်က
ယိုင်ရွဲ့နေတဲ့ခြေလှမ်းများလည်း
လုံခြုံနေဖို့လိုရဲ့။

ကမ္ဘာကြီးရဲ့ တစ်ဖက်ဆီမှာ
အသေးအဖွဲ ကိုယ်စီနဲ့
ငါတို့ကြီးကျယ်ကြမယ်။
ရံဖန်ရံခါ ရုပ်ဝတ္ထုတွေအကြောင်း
ဆွေးနွေးကြမယ်။
အဲဒီနောက်မှာတော့
သူများတွေကြားဖို့မလိုတဲ့အသံနဲ့
ငါ့ရဲ့အချိန်ကာလကို ငါကိုယ်တိုင်မောင်းနှင်မယ်။

နောင်အခါ
ငါသေဖို့ လိုအပ်လာတဲ့အခါ
လူသားတို့ ပျော်ရွှင်ကျေနပ်စွာလက်ခံဖို့
သေမင်းနဲ့ တိုင်ပင်မယ်
အမှန်တရားကို နားချမယ်။

ငါ့အတွက် အဆိပ်ခွက်ကို ပြင်ဆင်ထားကြ
ဒီနေရာမှာ ငါ့ကျောပြင်ပေါ်
ရထားတစ်စင်း ခုတ်မောင်းသွားပါစေ။

(၃)
ငါ့နှလုံးသားထဲက
တိတ်ဆိတ်တဲ့ခေါင်းလောင်းထိုးသံ
ဘယ်သူကြားမိသေးလဲ။

ငါ့တစ်ယောက်ထဲ အဖော်မဲ့ညတွေ
မိန်းမတစ်ယောက်ဆီ
ငွေကြေးနဲ့ ကမ်းလှမ်းလိုက်ရင် ကောင်းမလား။

ပထမဆုများ၊
သွေးရူးသွေးတန်းအဖျားဖျား၊
ရုပ်ရှင်ရုံများ၊ ပန်းခြံများ၊
နံနက်ခင်းများ၊ ဒုက္ခများ.....

ဒီလိုရှုခင်းတွေထဲ
ပိုနေရင် ဖယ်ထုတ်ပစ်လိုက်
ပန်းပုရုပ်ထုတယ်ဆိုတာ
မလိုတာတွေကို ဖယ်ထုတ်ပစ်တာပဲ။

(၄)
မြင်ဖူးကြတယ်မဟုတ်လား
ခွေးဟာ ရိုက်နှက်နေတဲ့လက်ကို လျှက်နေတာလေ။

မာယာကော့ဖ်စကီး
(ဘောင်းဘီဝတ်မိုးတိမ်မှ-)

အဲဒီစာပိုဒ်ကို အထပ်ထပ်ဖတ်
ငါ့ရက်စွဲတွေမှာ ကြမ်းတမ်းလွန်းတဲ့သိက္ခာ
သာမန်ပိုးမွှားဆိုပေမယ့်
ရောဂါတော့ဖြစ်နိုင်ရဲ့။

တစ်ကနေစတင်
အဲဒီတစ်မှာပဲ ပြီးဆုံးခဲ့၊
ငါ့ဆီက ထွက်သွားသောစကားလုံးများ
ငါ့ဆီပြန်ရောက်လာတဲ့အခါ
အဓိပ္ပာယ်တွေပြောင်းသွားပြီ။

(၅)
ခပ်ငယ်ငယ်အရွယ်
အရာရာကို အရွဲ့တိုက်ဖို့ပဲ စဉ်းစားချိန်
လောကဓံဆိုတဲ့ စကားလုံးကို
ရယ်သွမ်းခဲ့ဖူးတယ်။
 အချစ်ဆိုတာကို
ကိုးကွယ်ရူးသွပ်ဖူးတယ်။
အနက်အဓိပ္ပာယ်ကို အလကားကိစ္စလို့
အထင်လွဲဖူးတယ်။

ငါက
ရှိုက်ကြီးတငင်လက်မှတ်တွေကို
အမှတ်တရ သိမ်းထားတတ်သူ၊
စံပယ်တွေကို စွဲလန်းခဲ့သူ၊
ကောင်မလေးတစ်ယောက်ကို ၀တ္ထုရေးဖူးသူ၊
အမှားတွေများလွန်းပေမယ့်
ခဲဖျက်ဆိုတာကို အသုံးမပြုသူ၊
ကြာလာတော့
ကိုယ့်ကိုယ်ကို တွေ့ရှိမှုအဖြစ်
ေ၀၀ါးခြင်းတွေခါးတယ်။

ငါ့ဘ၀ကို
ကစားပွဲတွေနဲ့ဖြတ်သန်း၊
ဒါပေမယ့် အနီကဒ်ကို နှစ်ခြိုက်သူဘောလုံးသမား
ဘယ်သူရှိခဲ့ဖူးသလဲ။

(၆)
အစီအစဉ်အရ
ဆိုခဲ့ပြီးပြီ ..
အောင်မြင်ခဲ့တဲ့ ၀ါကျများအကြောင်း။

သက္ကရာဇ်အဟောင်းတစ်ခုမှာ
ဆန္ဒအသစ်တွေ၊
ငါမစဉ်းစားရသေးတဲ့
နောက်ထပ်နေ့ရက်တွေ၊
ပိန်ပိန်သေးသေး ကောင်မလေးတစ်ယောက်ရဲ့
စိုးရိမ်တကြီးအချစ်တွေ၊
ပရုပ်လုံးရနံ့နဲ့
အင်္ကျီအ၀တ်အစားတွေ၊
အားလုံးကို မကြာခင်ကပဲ
ဟားတိုက်မောင်းထုတ်ပစ်ခဲ့ပြီ။

သင်ရော၊ ကျွန်ုပ်ပါ
ကိုယ့်မှတ်ပုံတင်ကို ကိုယ်
သေချာကြည့်ခဲ့ကြသားပဲ။
တစ်ဦး၏အချိန်များတွင် တစ်ဦး
မသိမသာ ခိုအောင်းခဲ့ကြသားပဲ။
လောကဟာ ငါတို့ကို
ပေါ့ပါးတာနဲ့ တစ်ပြိုင်ထဲ လေးနက်ရမယ်လို့
သင်ကြားခဲ့တာပဲ။

ဘယ်သူမှ မဆုံးသေးတဲ့
သံသရာသီချင်းအတွက်
ငါ့အနုပညာဟာ
ဇာတ်နာဖို့လိုရဲ့။
ကျယ်လောင်ဖို့လိုရဲ့။

ချွေးထွက်များတဲ့ အသိဉာဏ်ဟာ
အဘိဓမ္မာဆရာထက် ပါးနပ်တယ်။

အခုကမ္ဘာမှာ အသံတစ်ခုက
အီလက်ထရောနစ်အမှိုက်တဲ့...
ငါ့ခေါင်းထဲမှာရော
အဲဒီလို အမှိုက်တွေ ဘယ်လောက်များပြားနေပြီလဲ။
 စဉ်းစားရဦးမယ်။

ရောက်ရှိလာတဲ့ မာနတရား၊
ရောက်ရှိလာတဲ့ အနက်ရောင်ထုံးစံ၊
ရောက်ရှိလာတဲ့ မျက်နှာဖုံး၊
နောက်ထပ် ရောက်ရှိလာဦးမယ့် အပျော်တမ်းများ၊
ဒါတွေအားလုံး အရေးပေါ်ဆိုပေမယ့်
မေတ္တရားနဲ့ စာနာမှုကိုတော့
မိုးမခေါင်စေချင်ဘူးပေါ့။

သူတို့နဲ့ ပေါင်းဖော်မှ
လောင်းကျော်မှာ မဟုတ်ပေမယ့်
ငါက ဖဲသမားတစ်ဦးရဲ့ ရင်ခုန်သံကိုမှ လိုချင်သူလေ။

အဲသလိုမျိုး
ကိုယ့်ကိုယ်ကို မှန်ကြည့်ခဲ့
လူ့အဖြစ်ကို ဣနြေ္ဒမဲ့ခဲ့၊
မြေကြီးပေါ်မှာ လမ်းလျှောက်ပစ်ခဲ့။

(၈)
ငြီးငွေ့ခဲ့တဲ့အဖြစ်အပျက်တစ်ခုမှာ
ငါဟာ ဓားစစ်စ်တစ်လက်ဖြစ်ရဲ့
မိမိကိုယ်ကို အဆုံးသတ်ဖို့ပေါ့။

ဟော-
မင်းကြားလိုက်သလားအချစ်ရေ
ငါတို့စစ်ပွဲရဲ့ ဓမ္မတေးသံကို။
လူတစ်ဦးဟာလူတစ်ဦးကို
ဘယ်လောက်အထိ မှားယွင်းပြတတ်သလဲ။

အချိန်တန်တဲ့အခါ
သင်လည်း မေးခွန်းတွေကို ဖြေရမယ်။

ဒါပေမယ့်
ဘယ်မှာလဲ ကျွမ်းကျင်မှု။
ဘယ်မှာလဲ တစ်ကိုယ်တော် ထွက်ပြေးခြင်းဝါဒ
ဘယ်မှာလဲ ခေါင်းကိုက်ရောဂါ။

အားလုံးပြီးဆုံးတဲ့အချိန်
ငါတို့အလွမ်းတွေကိုလည်း
ဆွဲစုတ်ပစ်လိုက်ရုံပါပဲ။

သမိုင်းစာမျက်နှာပေါ်မှာ
အနာတရတွေ မရှိဖို့တော့လိုတယ်။

ငါ့ခေတ်ရဲ့ပြတင်းပေါက်များမှာ
ငါရှိနေဦးမှာပါ။
နယ်မြေဟောင်းမှာပဲ
ခံစားမှုအသစ်တွေကို ရှာဖွေဦးမှာပါ။
လူတန်းစေ့အနုပညာနဲ့
ငါသတ္တိရှိနေဦးမှာပါ။

(၁၀)
ငါ့ဘ၀ပွဲတော်ရဲ့ ရက်စွဲများ
ကုန်လွန်သွားတဲ့အခါ
ငါ့ဘေးမှာ မင်းရှိနေဖို့လိုတယ်။

လူ့မှတ်ဉာဏ်ဟာ
မသုံးတာကြာရင် ပျက်စီးတတ်တယ်။
အခုကြည့်…
ငါဘုရားရှိခိုးအလွတ်မရတော့ဘူး။
ကျောင်းဆင်းချိန်သီချင်းအလွတ်မရတော့ဘူး။

ဒီအတွက်တော့ မင်းက
ငါ့မှတ်ဉာဏ်ထဲမှာ ရှိနေဦးမယ်။

ငါတို့ကံကြမ္မာဟာ
ပြောင်းလဲလာတော့မှာပါ။
စိတ်ပျက်မသွားပါနဲ့အချစ်ရယ်
ငါတို့အတွက်
ကံကောင်းတဲ့အချိန်ကာလတစ်ခု
ရောက်လာတော့မှာပါကွယ်။

(၁၁)
သက်တောင့်သက်သာ စီမံကိန်းတို့နဲ့
အဝေးမှာကျန်ရစ်ခဲ့သော အဆုံးအရှုံးများ
မင်းလည်းနာကျင်ခဲ့ဖူးမယ်။

ရန်သူ့မြေမှာ
ငါတို့ခိုနားကြစို့အချစ်...
တို့ရဲ့ကိုယ်ပိုင်စက်ရုံတွေက
ဒဏ်ရာတွေကိုသာ ထုတ်လုပ်ရဲ့။

အဲဒီလိုနဲ့ ငါလည်း
ဖယောင်းတိုင်မီးနဲ့
ငရဲကို ထွန်းညှိလိုက်တယ်။

(၁၂)
အရှေ့အရပ်ကနေ
အနောက်အရပ်အထိ၊
တောင်အရပ်ကနေ
မြောက်အရပ်အထိ၊
အားလုံးသိကြပြီးပြီ။
ငါက တစ်ခါတစ်လေမှ ဖြူစင်သူဆိုတာ … ။

နေ့နေ့၊ညည
သဘာဝတရားရဲ့လက်ဆောင်အဖြစ်
ငါ့ကျန်းမာသန်စွမ်းမှုတွေရှိတယ်။
 သုညကြွင်းတဲ့ ကိစ္စတွေအတွက်
ငါ့သစ္စာဆိုခြင်းဟာ ရှိတယ်။

ဘယ်သူ့အတွက်မှမဟုတ်ဘူး
နေလောင်နေတဲ့ ငါ့အရေပြားတစ်လျှောက်မှာ
မျှော်လင့်ချက်ဆင်းဆက်တွေက
ရှင်သန်နေတုန်းပဲ။

ငါ့အသက်တွေလည်း
တစ်ရက်ထက်တစ်ရက် ကြီးလာပြီ။

မနေ့ကကို မနေ့ကအတိုင်း
ထားလိုက်ကြတော့
ဒီနေ့အတွက်
အဲဒီပေါင်မုန့်တွေမှာ အန္တရာယ်ရှိတယ်။

(၁၃)
အချစ်ရေ..
နောက်ထပ် အာသာဖြေဖို့အတွက်
ငါ့မှာစကားလုံးတွေနည်းသွားပြီ။

(၁၄)
အဆင်မပြေတဲ့မြူတွေကို
ငါ့ခန္ဓာကိုယ်ပေါ်တပ်ဆင်
အိတ်ထဲမှာ ပိုလျှံနေတဲ့နေ့က ရှားတယ်။

အခုဆို
ပုံသဏ္ဌာန်လား၊အရိပ်လား
နံရိုးတွေလား၊ ညည်းငြူခြင်းလား၊
ငါအားလုံးကို ခွဲခွဲခြားခြားသိပြီ။
အဖြူအမည်း သဲကွဲသွားပြီ။

တစ်ယောက်ထဲ မျက်စိမှိတ်ထားမိချိန်
စိတ်ကူးတွေက ဖောင်းပွ၊
ငါ့သူငယ်ချင်းတွေရော
ဘယ်လမ်းမပေါ် ကျွမ်းပစ်နေကြသလဲ။

အလို… ဟိုမှာ
ချစ်သောမွေးဖွားမှုဟာ
ငါ့ကို လက်ပြနှုတ်ဆက်သွားတော့တယ်။           ။

| ဝေမှူးသွင် |

ကြေးစား

ကံကြမ္မာဟာ
ဘီးလို လည်နေသမျှ
ငါက စမုတ်ချောင်းတွေလို ကျင့်ရမှာပဲ။

ငွေနဲ့ဝယ်ထားတဲ့ နှလုံးသား
ဘယ်လိုအရေပြားအောက်မှာ
ပူနွေးစေမလဲ။
 အချိန်ကာလကို
ဖျော်ဖြေဖို့ဆိုတာ
ယဉ်ကျေးမှုကို လိမ်ထားဖို့ လိုလိမ့်မယ်။

 ဒီနှစ် ဆောင်းမှာတော့
သစ်တော်သီးတွေ ရှားရဲ့။

ကွေ့ကောက်သောလူတွေအဖို့
မျဉ်းဖြောင့်ဟာ အမှားပဲပေါ့။

တိရစ္ဆာန်တစ်ကောင်လို
အစွဲအလန်းတွေနဲ့
ငါ့ခေတ်ကပဲ
ငါ့မျက်လုံးတွေကို သင်ကြားတယ်။

အားလုံး ဉာဏ်နဲ့ဆိုပေမယ့်
စဉ်းစားပုံခြင်းကတော့ ကွာရဲ့။ ။

| ဝေမှူးသွင် |
( လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ စာအုပ်မှ )

နေရောင်ခြည်၏ အရိုးစု



ငါ့ဟင်းလင်းပြင်ထဲ
မောဟတွေ ဒုန်းစိုင်းဝင်လာပြီ။

ပြီးခဲ့တဲ့သီချင်းများအတွက်
တစ်ယောက်မျက်လုံးကို တစ်ယောက် ချောင်းကြည့်ကာ
အံ့သြမိရဲ့။
လက်ဖ၀ါးပေါ်က အရေးအကြောင်းများကို
ယုံကြည်ရင်ခုန်ဖို့
မသေချာမှုတွေထင်ရှားဖို့
စာရိတ္တအဟောင်းကို လဲလှယ်ပစ်ဖို့
ကိုယ့်ကိုယ်ကို တာဝန်သိခဲ့၊
မမြင်နိုင်တဲ့ အမှားအယွင်းများကြောင့်
ရခဲ့ဖူးတဲ့ နောင်တတွေကို
တမင် မေ့လျော့ပစ်ခဲ့၊
လူ့အဖြစ်ရဲ့ ဟာသတချို့မှာ
လွှတ်ခနဲ အသိဉာဏ်တွေရှိတယ်။

စနစ်တကျ. . .ဟုတ်လား
ငါတို့ရဲ့ ဆင်ခြေဟာ
စည်းကမ်းမဲ့ခဲ့ပြီ။

ဟိုးရှေ့ဆီက စိမ်းစိုမှုအရောင်များ
ပညာရှိတစ်ယောက်ရဲ့ စာမျက်နှာ
သင်တို့လည်း ဒုက္ခနဲ့ပျော်ရွှင်ဖူးမယ်။

ဟေ့. . .သူစိမ်း
ဒီအရပ်မှာ
အလင်းရောင်များလှချည့်လား။ ။
 

| ဝေမှူးသွင် |
( လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ စာအုပ်မှ )

မတွေးမိသောဘဝ

(၁)
ငါတို့ လွတ်ခဲ့တဲ့ ငါးတွေလို
မိထားတဲ့ငါးတွေဟာလည်း ထွားပါတယ်။

အချစ်ကို
ကြိုတင်လေ့ကျင့်ထားတဲ့ ဇာတ်ဝင်ခန်းအတိုင်း
မျက်စိမှိတ်ပြမိရဲ့။
မင်းဆက်လျှောက်ဖို့လမ်းတွေဟာ
အရင်လိုပဲ ခက်ခဲသေးလား။

သစ်ပင်တွေရဲ့ ရာဇ၀င်
ဒီနေ့ မပြောဖြစ်တော့ပါ။
ကိုယ့်သီချင်းကိုယ် နားထောင်ရတဲ့အခါ
လူဟာ စိတ်ကြီးဝင်မှာပဲ။
မင်းက ခံစားလွယ်သူမို့
တစ်ခုတော့ပြောမယ်။

“ငါ့အကြောင်း သိပ်မတွေးပါနဲ့. . .”

(၂)
ကမ္ဘာပေါ်က
နေရောင်မရှိတဲ့မြို့ကြီးတွေမှာ
ပန်းမပွင့်တဲ့ ဥယျာဉ်တွေမှာ
ဝမ်းနည်းစရာ လူသားများ
ဘာကို ရှာဖွေနေကြသလဲ။
ဘာသာတရားလား
သုံးမရတဲ့အတွေးအခေါ်လား
ဒါမှ မဟုတ်. . .
မြေကြီးလိုသစ္စာမျိုးလား။

ဘာပဲဖြစ်ဖြစ်ကွာ
လာ. . .အချစ်
ကမ္ဘာ့လူသားတွေဆီ
ငါ့တို့မေတ္တာတရားကို ကိုင်းကူးပေးမယ်။

မင်းရှေ့ရေးအတွက်
အလေ့အလာ၊ အမှတ်သညာအားလုံးဟာ
ငါ့နှလုံးသားမှာ ပွင့်တယ်။
လူဆိုတာကလည်း
လေတံခွန်လို အနေအထိုင် တစ်မျိုးပါပဲ။

အခု-
ချောက်ထဲက ကိုယ့်ကျင့်တရားတွေဟာ
ငါ့ခရမ်းရောင်ကို စိမ်ခေါ်နေကြပြီ။
ငွေကြေးဆိုတဲ့အသိများ
မျိုးပွားနေကြပြီ။

ဒီမှာတော့. . .
အဟောင်းတွေချည်းပဲ
ပုစ္ဆာတွေချည်းပဲ
ငါကလွဲလို့
အားလုံး တစ်ကိုယ်ကောင်းဆန်ကြတယ်။

(၃)
မင်း ရယ်သံတွေနဲ့
ငါ မယဉ်ကျေးနိုင်သေးသရွေ့
ပထမဆိုကို ငြင်းမယ်
အကောင်းဆုံးဆုကိုပဲ လက်ခံမယ်။

ပျော်ချင်ယောင်တော့
မဆောင်ပါနဲ့ အချစ်ရယ်. . .
ဒီရုပ်၊ ဒီခန္ဓာမှာပဲ
ဒီနေ့တွေကို
မနေ့ကအတိုင်း မစဉ်းစားနိုင်ခဲ့ဘူး။

(၄)
သာမန်လူများအတွက်
မီးရထားကြီးတစ်စီးလောက် ပိုင်ချင်ပါတယ်
ပျော်ရွှင်ခြင်းတွေ ခုတ်မောင်းဖို့. . .။ ။

| ဝေမှူးသွင် |
( လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ စာအုပ်မှ )

ကတ္တီပါများ

ဘာကိုမှ မလေးနက်ဘဲ
ဘယ်ဝါကျကိုမှ ချမရေးဘူး။

ငါ့သစ္စာတရားက
ပန်းပွင့်လို အသံမြည်ပြီး
ဆင်တစ်ကောင်လို နှာမောင်းသန်တယ်။


သေးငယ်တဲ့ထွန်ကြောင်းတွေ
ဇရာ၏ အမှတ်အသားများ
ဘ၀ကို စိတ်ရှည်ရန်
ဆေးပြားတွေနဲ့ ရော့ခ်ဂီတဟာလည်း
အရေးကြီးကြရဲ့။

လမ်းတိုင်းမှာ ပလက်ဖောင်းမလိုပေမယ့်
မိုးကြိုးကတော့
အသံထွက် ကျယ်ဖို့လိုတယ်။

လေထဲက ဖုန်မှုန့်တွေက
သံသရာအတိုင်းပဲ. . . မိုက်တယ်။

အတက်တုန်းက ဆင်းခဲ့တာတွေအတွက်
အဆင်းမှာ တက်ကြရပြီ။
လက်အားနေလို့
ရန်သူကို လက်ဆွဲဂုဏ်ပြုလိုက်ပြီ။

ဒါ ကစားနည်းသစ်ပေါ့။
ငါ့ရှေ့မှာ
မီးဆိုက်မရတဲ့ ထင်းလှည်းများစွာ. . .
ဘာသာပြန်ထားတဲ့ ရမ္မက်များစွာ. . .

ဖိတ်စင်ခဲ့သော အခြေအနေတွေအတွက်
ဖိနပ်တွေကို ပြင်ထားမယ်။
သို့သော်. . .
လမ်းများကိုတော့ ငြင်းကြစို့။ ။


| ဝေမှူးသွင် |
(လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ စာအုပ် မှ )

မျက်နှာဖုံးတပ် အလွမ်းတစ်ခု

အချိန်တွေပိုနေလို့
အတိတ်က သစ္စာစကားတွေကို
စာရွက်ပေါ်ချရေးမိတယ်။

အားလုံးဟာသပဲ
ကိုယ်တကယ်မပိုင်တဲ့အိပ်မက်ပဲ
မအောင်မြင်ခဲ့တဲ့ ရုပ်သေးမွေးမြူရေးပဲ။

အနုတ်လက္ခဏာတွေ၊
ကြက်ခြေခတ်တွေနဲ့ ရှုပ်ထွေးနေတဲ့
ငါ့ရဲ့ နေ့စဉ်ဘ၀ထဲမှာ
မင်း ဘယ်ပျော်နိုင်ပါ့မလဲ။
အရိုင်းအစိုင်းရင်ခွင်တစ်ခုကို
သိပ်မကြာခင် မင်းမေ့သွားပါလိမ့်မယ်။

ငါကတော့
တစ်ယောက်ထဲပျော်အောင်နေတဲ့ဝါဒနဲ့၊
အဆိပ်ပြင်းသောအနုပညာနဲ့၊
သူများမကောင်းကြောင်း
ကိုယ့်ကောင်းကြောင်းတွေနဲ့
မင်းထားခဲ့တဲ့ ပဟေဠိများစွာကို
မီးမြှိုက်ကြည့်နေမိတယ်။

“ထွက်ပြေးရဲတာလည်း သတ္တိပဲ တဲ့။
မထိုက်တန်တဲ့အရာတစ်ခုကို
အလိုချင်ရဘူး တဲ့။
ပန်းခင်းလမ်းဆိုတာလည်း
အန္တရာယ်ရှိတတ်တယ် တဲ့။”

ငါ့အသံနဲ့ငါ ခလုတ်တိုက်မိပြီး
နားတွေ အူလာရဲ့။

ခရေပန်းတွေလို ရနံ့မွှေးသော
အနာဂတ်ကို ယုံကြည်ပါ။
ရိုးသားတဲ့ဝတ်စုံလေးမှာ ဂုဏ်ယူပါ။
ငါပစ်ချလိုက်မိတဲ့
ကံတရားတစ်ခုအတွက်တော့
ဆောရီးပါ …
တကယ်မတော်တဆပါ။

ဘ၀ဆိုတဲ့ ရွေ့လျားမှတ်တိုင်မျိုးမှာ
မင်းတစ်ယောက်
လိုရာခရီးမှ ရောက်နိုင်ပါ့မလား။    ။

| ဝေမှူးသွင် |

သေခြင်းလမ်းညွှန်

မိမိအသက်ပေးရလောက်တဲ့အရာကို
ရှာဖွေမတွေ့သေးရင်
အဲဒီလူဟာ ရှင်သန်ဖို့ မထိုက်တန်ဘူး။
(မာတင်လူသာကင်း)

အဲသလိုနဲ့
ကမ္ဘာကြီးထဲကနေ
သူရဲကောင်းတွေ တစ်ယောက်ပြီးတစ်ယောက်
ထွက်ခွာလို့ သွားကြတော့တယ်။

တချို့က
ယုံကြည်ချက်နဲ့ အမှန်တရားအတွက်၊
တချို့ကကျ
တိုင်းပြည်နဲ့ လူမျိုးအတွက်၊
တချို့ကလည်း
ဘာသာတရားနဲ့ အနုပညာအတွက်၊
တချို့ကတော့
လူသားမျိုးနွယ်စုကြီးကို
ဥာဏ်အလင်း ဖွင့်ပေးဖို့အတွက် ဆိုတဲ့
အကြောင်းပြချက်မျိုးတွေနဲ့ … ။

ယဉ်ကျေးမှုပေါင်းစုံ၊
အယူအဆပေါင်းစုံ၊
အသိတရားပေါင်းစုံနှင့်
အမျိုးမျိုး၊ အဖုံဖုံသော သူရဲကောင်းများ …
ပြဿနာရှိခဲ့ကြ၊
အငြင်းပွားစရာဖြစ်ခဲ့ကြ၊
နောက်ဆုံးမှာ အသက်ရှင်မှုကို
အချိန်မတိုင်မီ စွန့်လွှတ်လိုက်ကြတယ်။


သူတို့အကြောင်း အတ္ထုပတ္တိများဟာ
လူတွေကြားမှာ
ရောင်းမလောက်တဲ့
အတွေးအခေါ်တွေ ဖြစ်လာရဲ့။

တကယ်တော့
လူတစ်ယောက် ကျော်ကြားစွာသေဆုံးတာ
အလကားအပိုကိစ္စပဲ။
တစ်နည်းအားဖြင့်
အဲဒါ အလောင်းဖြစ်ရှုံးတာပါပဲ။

ပြောလိုတာက
မသေခင် သဘာဝကျစွာရှင်သန်ဖို့၊
သေတဲ့အခါ
အသံမထွက်ဖို့ … ။    ။

| ဝေမှူးသွင် |

ပြီးခဲ့တဲ့ ဆယ်စုနှစ်

(၁)

လူတွေရဲ့ နှလုံးသားမှာ ထင်ရှားခဲ့တဲ့
လက်ရေးအတ္ထုပ္ပတ္တိတစ်ခုဟာ
သုညလေးတစ်လုံးကိုဆုပ်ကိုင် လို့
နိဂုံးချုပ်ခဲ့ပါပြီ။

အဲဒီအတ္ထုပ္ပတ္တိကို
ပုံနှိပ်ထုတ်ဝေဖို့ဖြစ်လာတဲ့အခါ
ဘယ်လိုနာမည်ပေးရမလဲ။

ခင်ဗျားက အောင်မြေနင်းနိုင်ခဲ့သော အနုပညာရှင်၊
လူငယ်တွေရဲ့ အမှတ်တံဆိပ်၊
လူကြီးတစ်ချို့ ရဲ့ မျှော်လင့်ချက်၊
ဒီတိုင်းပြည်အတွက်လည်း အရေးကြီးတဲ့ လူတစ်ယောက်ပါ။

ဒီလိုနဲ့ ...
ဝဋ်ကြွေးရှိခဲ့တဲ့အတိုင်း
ခေတ်ကာလကို ဖျော်ဖြေခဲ့တယ်။
သေသူတွေရဲ့ အရိုးကိုကြည့်ဖို့
ရှင်သူတွေကို ခင်ဗျားတပ်လှန့်ခဲ့တယ်။
၁၃ နံပါတ်တွေအကြောင်းပြောပြီး
ကျွန်တော်တို့ ရယ်သွမ်းခဲ့ကြတယ်။
မဂ္ဂဇင်းတစ်စောင်က
“ယုံကြည်ချက်နဲ့ ဆက်တဲ့ မျိုးဆက်” ဆိုတော့
ခင်ဗျားပြုံးလိုက်တာကို ကျွန်တော်မှတ်မိနေရဲ့ ။

(၂)

ကိုယ့်ကိုထိပါးစော်ကားလာရင်
ဘယ်ပညာရှိကြီးပဲဖြစ်ဖြစ် ...
ဘယ်လောက်အင်အားများများ ...
ဆတ်ဆတ်ထိမခံ တုံ့ပြန်တတ်တဲ့အကျင့်က
ခင်ဗျားရဲ့ မူပိုင်ပဲ။

ချွန်မြိနေတဲ့စဉ်းစားမှုတွေ နဲ့
ခေါင်းမာခဲ့တာတွေလည်းရှိမယ်။
သိမ်မွေ့ နက်ရှိုင်းတဲ့နှလုံးသားနဲ့
ဝမ်းနည်းနာကျင်စရာတွေလည်းရှိမယ်။

ပုထုဇဉ်ပီပီ သာမန်လူတစ်ယောက်လို
အရက်သောက်တယ်
အိမ်ထောင်ရေးမအောင်မြင်ဘူး။

အဲဒီလှပတဲ့ ရှုံးနိမ့်မှုမှာတော့
ခင်ဗျားက ကဗျာမဆန်ဘဲ
လူသားဆန်ခဲ့ပြန်တယ်။

(၃)

ဒဏ်ရာတွေကြားထဲကနေ
အနုပညာမှော်အတတ်နဲ့
ခင်ဗျားမျှော်မှန်းထားတဲ့လူ့ ဘောင်ကို
သဲလွန်စပေးခဲ့ပြီးပြီ။

ရဲရင့်သူတို့ဝိညာဉ်မှာ
ခင်ဗျားနာမည်က “ဟိန်း” နေပါလိမ့်မယ်။

အခုလို ..
သမိုင်းဝင်တန်ဖိုးတစ်ခု ကျကွဲသွားတာ
ကံ့ကော်မြေရဲ့ ၀မ်းနည်းမှတ်တမ်းပဲ
ကျွန်တော်တို့ရဲ့ လွမ်းသူ့ ပန်းခွေပဲ။

ခင်ဗျားမရှိတော့မှ
အမှတ်တရများစွာကို
အနက်အဓိပ္ပါယ်ဖော်ကြည့်မိပေါ့။

ရန်သူကတောင် အသိအမှတ်ပြုရတဲ့အထိ
စွမ်းဆောင်နိုင်ခဲ့သူ၊
ဘယ်အရာမှာမဆို
 အရှင်သခင်စိတ်နဲ့ နေထိုင်သူ၊
လုပ်ချင်တာကိုသာ လုပ်ခဲ့သူ၊
မလုပ်ချင်တာကို မလုပ်ဘဲနေရဲသူ ...

အစွန်းအထင်းများခဲ့တဲ့ ကိုယ်ရေးရာဇ၀င်တစ်ခုဟာ
သေမင်းနဲ့ စစ်တုရင်ကစားရန်
ကိုယ်ပိုင်အလံလွှင့်ထူလို့
 ထွက်ခွာသွားခဲ့ပြီ။ ။

(အစ်ကို .. ကဗျာဆရာ၊ စာရေးဆရာ တာရာမင်းဝေသို့)
 | ဝေမှူးသွင် |
၂၀၀၇၊ စက်တင်ဘာ

နိုဝင်ဘာဆံရှည်မလေး နှင့် နတ်ဖွက်ထားတဲ့ မီးတောင်တစ်လုံးအကြောင်း

နံနက်ခင်းရဲ့  အဖွင့်မှာ
အလွမ်းတွေကစီရရီပွင့်တယ်။

အိုး…
ငါ့တစ်ကိုယ်လုံးလည်း
ပွင့်ချပ်လေးတစ်ဖတ်လို
လတ်ဆတ်ပေါ့ပါးနေပါပေါ့။
ငါရဲရင့်ခဲ့ပါကြောင်း
ဒါဟာအသံသစ်လည်းဖြစ်တယ်။
အိမ်ကိုငေးတဲ့အိမ်ပြေးလည်းဖြစ်တယ်။
ပြီးတော့
နိုဝင်ဘာလည်းဖြစ်ခဲ့တယ်။


ရင်ခွင်ကိုလွှဲလို့
အလင်းအားကိုငေးကြည့်မိ၊
ငါ့သက်တမ်းမှာ
ဆေးပေါ့လိပ်တိုတာရယ်
ကဗျာရေးတာရယ်
အော်ကျယ်၊ အော်ကျယ်လုပ်တာရယ်ကလွဲပြီး
ဘာများထွန်းကားခဲ့လို့လဲ။
ချစ်ခြင်းတရားနဲ့
အဆင်မပြေမှုတစ်ခုကြားမှာ
ငါရရှိခဲ့တာအနုပညာတစ်ခုထဲပါ။

တိမ်တစ်အုပ်က
တောင်တန်းနောက်ကိုတရိပ်ရိပ်နဲ့
နိမ့်ဆင်းသွား၊
ဝေးကြပြီဆိုတဲ့အသိနဲ့
အကြာကြီးငါစဉ်းစားနေခဲ့တယ်။
ဒါတွေဟာ ငါ့အဖြစ်
ငါ့ကဗျာတွေအဖြစ်
လင်းပွင့်မှုရဲ့  သီးသန့်နယ်နိမိတ်မှာ
ခွင့်ပြုပါတော့ နိုဝင်ဘာ ……….။

ငါကတော့
အသက်ရှင်နေထိုင်ခြင်းနဲ့
ကဗျာတွေကိုဆတူရူးသွပ်သူ၊
နိုဝင်ဘာဆံရှည်မလေးကို
ဘာမသိ၊ ညာမသိနဲ့ ချစ်မိခဲ့သူ၊
မယုံကြည်မှုများ၏
အခွင့်အရေးပေးခြင်းခံရသူ၊
ကြီးကျယ်ခမ်းနားမှုတွေ
စိတ်ပျက်၊ လက်ပျက်ပြိုဆင်းသွားရလောက်အောင်
ခေါင်းမာတတ်ခဲ့သူ၊
ငါ့ခန္ဓာကိုယ်တစ်ခုလုံးလည်း
စကားလုံးများဖူးပွင့်ကြ၊
အားအင်အပြည့်နဲ့ လန်းဆန်းကြ။

ဒီလိုပဲပေါ့ ……
ဘ၀တစ်ခုချင်းစီမှာလည်း
ဖုန်ထူတဲ့ကမ်းခြေတစ်ခုစီရှိကြစမြဲ။
ငါ့အိပ်မက်တွေ
ငါ့သမိုင်း………
နက်နက်ရှိုင်းရှိုင်းဖြစ်စေဖို့လည်း
ငါမရည်ရွယ်ခဲ့ပါဘူး။

အစစ်တရားကိုယ်၌က
မှုန်ဝါးလွန်းရဲ့ ကွယ်။
အသံကျယ်ကျယ်နဲ့ ငါအော်ပစ်ခဲ့၊
“ထင်ရာမြင်ရာလျှောက်မပြောကြေး”
အင်း
ဒါလည်းဖြစ်မယ်မထင်မိ၊
ဆိုလိုရင်းကမသဲကွဲ၊
အမှန်တရားကတော့
ပကတိသုညမျှသာ။

ဆောင်းခေတ်ကြီးတလျှောက်လုံးမှာ
ညနေတွေမှောင်တယ်။
အညိုရောင်တိမ်တိုက်များ
လေနှင့်အတူရွေ့ လျား၊
ရနံ့လေးတွေလည်း
မဆန်းသစ်တော့ပါ။

ငါ့ရဲ့ နိုဝင်ဘာဆံရှည်မလေးရေ …….
နှုတ်ခမ်းစိုရဲရဲနဲ့
ပါးကွက်ကြားလေးကိုပဲလွမ်းတယ်။
ဒါပဲအစ
ဒါပဲအလယ်
ဒါပဲအဆုံး
တစ်ပုဒ်လုံးဟာဒီစာလုံးတစ်လုံးတည်းပါပဲ။

မသိစိတ်ရဲ့မျှခြေများ၊
မှောင်တစ်ဝက် လင်းတစ်ဝက်ညဆည်းဆာ၊
ရုပ်ဝတ္ထုတွေ အပြည့်နဲ့အာကာသ၊
ငါ့ရင်ဟာ
အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ …….။
ငါရူးမိပါတယ် နိုဝင်ဘာရယ်
ငါရူးမိပါတယ်။
သီချင်းအသစ်တွေနဲ့ လုံးထွေး
ခံတွင်းရှင်းမိပြန်ပေါ့။

အဲဒီ…….
မင်းရဲ့ ရယ်မောအချိုဖွဲ့ပုံလေးကပဲ
ငါ့ရင်ထဲကိုတိုက်ရိုက်ရောက်ခဲ့ပါတယ်။

ဒီရာသီမှာ
ထူးဆန်းတဲ့ အာဟာရတွေမရှိ၊
ကဖီးအနီထဲက
အပုပ်အသိုးဝမ်းစာတွေမရှိ၊
ကမ္ဘာကြီးရဲ့ 
အဖျားဒီဂရီ ၁၀၈ လည်းမရှိ၊
ဟေရာကလိုက်(ခ)တပ်မြစ်ရေသောက်တဲ့
သံယောဇဉ် ခရီးသွားတစ်ယောက်တော့ရှိတယ်။

အချိန်တွေ ကြာလာရင် သံသရာစက်ဝန်းများကို
မေ့ပစ်၊
ပစ္စုပ္ပန်တစ်ခုပဲအရသာရှိချင်တာလည်း
မေ့ပစ်၊
ဇိမ်ရှိရှိ၊ စတိုင်ရှိရှိလျှောက်ချင်ခဲ့တဲ့
လူကုံထံလမ်းမတွေကိုလည်း
မေ့ပစ်၊
အဝေးကနိုဝင်ဘာနှင်းစက်တွေရဲ့ 
ကံတရား
ဖိတ်စင်ကျသွားမှာငါမလိုလားခဲ့ပါဘူး။

မဖျားယောင်းကြပါနဲ့၊
သင်တို့ငါကို
မဖျားယောင်းကြပါနဲ့။

အနမ်းတွေကို
လေထဲလွှင့်ထုတ် ………။
မောပန်းတကြီးမျှော်လင့်ခဲ့မှုများ
နှင်းဒဏ္ဍာရီတွေလည်း
လကွယ်ခဲ့ပြီ။

အရောင်အဆင်းတွေနဲ့ ခရီးထွက်
ဝေဒနာအသစ်တွေသာ
အဖော်ဖြစ်ခဲ့ပေါ့။
ကောင်းကင်အဟောင်းဆီပဲ
ပြန်သွားကြ…….။
ငါတို့ဟာ
ညိုညစ်နေတဲ့ကျောက်စာချပ်တွေလည်း ဖြစ်ပေရဲ့ ။

နိုဝင်ဘာဆံရှည်မလေးရေ ……
အဲဒီတုန်းကတော့
ဝေးဖို့ဆိုတာ
တွေးကြည့်ရုံနဲ့တင် ငါသွေးပျက်ခဲ့တယ်။

ဒါဟာ
ငါဆွဲဆန့်ခဲ့တဲ့ ကာလတရားတွေ၊
ငြိမ်သက်နေခြင်းမှ လန့်နိုး၊
ရွှန်းရွှန်းဝေအောင်ကြည့်တတ်တဲ့
မင်းမျက်ဝန်းလေးလည်း သတိရတာပဲ။
အငိုလည်းလွယ် ……
အရှိုက်လည်းခက် …….
မှောင်ချိန်ရောက်ရင်
ကိုယ့်ကိုယ်ကိုစိတ်မချဘူးဆိုတဲ့ကောင်မလေးဆီမှာ
ငါ
အဆုံးထိအောင်ကျရှုံးပစ်ခဲ့ရ။

“တို့လည်းသူ့ကိုချစ်ပါတယ်”တဲ့
တစ်ခေတ်လုံးမှာ
ဘုရားဟောပြီးရင်
အဲဒီစကားတစ်ခွန်းပဲငါယုံကြည်ခဲ့တယ်။

ငါ့ရဲ့ နိုဝင်ဘာမလေး ………..
သူမအသားစလေးနဲ့ ထိခွင့်ရတဲ့ခဏ၊
သေချင်လောက်အောင်
ငါပျော်မိခဲ့ပေါ့။

အခုတော့ နိုဝင်ဘာရယ်…….
ကံကြမ္မာဓားချက်တွေက
ဟန့်တားမရအောင် ခက်ထန်လွန်းတယ်။

အခန်းတစ်ခုလုံးလည်း
ခါးသက်မှုတွေကပေပွလို့၊
ငါ့သမာဓိအားဟာ
ဆံပင်တွေဝေ့ခနဲဖွာသွားအောင်ခါရမ်းလို့၊
ဖြစ်နိုင်ချေအများဆုံးက
ရုပ်ဝါဒထွန်းကားခဲ့တယ်ဆိုတဲ့အကြောင်းနဲ့
မီးခိုးတွေလမ်းလျှောက်ထွက်သွားကြတဲ့အကြောင်း။

စိတ်ကိုဥာဏ်နဲ့ဆက်လို့
ငါကဗျာတွေရေးခဲ့၊
ဒါကမ္ဘာမြေအတွက်လားတဲ့၊
အဲဒီမေးခွန်းမျိုးကို
ငါသိပ်ပြီးရယ်သွမ်းချင်ခဲ့ပေါ့။
သစ္စာတရားရဲ့ 
မေးငေါ့ခြင်းခံရတဲ့ အကြိမ်တိုင်း
ငါ့မာနတို့ ဖျဉ်းခနဲ့ကြွတက်လာကြ၊
ဒါ ………
အကြိမ်ကြိမ်။

ငါ့ရဲ့  နိုဝင်ဘာ၊
ငါ့ရဲ့  လပြည့်ည၊
ငါ့ရဲ့  ကဗျာ၊
အရုဏ်ဦးကိုကျော်ဖြတ်
မိုးလင်းလာတော့လည်း
သူမဟာညတုန်းကအတိုင်းလှတုန်းပါပဲ။

တစ်ခါ၊ တစ်ခါတော့
အတွေးအားကမှိန်ကျ၊
မီးတချို့ က အေးစက်လို့၊
ရုပ်ကြွင်းတွေကဟောင်ဖွာဟောင်ဖွာ
အိပ်ရာက နိုးအထမှာ
နိုဝင်ဘာမျက်ခွံတွေကို မြင်ရတယ်။
မှောင်ရီရီညများနဲ့ သူမ
ငတ်မွတ်နေတဲ့အသံနဲ့
တစ်လောကလုံးကိုထစ်ချုန်းကြတယ်။

ပရိဒေ၀တွေ၊
စပျစ်သီးချဉ်တဲ့ မြေခွေးတွေ၊
စက်ကွင်းအဟောင်းအမြင်းတွေ၊
ဒီမှာ… နိုဝင်ဘာ
အချစ်ဟာ
သမားတော်ဆန်ဖို့လိုအပ်ပါသလား။

အနားသတ်မျဉ်းတစ်ကြောင်း၊
ကံရဲ့ အလုပ်နဲ့
အချိုးပျက်နေတဲ့ ငါ့အရိပ်တွေ
အဆုံးထိအောင်မှောင်ကျခဲ့မှုများ၊
ငါ့ဆန္ဒမပါဘဲ
ကြေးစားဆန်ရတဲ့ အခါမျိုးမှာတော့
ဒါတရားတယ်လို့ပဲ
ငါတွေးဖြစ်လေရဲ့ ။

သွားစမ်း………..
သွားကြစမ်းပါ၊
ဒါခိုးကြောင်ခိုးဝှက် မဟုတ်ဘူး။
ငါ့မုန်တိုင်းရဲ့ 
ဗဟိုမှာပွင့်ခဲ့တဲ့ပန်း။

အဲဒီတစ်ချက်တည်းနဲ့
ပြီးပြည့်စုံစွာ၊
ငါ့ကိုယ်ငါနာကျင်စွာ၊
ရဲရင့်ပြတ်သားစွာ၊
ဒီတစ်ခေါက်နိုဝင်ဘာဆီရောက်တော့လည်း
သူမက
ပုံမှန်အတိုင်းမျက်ရည်ဝဲတုန်းပဲ။

ဒါပါပဲ… နိုဝင်ဘာဆံရှည်မလေးရေ
ညရေးညတာဆောင်ထားတဲ့ဓားမြောင်တစ်လက်နဲ့
လောကသစ္စာကိုထိုးစိုက်လိုက်၊
တစ်ဘ၀လုံးစာအတွက်စကား
သူဟာပြောခွင့်မရလို့
နိုဝင်ဘာနှင်းစက်တွေကို
အံကြိတ်လို့ စိုက်ကြည့်နေရော့မယ်။

ထားခဲ့….
ငါ့ကိုထားခဲ့ပါတော့ကွယ်၊
မင်းအဖြေအတွက် ……
ငါ့အနာဂတ်အတွက်…
လူပြိန်းပေမယ့်လည်း
ပုစ္ဆာတချို့ ဟာလွယ်နိုင်တာပဲမဟုတ်လား။

အိုရုတ်တရတ်
မျက်ဝန်းနက်နက်များ ခုန်ထွက်သွား၊
လေဟာနယ်ဟာတစ်ဦးရဲ့ ပခုံးသားကိုတစ်ဦးကတွန်းတိုက်ကြည်စယ်လို့၊
ရင့်ရော်ခြင်းမနက်ဖြန်များကလည်း
တုန်ယင်လှိုက်ခတ်ခြင်းများနဲ့ အတူ……။ ။


ဝေမှူးသွင်
( Nov:1998 )

အနာဂတ်ဝါဒီ

ဒီနေ့ကိုမြှုပ်နှံဖို့
ကောင်းကင်ဘုံကလက်နှစ်ဖက်ဆိုတာ
မသေချာပါဘူး။

တစ်နေ့တစ်ခြား
လူတွေပါးစပ်ဖျားမှာ ခေတ်စားလာတဲ့စကား၊
“ဒုက္ခသစ္စာ” တဲ့။

မြေကြီးထဲ ပုန်းဝင်နေသော
သတ္တုစလေးတစ်ခုပမာ
အနုပညာဟာ တူးဖော်ရန်
ခက်ခဲလွန်းပါတယ်။

ဒီ့အတွက် ရနိုင်သမျှထက်
ပိုမိုလိုအပ်နေတာလည်း
သူငယ်ချင်းတို့နဲ့ ဖွဲ့စည်းဖို့
မျှော်လင့်ချက်တွေပါပဲ။

နောင်လာမည့် ရာစုသစ်၌
ယုံကြည်မှုတက်တူးတွေနဲ့ ငါ့မျက်နှာကို
လူငယ်တွေက တီရှပ်မှာ
ရိုက်နှိပ်ဝတ်ဆင်ကြပါလိမ့်မယ်။
ငါ့အလွမ်းတွေကိုတော့
ခေါင်းလောင်းထိုးသံလို
လေထဲလွင့်နေပစေပေါ့။

ချာတူးလန်တို့ရဲ့ ကိုးကွယ်ရာပဲဖြစ်ဖြစ်၊
ခွေးပါးစပ်က နတ်စကားထွက်တယ်ပြောပြော၊
ရောက်ရှိလာမဲ့
ကံတရားတွေအတွက် ငါတို့
အဖြူ၊ အမည်း သဲကွဲကြပါစို့။ ။

( ဝေမှူးသွင် )

မန်ယူနေ့တွေ

ဒီညမြင်,မြင်ရသမျှ
လူတွေ၊လမ်းတွေနဲ့
မီးလင်းနေတဲ့နေရာများအားလုံးမှာ
အနီရောင်အင်္ကျီတွေဖုံးလွှမ်းနေလေရဲ့။

ဒဂုန်တာရာကတော့
သိန်းဖေမြင့်(သို့)အနီခေတ်တဲ့။
ဒါဆိုငါကရော……..!
ဒီနေ့ခေတ်ရဲ့သရဲနီတွေကို
ဘယ်လိုရေးရပါ့။

အင်္ဂလန်ဘောလုံးလောကမှာ
လီဗာပူးအသင်းအအောင်မြင်ဆုံးပဲဆိုတဲ့သတ်မှတ်ချက်က
ပြီးဆုံးသွားပါပြီ။
ဒီလိုမျိုးလား
ဒါမှမဟုတ်……..
“ပရီးမီးယားလိဂ်သက်တမ်း(၁၇)နှစ်မှာ
ခင်ဗျားတစ်ယောက်ထဲဖလား(၁၁)လုံးဆိုတော့
မလွန်လွန်းဘူးလားဖာဂီ”
အဲဒီလိုမေးလိုက်ရင်
ငါကပဲပြဿနာရှာတယ်ဖြစ်ဦးမယ်။

သို့သော်ငြားလည်း
ဖာဂူဆန်ဟာအမှားမကင်းတဲ့
လူသားတစ်ဦးမျှသာဖြစ်ပါတယ်။
ဒါပေမယ့်ငါတို့တတွေ
သူ့အမှားများမှာ
ကျားကျားယားယားရပ်တည်းပေးခဲ့တာ
ဘာအတွက်ပါလိမ့်…….။

အစဉ်အလာဆိုတဲ့
ခေါင်းစဉ်အဟောင်းကြီးကစရမလား၊
ဘယ်သူမှမတတ်နိုင်တဲ့အမှန်တရားနဲ့
အရှော်ဇယားတွေကိုပဲပြောမလား၊
ပြီးတော့ဘောလုံးစီးပွားရေးလာလုပ်တဲ့
သူဌေးလူမိုက်များကို
ငွေရှိရုံနဲ့မအောင်မြင်နိုင်ကြောင်းသက်သေပြခဲ့ပုံ၊
နောက်ပြီး
BBC ကိုသပိတ်မှောက်တဲ့ကိစ္စ၊
သတင်းစာတချို့ရဲ့ဖော်ပြချက်တွေကိုလည်း
“မင်းတို့လျှောက်ရွှေ့နေတာ
အရူးပဲယုံမယ်……..”လို့ပြန်ဟားရဲသူပေါ့……
ကိုယ့်လိပ်ပြာကိုယ်လုံတဲ့ “ဆာ” ဘွဲ့ရသော
သူရဲကောင်းကြီးပေါ့။

“အများကြိုက်လို့ပါးရိုက်ရမယ်”ဆိုတဲ့
ငါ့သူငယ်ချင်းကဗျာဆရာတွေကတောင်
သူ့မန်ယူကိုကျခြွင်းချက်ထားကျတယ်။

လက်ရှိခေတ်ကာလထဲ
အစွဲအလန်းဟာ
ပျံ့နှံ့လွယ်တဲ့ဗိုင်းရပ်စ်တစ်မျိုးပဲ။
အခုဆိုသူတင်သွင်းလာတဲ့အနီရောင်ဗိုင်းရပ်စ်တွေ
ကမ္ဘာတစ်ဝှမ်းလုံးမျိုးပွားလွင့်ပျံ့ကုန်ပြီ။

မစ္စတာဖာဂူဆန်ခင်ဗျား……..
“မန်ချက်စတာယူနိုက်တက်”ဆိုတာ
တခြားအသင်းများအဖို့
မပျော်ရွှင်နိုင်တဲ့သမိုင်းစာအုပ်ပါ။
အဲဒီသမိုင်းကို
ခင်ဗျားတကယ်ပဲ
ပျော်ပျော်ရွှင်ရွှင်ရေးခဲ့ပါရဲ့လား။    ။

| ဝေမှူးသွင် |
( ဒီကဗျာကို ၂၀၀၉ ခုနှစ်က ရေးသားခဲ့ပြီး ကိုနေမျိုးဆေးရဲ့ Bravo မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ် )

ဘုရားခေတ်က ကလေးတစ်ယောက်၏မျက်လုံး

။ ၁ ။
နာမကျန်းသော ခန္ဓာကိုယ်မှာ
လွတ်လပ်ရေး ကျောက်တိုင်တစ်တိုင် စိုက်ထူဖို့၊
သွေးကြောအပိုတွေကို ဖျက်ဆီးပစ်ဖို့၊
မိန်းမတစ်ယောက်နဲ့
လိင်ဆက်ဆံမှု အနုပညာအကြောင်းပြောဖို့၊
ဒီတိုင်းပြည်က
သတ္တိနည်းသူနဲ့ ဥာဏ်နည်းသူများဖတ်ဖို့….
ဒီကဗျာကို ရည်ရွယ်လိုက်ပါရဲ့။

။ ၂ ။
ရိုင်းပြတဲ့ခေါ်သံနဲ့
ခေတ်ရဲ့ပညာရှိကြီးများခင်ဗျား…
ဂျင်းရှပ်ကို သိပါသလား။
ဆိုဖီရဲ့ ကမ္ဘာကို ဖတ်ဖူးပါလား၊
ဒါလီရဲ့ အရည်ပျော်နေတဲ့ နာရီတွေကို
ကြည့်ဖူးပါသလား။
လမ်းပေါ်မှာ ဆာလောင်နေတဲ့ ကလေးတွေနဲ့
မျှော်လင့်ချက်အကြောင်း ဆွေးနွေးဖူးပါသလား။

တတိယ ကမ္ဘာ
တတိယ လှိုင်း
တတိယ လိင်
အိုး…ငါတို့ဟာ ယဉ်ကျေးမှုစစ်ပွဲမှာ
မရှုမလှ ရှုံးနိမ့်ခဲ့ပါပြီ။

ဒီနေ့ရဲ့ကောက်ကွေ့တဲ့ မြစ်ကမ်းဘေး
ငါ ထိုင်ငေးနေမိတယ်။
အရင်တုန်းက လူငယ်တွေဟာ
ဆံပင်ရှည်နဲ့၊ တက်တူးနဲ့၊
ရော့ခ်အင်ရိုးလ်နဲ့….
အခု လူငယ်တွေက
ဟစ်ဟော့နဲ့၊ စိတ်ကြွဆေးနဲ့၊
ဆံပင်ရောင်စုံနဲ့….
တူတာတစ်ခုက
တော်လှန်ရေးကို သူတို့မေ့နေခဲ့ကြတယ်။

ဆင်ခြင်တုံတရားဟာ
လျှာပြတ်နေတဲ့ ဂီတမှာ
အရိုးပေါ် အရေတင်ပဲ။
နားလေးနေသော အဖိုးအိုပဲ။

။ ၃ ။
ငါတို့မျိုးဆက်ရဲ့
ပါရမီရှင်များ
သူရဲကောင်းများ
အမည်နာမများ
ဝင်းဖေ တဲ့
မောင်ချောနွယ် တဲ့
ခင်ဝမ်း တဲ့
တင်မိုး တဲ့
ဖော်ဝေး တဲ့
မင်းကိုနိုင် တဲ့
ထူးအိမ်သင် တဲ့
လှသန်း တဲ့
ရွှေဘုန်းလူ တဲ့
မိုးသီးဇွန် တဲ့
ပိုင်သ တဲ့….။
ရက်စက်သော နှလုံးသားတွေနဲ့၊
စစ်ဖိနပ်သံများနဲ့၊
ထောင်နံရံပေါ်က ပဲ့တင်သံနဲ့၊
အမှန်တရားဟာလည်း
လွယ်လွယ်လေးပဲ စုတ်ပြဲသွားခဲ့တယ်။

စာသင်ခန်းထဲက မိန်းကလေးတွေလည်း
နိုက်ကလပ်များဆီ ထွက်ခွာသွားကြပေါ့။

ချာတိတ်တွေ
ချဲထီရောင်းသူရောင်း
ဘောလုံးပွဲ လောင်းသူလောင်း၊
သံဃာတော် တချို့က
ဇိမ်ခန်းမှာ စီးကရက်ခဲနေရဲ့။

ဒီလိုအခြေအနေတွေမှာ
ငါက ကဗျာရေးလိုက်
ခဲပြားတွေကို မီးရှို့လိုက်
ကမ္ဘာကြီးကို အမဲလိုက်.လိုက်
ဖြစ်တည်မှု ပဓာန၀ါဒကို အရသာခံလိုက်….

ခေတ်ကြီးကလည်း
အပြောင်းအလဲ မြန်လွန်းတယ်။
မနေ့တုန်းက ၀န်ကြီးချုပ်ဟာ
ဒီနေ့တော့ ၁၀၉၊ ၁၁၀။
(၂၆)နှစ်လုံးလုံး ပြည်သူတွေကို
ခပ်တည်တည် လိမ်ညာခဲ့သူကြီးလည်း
ရန်ကုန်မြစ်ထဲမှာ နိဂုံးချုပ်ခဲ့ပြီ။

မျက်စိတစ်မှိတ်
လျှပ်တပြက်မှာပဲ
အရာရာဟာ လူသားဆန်စွာ ကျဆုံးခဲ့ပြီ။

။ ၄ ။
သူရဲကောင်းတိုင်းဟာ
ရိုးသားမှုရှိလိမ့်မယ်လို့ ငါယုံတယ်။
မရိုးသားသူဆိုတာ
ဘယ်တော့မှ သူရဲကောင်းမဟုတ်ဘူး။

ပွင့်လင်းလွတ်လပ်တဲ့ လူ့ဘောင်ကို
ထူထောင်ရမယ်။
ပညာရှင်တွေအခန်းကဏ္ဍဟာ
ကြီးကျယ်ခမ်းနားရမယ်။
ဖျက်ဆီးခံထားရတဲ့ ပညာရေးစနစ်ကို
ပြန်တည်ဆောက်ရမယ်။
သွေးစွန်းခဲ့သော သမိုင်းစာမျက်နှာတွေအတွက်
ကျောင်းသား သမဂ္ဂအလံကို
ငါတို့ ဦးညွှတ်ကြရမယ်။

ဘရာဇီးဟာ
ဘောလုံးသမားတွေ ထုတ်လုပ်တယ်။
ဗင်နီဇွဲလားဟာ
ကိုယ်ဟန်ပြမယ်တွေ ထုတ်လုပ်တယ်။
ငါတို့ကရော
ဘာတွေကို ဘယ်လိုထုတ်လုပ်ပြီး
ခမ်းနားတဲ့လူ့အဖွဲ့အစည်းဆီ ချီတက်ကြမလဲ။

။ ၅ ။
ကိုလံဘီယာ ကုတ်ကင်းဘုရင် ကားလို့စ်က
ကုတ်ကင်းဟာ တတိယနိုင်ငံများအတွက်
အဏုမြူဗုံးတဲ့၊
ရုရှားဘာဏာရှင် ခရူးရှက်က
နိုင်ငံရေးဆိုတာ
အညစ်ပတ်ဆုံး မီးဖိုချောင်ပဲတဲ့၊
အကြမ်းဖက်သမား အိုစမာဘင်လာဒင်က
မြင့်မြတ်သော ဘာသာရေးစစ်ပွဲကို
ဆင်နွဲရမယ် တဲ့။
အားလုံးဟာ ကိုယ့်အမှန်တရားနဲ့ကိုယ်
လှပနေတာပဲ။

ရန်ကုန်ဟာ ဘဂ္ဂဒက်လို
အဆောက်အအုံတွေ မပျက်စီးတာကလွဲရင်
ကျန်တဲ့ ပျက်စီး မှုမှာ
ဘယ်သူမှ လိုက်မမီတော့ဘူး။

အာရှဂုဏ်ဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
အမျိုးသမီးတစ်ယောက်နဲ့
ငရဲသားတွေမွေးမြူထားတဲ့ စစ်တပ်ဟာ
ကြည့်လို့တော့ ကောင်းနေပါပြီ။

။ ၆ ။
နိုင်ငံတကာ အရေးအခင်းများ၊
အပေါစား ကျော်ကြားမှုများ၊
မအောင်မြင်သော အာဏာသိမ်းပွဲများ၊
နန်းကျဘုရင်လို စိတ်ဓါတ်များ၊
တူညီဝတ်စုံနှင့် လူပြိန်းများ….
သင်တို့သွေးသားဟာ
ကြေးစားဆန်လှချည်းလား။

ဟိုး အဝေးကြီးဆီမှာ
အမြင့်ပျံငှက်တစ်ကောင်၊
မီးလောင်နေတဲ့ အရေပြားပေါ်
မွေးထားတဲ့ ဒဏ်ရာတစ်ခု၊
သွေးဆာနေသော ဓားမြှောင်တစ်ချောင်း၊
သေနတ်ပြောင်းတွေကို
မကြာခဏ ချောင်းကြည့်တတ်တဲ့ မျက်လုံးတစ်လုံး၊
ကဗျာဆရာလုပ်ဖို့
အားလုံးကိုကြက်ခြေခတ်ထားသူတစ်ယောက်…

သူ့မှာ စိတ်ဓါတ်ကလွဲလို့
ကျန်တာ ဘာမှမရှိဘူး။
ပြီးတော့
အကြောက်လွန်နေတဲ့ ပြည်သူတွေကို အားမရဘူး။

ဘယ်လိုဖြစ်ဖြစ်
မုန်တိုင်းတွေကို ငါချစ်မိပေါ့။

။ ၇ ။
ရန်လိုနေသော အနုပညာနဲ့
ဘုရားသခင်ရဲ့ဟန်ဆောင်မှုနဲ့
သွေးပြန်ကြောထဲက အနီရောင်မိန်းမတစ်ယောက်နဲ့
အာခေါင်ကို မီးမြှိက်ထားသော ကဗျာတွေနဲ့
ငါ့ခေတ်ကို
ငါ ပြဋ္ဌာန်းရမယ်။

လရောင်မှာပွင့်တဲ့ ပန်းတွေလား
ဆူးချုံကြားက နေ့စွဲတွေလား။

နောင်အခါ
ယုံကြည်မှုအသားတံဆိပ်နဲ့ ငါ့မျက်နှာကို
လူငယ်တွေက
တီရှပ်မှာ ရိုက်နှိပ်ဝတ်ဆင်ကြပါစေ။

။ ၈ ။
ထူးဆန်းသော လိပ်ပြာတစ်ကောင်
အနက်ရောင်သွေးစက်များ
အစဉ်အလာအခက်အခဲတွေ
ကြယ်ရောင်၊ လရောင်တချို့နဲ့
လူသားဟာ
နှစ်ကာလတို့ကို ဖြတ်ကျော်လာခဲ့ပါပြီ။

ကိုးကွယ်မှုများစွာ
အယူအဆများစွာ
မုန်းတီးခြင်းများစွာ….မှ
တစ်နေ့တော့ ဖြစ်လာမှာပါ….အထိ
ငါက တင်ဆက်နေမိတယ်။

ဖြစ်နိုင်မယ်ဆို
မြန်မာနိုင်ငံမြေပုံကို
ငါ ပြန်ပြင်ချင်တယ်။
မန်ချက်စတာယူနိုက်တက်အသင်းမှာ
နည်းပြလုပ်ချင်တယ်။
ယက်ဖ်တူရှင်ကို နဲ့
လက်ဆွဲနှုတ်ဆက်ချင်တယ်။
နီကိုးကစ်မင်းရဲ့ လိင်ဆန္ဒအတွက်
တစ်ညလောက် အဖြည့်ခံဖြစ်ချင်တယ်။

ထစ်ချုန်းနေတဲ့ မနက်ဖြန်တွေမှာ
ခေတ်ကို ဦးဆောင်သော ကဗျာများနဲ့
ကမ္ဘာမြို့ကြီးတွေကို ကြေငြာလိုက်ပါရဲ့။

အပျော်တမ်း ဖဲကစားဖို့….
အပျော်တမ်းငရဲသွားဖို့…..
အပျော်တမ်း တော်လှန်ရေးလုပ်ဖို့ …..။

။ ၉ ။
အလို - ဟိုမှာ
ဘုရားခေတ်က
ကလေးတစ်ယောက်လို မျက်လုံးနဲ့
သူတို့ငါ့ကို ချောင်းကြည့်နေကြလေပြီ။ ။

| ဝေမှူးသွင် |

(ဒီကဗျာကို လက်ျာသုဒ္ဒရ နာမည်နဲ့ ၂၀၀၄ခုနှစ်တုန်းက ကဗျာဆရာတွေဖြစ်တဲ့ လှသန်း၊ ၀င်းမြင့်၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ နှင်းဝတ်ရည်သောင်းတို့ လေးယောက်ကို လက်ဆောင်ပေးဖူးကြောင်း ကျွန်တော့်ဒိုင်ယာရီထဲမှာ မှတ်တမ်းရှိတယ်။)

ဆိုလို ခရီးသွား


ဒီလက်လုပ်နိဗ္ဗာန်အတွက်
ဘယ်ကမ်းလှမ်းချက်ကမှ လူရာမဝင်ကြောင်း
“လူစီ”က ပြောလိုက်ပြီ။

သိမှုနဲ့ ဆင်ခြင်တုံတရားကို
မီးရှို့လိုက်တော့၊
ငါ့အရေပြားထဲက
စကားလုံးတွေ တိုးထွက်လာတယ်။

“ဒါမိုင်ကုန်ပဲ ကိုယ့်လူ . . .
ဂိတ်ကဆုံးနေပြီ”

လျှပ်စစ်လို ပြိုးပြက်လက်ရှနေသော
အပါယ်လမ်းပေါ်က မိုးကြိုးသွားဖတ်စာမှာ
စားဖားကြီးတွေ ကောင်းစားရေးပဲဆိုရင်တော့
ဆောရီးပဲ . . .
ဘာလုပ်ရမှာလဲ။

ခေတ်အဆက်ဆက် . . .
သမိုင်းအဆက်ဆက် . . .
ပုစ္ဆာအဆက်ဆက် . . .
အဖြူရောင်ပညာရှင်တွေ နှာစေးနေဆဲ၊
အနက်ရောင်သိုင်းသမားတို့က
လက်ကျန်ကွက်လပ်များပေါ်
အပျင်းပြေလမ်းသလားနေကြရဲ့။

ဒီလိုနဲ့ . . .
မကြာခင်ရောက်ရှိလာတော့မဲ့
တနင်္ဂနွေခမျာ
မဆီမဆိုင် အပြစ်ဖြစ်ရဦးမယ်။

လူတွေလည်း နတ်ပြည်ရောက်ဖို့
ကိုယ့်ဒုက္ခနဲ့ကိုယ်၊
ငါကိုယ်တိုင်လည်း
ဒါ့ထက်ပိုပြီး မရှုပ်ထွေးတတ်တော့ဘူး။    ။

| ဝေမှူးသွင် |

ထွက်ခွာရာပြပုဒ်

အခန်း ( ၁ )


          ကျွန်တော် သူမကိုဖွဖွလေးနမ်းခဲ့သည် ။ ကျွန်တော်သည် အနမ်းကို တိတ်ဆိတ်စွာ ထားရစ်ခဲ့သည် ။
ထိုနေ့က ကျွန်တော် သူမကိုဖွဖွလေးနမ်းခဲ့သည် ။ ထိုနေ့က ကျွန်တော်သည် အနမ်းကိုတိတ်ဆိတ်စွာ
ထားရစ်ခဲ့သည် ။ အဲ့ဒီနေ့မှာပဲ ကျွန်တော်က သဒ္ဒါဝါကျအထားအသိုများမှားယွင်းစွာဖြင့် အိမ်ပြန်ခဲ့ပါသည် ။



                                                                       အခန်း ( ၂ )


          သဇင်က ပြန်တော့မည်ဟုပြောခဲ့စဉ် ကျွန်တော်သည် သစ်ရွက်လေးတစ်ရွက်၏အသက်ရှူသံကို
နားစွင့်နေချိန်ဖြစ်သည်။ သူမ၏ နွေးထွေးသောမျက်ရည်တစ်စက်က ကျွန်တော်၏ဘယ်ဘက်ရင်အုံကို
ဂျယ်လီစက္ကူတစ်ရွက်ပမာ ပျော့ဖတ်နူးအိသွားစေခဲ့ပါ၏ ။

" ပြန်တော့မယ် . . . "
" . . . . . . . . . . . . . . . . . "
" ငါ . . . ပြန် . . . တော့ . . . မယ် "
" . . . . . . . . . . . .  . . . . . . .  . . . . . . . . "

          သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုဖြစ်သည့်အားလျော်စွာ သဘာဝကျကျပင် ကျွန်တော်တို့
မှုန်ဝါးပျောက်ကွယ်ခဲ့ကြသည် ။ စုတ်ပြဲသွားသော ကျွန်တော့ဘယ်ဘက်ရင်အုံလေးကို နှစ်သိမ့်ရင်း
ကြယ်တွေကို ကျွန်တော်ငေးကြည့်မိခဲ့သေး၏ ။ ထိုနေ့ကအပူချိန်သည် သာမန်ထက် အနည်းငယ်
ပိုနေသလား ( သို့မဟုတ် ) အနည်းငယ်လျော့နေသလားဆိုသည်ကို မမှတ်မိတော့သကဲ့သို့ပင်
ကျွန်တော်သိပ်မမှတ်မိတော့သည့် နောက်ထပ်အချက်တစ်ချက်မှာ သဇင့်မျက်နှာပေါ်မှ
မှဲ့နက်နက်ကလေး၏တည်နေရာကိုဖြစ်ပါသည် ။ နှုတ်ခမ်းအထက်နားမှာလား ၊ မေးဖျားမှာလား ၊
သိပ်မသေချာပါ ။ ထို့အပြင် ထိုနေ့သည် အင်္ဂါနေ့လား ၊ နေကြတ်ခဲ့သလား ၊ ရေနံဈေးနှုန်းတွေ
ရုတ်တရက်ထိုးကျသွားခဲ့သေးသလား ၊ တိမ်ထူထပ်တဲ့ကမ်းခြေတစ်နေရာမှာလား ။
သဇင်ပြန်သွားတာ ဘယ်ကိုလဲ ၊ မန္တလေးကိုလား ၊ အတိတ်ကိုလား ၊ အနာဂတ်ကိုလား ၊
သောကြာဂြိုလ်ဆီကိုလား ၊ ဘာဆိုဘာမှမသေချာပါ ။ အနည်းငယ်ပြန်တွေးကြည့်ရလျှင်တော့
ကျွန်တော်လည်း ပြန်လာခဲ့သည်ဟုထင်ရပါသည် ။ အဲ့ဒီနေ့က ကျွန်တော်ဘယ်ကိုပြန်လာခဲ့ပါလိမ့် ။

                                                                      အခန်း ( ၃ )

               ထိုစဉ်ကသူမကိုကျွန်တော်အခုလိုပြောခဲ့ဖူးသည်ဟု ထင်သည် ။
" လူ့ဘ၀ဆိုတာ အနည်းဆုံး . . . . . . . "  ဟုတ်ရဲ့လား ။ ငါပြောခဲ့သလား ။ ကျွန်တော်တွေဝေနေမိသည် ။
အချို့သောသန်းခေါင်ယံများတွင် ကျွန်တော်ပေါ့ဆစွာတွေးနေမိတတ်ပါသည် ။ ဟုတ်ရဲ့လား ။
ငါပြောခဲ့သလား ။ ကျွန်တော်အနည်းငယ် မူးရီဝေလာတော့ အလင်းအမှုန်တစ်ချို့က အဝေးဆီမှ
အပြေးအလွှားပြန်ရောက်လာ၏ ။
" လူ့ဘ၀ဆိုတာ အနည်းဆုံးဒိထက်တော့ ပိုသိပ်သည်းသင့်တယ်လို့ မင်းမထင်ဘူးလား "
" အဲ့ဒါ မေးခွန်းလား .... ဟုတ်လား "
" ထင်တာပဲ ၊ ဟုတ်ချင်မှလည်းဟုတ်မှာပေါ့ ၊ ဒါနဲ့ .. မှန်းစမ်း ၊ အင်း .....
  မင်းရှန်ပူအသစ် ပြောင်းသုံးနေပြန်ပြီလား "
" စိတ်ညစ်တယ်ကွာ ၊ သိလား ၊ အခုတလော အိပ်မက်တွေ မကောင်းဘူး "
" ကော်ဖီလေးတစ်ခွက်လောက် ဖျော်မပေးချင်ဘူးလားဟင် ၊ လိမ္မာပါတယ်ကွာ ... နော် "
" ဒါပဲနော် ၊ မင်းကိုငါသတိပေးထားရဲ့သားနဲ့  ၊ နောက်တစ်ခါ အဲ့ဒီမိန်းမနဲ့ .......
  ကြည့်လို့ကိုမရပါဘူး ၊ ဟွန်း ၊ ရယ်မနေနဲ့ ... အတည်ပြောတာ ...... ဖယ်ကွာ ....
  စကားအကောင်းပြောလို့ကိုမရဘူး .... ကဲ ... ဖယ် "

ဒါ ဘာတွေပါလိမ့် ။ ချိတ်ဆွဲထားသောပန်းချီကားများထဲမှ ပျစ်ချွဲသောအရောင်များ စီးကျလာနေသည် ။
အိပ်ရာပေါ်မှာအမှောင်တစ်ချို့ သေလျက်ရှိသည် ။ ဖွင့်ထားသောတီဗီမှ အမှိုက်သရိုက်များကို
မှုတ်ထုတ်လိုက်၏ ။ ကျွန်တော်ကအချိန်အချို့ကိုဖန်ခွက်ထဲထည့်ကာရေအနည်းငယ်
ရောစပ်ကြည့်လိုက်သောအခါ အ၀ါရောင်မီးခိုးများဝေ့၀ဲတက်လာကြလေသည် ။

                                                          အခန်း ( ၄ )

          မေးခွန်းများဖြင့် ငိုကြွေးတတ်သူတစ်ဦးကို သင်မြင်ဖူးပါစ ။ နေရောင်လရောင်ကင်းမဲ့သော
လွင်ပြင်တစ်ခုပေါ်တွင် သူနေထိုင်သည် ။ အဓိပ္ပါယ် ဆိုသောဝေါဟာရမရှိသည့်ဘာသာစကားဖြင့်
သူစကားပြောသည်။အရိပ် ၊ အေးစက်မှုနှင့် အခြားသောသစ်ရွက်များကို သူစားသောက်၏ ။
ကျွန်တော်တို့ဖြတ်လျှောက်လာနေကျ ထိုစင်္ကြန်လမ်းထောင့်တစ်နေရာတွင် အမည်မသိငှက်တစ်ကောင်
ပြုတ်ကျလာခဲ့ဖူးသည်ကိုတော့ အသေအချာမှတ်မိနေဆဲဖြစ်သည် ။
          သဇင်သည် " ပလုပ်တုပ် " ဟု မကြာခဏယောင်ယမ်းအော်ဟစ်မိတတ်သော ချစ်စဖွယ်ကောင်မလေး
တစ်ဦးဖြစ်ကြောင်းကိုလည်းအသေအချာမှတ်မိနေဆဲပင်ဖြစ်ပါသည် ။ ထို့ပြင်သာမက အောင်စာရင်း
ထွက်သောမနက်က သူမနှင့် ကျွန်တော်စားသောက်ခဲ့သောဆိုင်ကလေး၏ အမည်မှာ
ကံမကောင်းသောနံပါတ် ၁၃ ဟူ၍ဖြစ်ကြောင်း ကျွန်တော် မှတ်မိပါ၏ ။ ကျွန်တော်မှတ်မိနေခဲ့သော
စာရင်းများအရ သူမ၏အသားအရောင်မှာ နှင်းဆီရောင် ၊ အလင်း၏သွားနှုန်းမှာမသေချာခြင်း ၊
လစ်ဘရယ်ဝါဒဆိုသည်မှာ မစ္စတာအိပ်(က်)(စ်)တို့ဖြစ်ကြပြီး ကျွန်တော်၏မမှတ်မိခြင်းများအရမူ
. . . . . .  . . . . .  . . ဖြစ်ကြသည် ။
           မနက်ဖြန်၏ အစီအစဉ်များတွင် ဒေလီယာပန်းများ၏ ရုပ်ရှင် ၊ နှင်းရနံ့ ၊ ကြယ်ငါးများနှင့် သဇင်၏
ဈာပနအခမ်းအနားတို့ပါဝင်ကြောင်း TV Channel တစ်ခုကကြေငြာသွား၏ ။ ထိုအချိန်တွင် ကျွန်တော်က
ဟိုတယ်တစ်ခု၏အအေးခန်းထဲမှာ ငိုက်မျည်းလျက်ရှိပါသည် ။

                                                            အခန်း ( ၅ )

အရာဝတ္တုများသည် ကွာဝေးသွားလေလေပိုမိုတောက်ပလာလေလေဖြစ်ကြောင်း အမည်မသိတမန်တော်
တစ်ပါးက( ဘုရားသခင်၏နာမတော်အားဖြင့် ) ကျွန်တော့အားဟောကြားတော်မူလေသည် ။
ထိုတစ်ခဏအတွင်းအချစ်တို့လောင်မီးကျကုန်၏ ။ သဇင်ရေ . . . . . . .  . . . .  . ။
" Gavmont " ကုမ္ပဏီကထုတ်လုပ်တဲ့ပြင်သစ်ရုပ်ရှင်ကားလေးတစ်ကားကို ကြည့်ရှူသောအခါ လမ်းပေါ်မှာ
AKON သီချင်းတွေကို အော်ဆိုတဲ့အခါ ၊ ဂြိုလ်သိမ်တစ်လုံးရဲ့ အထုပတ္တိကိုဖတ်ရှုမိတဲ့အခါ
မင်းဘာကိုများ သတိရမှာပါလိမ့်။ ကျွန်တော်ကအနီးမှ ကြယ်ကလေးကိုလက်နှင့်တောက်ထုတ်လိုက်ပါ၏ ။
                ပြတင်းပေါက်တွင်မှီ၍သင်္ခါရတရားကဆေးလိပ်ဖွာနေသည် ။ သစ္စာနီ၏၀တ္တုတစ်ပုဒ်ထဲမှ
ဇာတ်လိုက်လိုလိုဟန်ဆောင်ထားသောထိုနေ့သည် သကြားခဲလိုချိုရဲနေဆဲပင် ။ နှင်းဆီရထားဆိုသည်မှာ
အဘယ်နည်း ။ သဇင်၏လက်ထဲတွင် စကြ၀ဠာတိုက်တစ်သောင်းရှိခဲ့ဖူး၏ ။ ကျွန်တော်နှင့် သဇင်တို့
ကမ်းပါးထက်တွင်မတ်တပ်ရပ်ခဲ့ကြသည့်ထိုနေ့က သူမ၀တ်ဆင်ထားပုံမှာ မာရီလင်မွန်ရိုးအလှနှင့်
ခြေလှမ်းငါးဆယ်သာကွာဝေးတော့သည် ။ ဆောင်းရာသီ၏အော်သံကို ရုတ်တရက် ကျွန်တော်
ကြားလိုက်ရသည် ။ ညထဲ၌ လမင်းသည်အနက်ရောင်ပီကေတစ်ခု ဖြစ်နေ၏ ။

ရထားသည် ကျွန်တော့အလွမ်းများကို တင်ဆောင်လျက် အဝေးသို့ တရွေ့ရွေ့ ထွက်ခွာ
ခုတ်မောင်းသွားလေတော့သည် ။
" ဘော်ဘူး ....... ဘော် .....!!! "
" ဒုတ်ဒုတ်ဂျိမ်းဂျိမ်း ၊ ဂျူံးဂျုံးဂျက်ဂျက် "
" ဒုတ်ဒုတ်ဂျိမ်းဂျိမ်း ၊ ဂျုံးဂျုံးဂျက်ဂျက် " ။     ။


| ဝေမှူးသွင် |
( Face Magazine ၊ March 2005 )